သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး ပြန်လွတ်လာမှု ကန် ဒုသမ္မတ အပါအဝင်နိုင်ငံတကာ ကြိုဆို


နိုင်ငံတော်အတိုင်ပင်ခံနှင့် အမေရိကန် ဒုတိယ သမ္မတ Mike Pence တို့ singapore တွင် ၂၀၁၈ နိုဝင်ဘာတုန်းကတွေ့ဆုံစဉ်
နိုင်ငံတော်အတိုင်ပင်ခံနှင့် အမေရိကန် ဒုတိယ သမ္မတ Mike Pence တို့ singapore တွင် ၂၀၁၈ နိုဝင်ဘာတုန်းကတွေ့ဆုံစဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းလိုက်ခဲ့ကြတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး အင်္ဂါနေ့မှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ဦးကို လွှတ်ပေးတဲ့ အပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတို့က ကြိုဆိုလိုက်ကြတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

အင်းစိန်ထောင်မှာ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပြီး နောက်မှာတော့ ရိုက်တာ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်္ဂါနေ့မှာ ပြန်လွတ်လာတဲ့ အပေါ် နိုင်ငံတကာက ကြိုဆိုလိုက်ပါတယ်။ ဝါရှင်တန်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အင်္ဂါနေ့က ကျင်းပတဲ့ လက်တင် အမေရိကတဝန်း အမေရိကန်ရဲ့ ခေါင်းဆောင်မှု ညီလာခံမှာ အမေရိကန် ဒုတိယ သမ္မတ Mike Pence က အခုလို ပြောဆိုခဲ့တာပါ။

“ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ ရိုက်တာ သတင်းထောက် နှစ်ယောက် ဖမ်းဆီး ထောင်ချခံထားရတာက သန်းနဲ့ချီတဲ့ အမေရိကန်တွေ အတွက် သိပ်ကို စိတ်မသက်မသာ ဖြစ်ရကြောင်းနဲ့ သူတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့လုပ်ရမယ့် အလုပ်ကို လုပ်ရင်း ထောင်ချခံခဲ့ရပြီး ရက်ပေါင်း ၅၀၀ ကျော် ထောင်ထဲမှာ နေခဲ့ရပြီးနောက်မှာတော့ ဒီကနေ့မှာ ရိုက်တာ သတင်းထောက် နှစ်ဦး လွတ်မြောက်လာပါတယ်။ ရိုဟင်ဂျာ တွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို သတင်းတင်ပြခဲ့ကြတာပါ။ အမေရိကမှာရော ကမ္ဘာတဝန်းမှာပါ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်တဲ့ သတင်းမီဒီယာ အပါအဝင် ဒီမိုကရေစီ အယူအဆတွေကို ယုံကြည်ကြပါတယ်။ နောက် သတင်းထောက် နှစ်ဦးကို လွှတ်ပေးတဲ့ အပေါ်မှာ ကြိုဆိုပါတယ်။ ဒီလို လွှတ်ပေးလိုက်တာဟာဆိုရင် လွတ်လပ်ပြီး လွှမ်းမိုးမှုကင်းတဲ့ သတင်းမီဒီယာ အပေါ်မှာ အပြုသဘောဆောင်တဲ့ လေးစားမှု သင်္ကေတ ဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။ ”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စကာၤပူမှာ လုပ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ဒုတိယ သမ္မတ Mike Pence က ရိုက်တာ သတင်းထောက်နှစ်ဦး အရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာ တွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို တင်ပြခဲ့တဲ့ အတွက် ထောင်ချခံရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာတာဟာဆိုရင် သတင်းကောင်းပါလို့ အင်္ဂါနေ့မှာ တွစ်တာလူမှုကွန်ယက်မှာလည်း အမေရိကန် ဒုတိယ သမ္မတ Mike Pence ကရေးသားခဲ့ပါတယ်။ ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီ စနစ်အတွက် သတင်းလွတ်လပ်ခွင့်နဲ့ ဘာသာရေး လွတ်လပ်ခွင့်က မရှိမဖြစ် ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောဆိုခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးဖို့ မြန်မာရဲ့ ဆုံးဖြတ်ချက် အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကလည်း ကြိုဆိုပါတယ်။ ရက်ပေါင်း ၅၀၀ ကျော် ထောင်ချခံရပြီးနောက် မိသားစုတွေနဲ့ သူတို့ပြန်ဆုံနိုင်အောင် သူတို့ကို လွှတ်ပေးတဲ့ အပေါ် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုရပြီး ထောင်ချခံထားရတဲ့ တခြား သတင်းထောက်တွေလည်း လွတ်မြောက်လာတာကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး အတွက် အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးက လွှတ်တော် အမတ်တွေကလည်း တိုက်တွန်း တောင်းဆိုခဲ့ကြတာပါ။

