နိုင်ငံတကာအသိုင်းအဝိုင်းက အလေးပေးအာရုံစိုက်ခဲ့တဲ့ အဖမ်းအဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးကို မြန်မာသမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်္ဂါနေ့က လွှတ်ပေးလိုက်တာဟာ သတင်းလွတ်လပ်ခွင့် တိုက်ပွဲရဲ့ အောင်ပွဲအဖြစ် ပူလစ်ဇာ ဆုပေးရွေးချယ်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်းတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
နိုင်ငံတော်ရေရှည် အကျိုးစီးပွားအတွက် ရိုက်တာသတင်းထောက်တွေကို လွှတ်ပေးလိုက်တာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမျူးချုပ် ဦးဇော်ဌေးကလည်း ပြောကြားခဲ့ပါတယ်။
မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။
အခုကြားခဲ့ရတာကတော့ အင်းစိန်ထောင်မှာ ရက်ပေါင်း ၅၁၁ ရက်နေခဲ့ပြီးနောက် လွတ်မြောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးက ထောင်ဘူးဝအထွက်မှာ သူကို စောင့်ကြိုနေကြတဲ့ သတင်းထောက်တွေကို ပြောသွားတာပါ။
သူပြောသွားတာက အားလုံးကို ကျေးဇူးတင်ပါကြောင်းနဲ့ သူ့မိသားစုနဲ့ အပေါင်းအသင်းတွေကို တွေ့ရဖို့ စိတ်လှုပ်ရှား ပျော်ရွှင်နေတယ်လို့ပြောသွားတာပါ။ ဒါအပြင် သူရဲ့သတင်းအလုပ်ခန်းကို အခုပဲသွားချင်နေကြောင်း ထောင်က ထွက်ထွက်ချင်း ကိုဝလုံးက ပြောသွားတာပါ။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး အင်းစိန်ထောင်ကနေ ထွက်လာတာကို နိုင်ငံတကာ သတင်းဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသနေတာကို ကြည့်ရှုနေကြတဲ့ ရိုက်တာသတင်းဌာန ဝန်ထမ်းတွေကလည်း အခုလို ထောင်က ထွက်ထွက်ချင်း သူ့ အလုပ်ကို ပြန်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်တဲ့ ကိုဝလုံးကို လက်ခုပ်တီး သြဘာပေးခဲ့ကြပါတယ်။
တတိယအသုတ်မြောက် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးသူတွေထဲ ရိုက်တာသတင်းထောက်နှစ်ဦး ကိုပါလွှတ်ပေးခဲ့ရတဲ့ အကြောင်းအရင်းကို ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်နေတဲ့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမျူးချုပ် ဦးဇော်ဌေးက မနေ့က သတင်းထောက်တွေကို အခုလိုပြောပါတယ်။
“ကျနော်တို့ ရိုက်တာ သတင်းထောက် ၂ ယောက်ပေါ့နော် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပါပါတယ်။ သူတို့ကလည်း ပြီးခဲ့တဲ့ မဏ္ဍိုင်၄ ရပ်အစည်းအဝေးမှာ မိသားစုဝင်တွေကလည်း စာပို့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံဆီလည်း ပို့တယ်။ နိုင်ငံတော်သမ္မတဆီလည်းပို့လာပါတယ်။ ပို့လာတဲ့အပေါ်မှာ လူကြီးတွေက နိုင်ငံတော်ရေရှည်အကျိုးစီးပွားအတွက် ရိုက်တာ သတင်းထောက် ၂ ယောက်ကို ပြန်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။”
သတင်းလွတ်လပ်ခွင့်မြှင့်တင်နေတဲ့ အထင်ကရအဖွဲ့ကြီးဖြစ်တဲ့ နယူးရောက်အခြေစိုက် ပူလစ်ဇာ ဆုရွေးချယ်ရေးအဖွဲ့ကလည်း ၂၀၁၉ ခုနှစ် ပူလစ်ဇာဆုရှင်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာတဲ့ အတွက် အလွန်ကို ကျေနပ်အားရမိကြောင်း ပူလစ်ဇာဆုရွေးချယ်ရေး ဘုတ်အဖွဲ့ တာဝန်ခံ Dana Canedy က ဗွီအိုအေကို အခုလိုပြောပါတယ်။
"လွတ်လပ်ပြီး ပွင့်လင်းတဲ့ သတင်းမီဒီယာ ရဲ့ အခြေခံမူတွေကို လက်ခံယုံကြည်သူတွေလိုပဲ၊ ကျမတို့အနေနဲ့ မြန်မာနိုင်ငံက ၂၀၁၉ ပူလစ်ဇာဆုရှင်တွေဖြစ်တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထောင်ထဲမှာ ရက်ပေါင်း ၅၁၁ ရက်နေခဲ့ပြီးနောက် လွတ်မြောက်လာတဲ့အတွက် ကျမတို့ အလွန်အင်မတန်မှ ကျေနပ် အားရမိပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ သတင်းလွတ်လပ်ခွင့်အတွက် သူတို့နှစ်ဦးဟာ နိုင်ငံတကာစံပြုထိုက်သူတွေအဖြစ် သတ္တိရှိရှိရပ်တည်ခဲ့ကြပါတယ်။ အင်မတန်ပြင်းထန်တဲ့ ဖိနှိပ်မှုအခြေအနေတွေ အောက်မှာ သတင်းပညာအပေါ် သူတို့ရဲ့ သံဓိဌာန် ခိုင်မာမှုကို ကျမတို့အားလုံး ဂုဏ်ယူလေးစားမိပါတယ်။"
ရိုက်တာသတင်းထောက်တွေ အခုလို လွတ်မြောက်လာတာဟာ သတင်းလွတ်လပ်ခွင့် တိုက်ပွဲရဲ့ အောင်ပွဲအဖြစ် ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Daniel Bastard က ပြောပါတယ်။
“ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်လာမှုဟာ မြန်မာနဲ့ ကမ္ဘာတလွှားမှာ သတင်းလွတ်လပ်ခွင့် အတွက် အောင်မြင်မှုတခုလို့ ပြောရမှာပါ။ ဒီလိုလွှတ်ပေးဖို့ တနှစ်ခွဲလောက် ကျနော်တို့ စောင့်မျှော်ခဲ့ ရတာပါ။ သူတို့တွေ လွှတ်ပေးဖို့ နိုင်ငံတကာမှာရော၊ ပြည်တွင်းမှာပါ မရပ်မနား ဝိုင်းဝန်း တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် အချိန်ကြာပြီး အဓိပ္ပါယ်မဲ့တဲ့ ခရီးရှည်ကြီးဖြတ်သန်းပြီးနောက် ဒါဟာ အောင်ပွဲတခုဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ သတ္တိကို ကျနော်တို့ မဖြစ်မနေ ဂုဏ်ပြုရမှာဖြစ်ပါတယ်။”
ဒါပေမဲ့လည်း ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကိုကြည့်ရင် မြန်မာအစိုးရက သတင်းသမားတွေကို ခြိမ်းခြောက်ရာရောက်နေတယ်လို့ Daniel Bastard ကသတိပေးသွားပါတယ်။
နယူးရောက်အခြေစိုက် CPJ သတင်းသမားများကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ကြီးကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး နောက်ဆုံးမှာ လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် အလွန်ပဲ စိတ်သက်သာရကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အစကတည်းကိုက သူတို့နှစ်ဦးကို ဖမ်းဆီး၊ ထောင်ချဖို့ မသင့်ကြောင်း CPJ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ Shawn Crispin က ပြောပါတယ်။
အလားတူ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ အခြေစိုက် National Press Club နိုင်ငံခြား သတင်းထောက်များအဖွဲ့ကလည်း အခုလို ရိုက်တာ သတင်းထောက် နှစ်ဦးလွတ်မြောက်လာ တဲ့အတွက် ဝမ်းမြောက်မိပေမယ့်လည်း အရင်ကတည်းကိုက သူတို့ကို အကျဉ်းချဖို့ မသင့်ဘူးလို့ ဥက္ကဌ Alison Fitzgerald Kodjak ကပြောပါတယ်။ ဒါအပြင် National Press Club ရဲ့ သတင်းလွတ်လပ်ခွင့်ဆုရှင်တွေဖြစ်တဲ့ သူတို့နှစ်ဦးကို ဝါရှင်တန်ကို ဖိတ်ခေါ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ မေလ (၇) ရက်နေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၅၂၀ မှာ ရိုက်တာသတင်းထောက်နှစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ထက်မနည်းလွတ်မြောက်လာကြောင်း မြန်မာအခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကပြောပါတယ်။