သတင်းရေးသား ဖော်ပြမှုကြောင့် ထောင်ဒဏ် ၇ နှစ် ကျခံဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထောင်ထဲမှာ တနှစ်ကျော် ကြာခဲ့ပြီးနောက် အခုလို လွတ်မြောက်လာတဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း ကြိုဆိုပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Stephane Dujarric ကတော့ အခုလို ပြောပါတယ်။

“ ရိုက်တာ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ လွတ်လာတဲ့ သတင်းကြောင့် အတွင်းရေးမှူးချုပ် အနေနဲ့ အတော်လေး စိတ်သက်သာရာ ရပါတယ်။ ”

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရ Ravina Shamdasani ကတော့

“ ဝလုံးနဲ့ ကျော်စိုးဦးတို့ လွတ်မြောက်လာတာက သတင်းကောင်းပါ။ ဒါပေမယ့် သူတို့ကို အစကတည်းက ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ဖို့ မသင့်ပါဘူး။ ”

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာသလိုဘဲ တခြား ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ သတင်းသမားတွေ သဘောထား ကွဲပြားသူတွေလည်း လွတ်မြောက်ဖို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

“ နိုင်ငံတွင်းမှာ သဘောထား ကွဲပြားသူတွေ နုတ်ပိတ်နေစေဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ရေး အတွက် တားမြစ်ကန့်သတ်တဲ့ ဥပဒေတွေသုံး လုပ်ဆောင်မှု အများအပြားထဲက တခုသာ ဖြစ်ပါတယ်။ လတ်တလော ဖြစ်နေတဲ့ အမှုတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲက တချို့ကို ပြောရမယ်ဆိုရင်တော့ နိုင်ငံ အဖွဲ့အစည်းအပေါ် သဘောထားကွဲပြားမှု- ဝေဖန်မှုကြောင့် ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာကို ပြီးခဲ့တဲ့ ဧပြီလက တရားစွဲဆိုထားပါတယ်။ ”

ထောင်ချခံရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦး လွတ်မြောက်ရေး တိုက်တွန်း ကြိုးပမ်းခဲ့သူ တဦး ဖြစ်တဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt ကလည်း

“ မတရားသဖြင့် ထောင် အကြာကြီး ချခံခဲ့ရတဲ့ ဝလုံးနဲ့ ကျော်စိုးဦး အတွင်းတော့ ဒါက ပျော်စရာ သတင်းပါ။ နောက် သတင်းလွတ်လပ်ခွင်ကို ထောက်ခံကြတဲ့ ကျနော်တို့ အားလုံးလည်း စိတ်သက်သာရာ ရတာပါ။ နောက် အခုအချိန်က ကမ္ဘာမှာ မီဒီယာ လွတ်လပ်ခွင့် ကျဆင်းနေချိန်မို့ ဒီကိစ္စက မျှော်လင့်ချက် ရောင်ခြည်သမ်းလာတာပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကဆိုရင် သတင်းထောက်တွေ သူတို့ အလုပ် သူတို့ လုပ်ရင်း သေဆုံးခဲ့ရသူ ၉၉ ယောက် ရှိပါတယ်။ အလေးထား ဆောင်ရွက်ဖို့ တကမ္ဘာလုံးက တက်တက်ကြွကြွနဲ့ ဆုံးဖြတ် လုပ်ကိုင်မယ်ဆိုရင် ရလဒ်တွေ ထွက်လာနိုင်တယ်ဆိုတာရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ”

သူအပါအဝင် တခြားသူတွေရဲ့ တိုက်တွန်းမှုတွေကို ထည့်သွင်းစဉ်းစား နားထောင်ပေးတဲ့ အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့မှာပါဝင်ခဲ့ပြီး ရိုက်တာ သတင်းထောက် နှစ်ဦး လွတ်မြောက်ရေး တိုက်တွန်း ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ ဗြိတိန်ဘုရင့်ကောင်စီ အဖွဲ့ဝင်ဟောင်း Lord Ara Darzi ကတော့ အခုလို ပြောပါတယ်။

“ အချိန်ယူခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံမှာက တရားစီရင်ရေး အပေါ်မှာ ခိုင်ခိုင်မာမာ ယုံကြည်ကြလို့ပါ။ အမှု တလျှောက်လုံးကို ကြည့်ရင်လည်း တရားဥပဒေကြောင်းအရ လုပ်သွားတာပါ။ ”

ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကတော့ အင်းဒင်ရွာမှာ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေထံက သတင်းရယူနိုင်ဖို့ ကြိုးပမ်းရင်း ဖမ်းဆီးပြီး တရားစွဲဆိုခံခဲ့ရတာပါ။ သူတို့ကိုတော့ နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ကျခံဖို့ တရားရုံးက အမိန့်ချမှတ်ခံခဲ့ရပါတယ်။ အမှုကို အဆင်ဆင့် အယူခံတက်ခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ရပြီး နောက်ဆုံးမှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG