သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ တရားရုံးချုပ်စီရင်ချက် CPJ အကောင်းဖက် မျှော်လင့်


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (သြဂုတ်လ ၂၀၊ ၂၀၁၈ခုနှစ်)
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (သြဂုတ်လ ၂၀၊ ၂၀၁၈ခုနှစ်)

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ နောက်ဆုံးအယူခံနဲ့ ပတ်သက်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကနေ့ အင်္ဂါနေ့ စီရင်ချက်ချမှတ်ရာမှာ မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးက ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးအတွက် တရားစီရင်ရေး နောက်ဆုံးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဒီကနေ့ချမယ့် စီရင်ချက်အလားအလာနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အင်းစိန်အကျဉ်းထောင်မှာ ၁၆ လကြာရှိနေပြီဖြစ်တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို ရန်ကုန် ခရိုင်တရားရုံးကနေ ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ ဗြိတိသျှကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ ထောင်ဒဏ် (၇)နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။ သတင်းထောက်တွေဘက်ကလည်း သူတို့မှာ ဥပဒေကို ချိုးဖောက်တဲ့ ပြစ်မှုမရှိကြောင်း ရန်ကုန်တိုင်းတရားရုံးကို ပထမအယူခံ တင်ခဲ့ပြီးနောက် ဒီနှစ် ဇန်နဝါရီလမှာ တရားရုံးက ကြားနာခဲ့ပြီး သက်သေအခိုင်အလုံမပြနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အယူခံကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုက်တာသတင်းထောက်တွေရဲ့ အကျိူးဆောင်ရှေ့နေ ဦးခင်မောင်ဇော်ကတော့ ရန်ကုန်တိုင်းတရားရုံးရဲ့ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းမှာ အားနည်းချက် အမှားတွေရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။

အခုနောက်ဆုံး သတင်းထောက်တွေရဲ့ အယူခံကို နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်သွင်းခဲ့ပြီး မတ်လမှာ တရားသူကြီးက ကြားနာခဲ့ပါတယ်။

ဒီအယူခံနဲ့ ပတ်သက်လို့ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် (၉)နာရီခွဲကစပြီး စီရင်ချက်ချမယ့် အမှုတွေထဲ ဒုတိယမြောက်ဖြစ်ကြောင်းနဲ့ တရားသူကြီးနှစ်ဦးကနေ ဆုံးဖြတ်ချက်ချမှာဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အင်တာနက်ဝက်ဘက်ဆိုဒ်နဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အရင်ကချမှတ်ခဲ့တဲ့ စီရင်ချက်တွေကိုပယ်ဖျက် ပြီး ရိုက်တာသတင်းထောက်တွေကို ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Steve Butler က ဗွီအိုအေကိုပြောပါတယ်။

“ရိုက်တာသတင်းထောက်တွေအတွက် တရားစီရင်ရေးလမ်းကြောင်းအရ နောက်ဆုံးအခွင့်အလမ်းပဲဖြစ်ပါတယ်။ နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ အရင်စီရင်ချက်တွေကို ပယ်ဖျက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါကလည်း မှန်ကန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်တွေအတွက်လည်း တရားမျှတမှု ရရှိစေမှာဖြစ်တဲ့အတွက် ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ သတ္တိရှိရှိ ဥပဒေနဲ့အညီလွတ်လွပ်လပ်လပ် စီရင်နိုင်မယ်ဆိုရင် ရိုက်တာသတင်းထောက်တွေ လွတ်လာဖို့ မျှော်လင့်ကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးကပြောပါတယ်။

“ကျနော်တို့ကတော့ လွှတ်စေချင်တာပေါ့ဗျာ နိုင်ငံတကာဖိအားတွေလည်း များနေတယ်။ နောက်ပြီးတော့ တခါ ဥပဒေပိုင်းအရလည်း ခိုင်ခိုင်မာမာ ကိုယ့်ဘက်က တင်ပြထားတယ်ဆိုရင် တရားရုံးချုပ်ကနေ သင့်တော်သလိုစဉ်းစားပြီးတော့ ဒီအမှုကို လွှတ်ပေးသင့်တယ်လို့ ကျနော်တို့မြင်တယ်။ သို့သော်လည်း တဖက်က တရားစီရင်ရေးပိုင်းမှာက အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် သတ္တရှိရှိနဲ့ လုပ်နိုင်မလုပ်နိုင် ဆိုတာကို ထည့်သွင်းစဉ်းစားရမှာ ။ တရားရုံးချုပ်ကသာ ဥပဒေပြဌာန်းချက်တွေ သတ္တရှိရှိနဲ့ အမှန်တရားကို ဆုံးဖြတ်လိုက်တယ်ဆိုရင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးလွတ်လာမှာပေါ့လေ။”

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကတော့ သူတို့နှစ်ဦးကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလက ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်မှာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်းနဲ့ အစိုးရရဲ့ စွပ်စွဲချက်အားလုံးဟာလည်း မဟုတ်မှန်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အထူးသဖြင့် အစိုးရ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကနေ သတင်းထောက်တွေကို အမှုဆင် ဖမ်းဆီးဖို့ သူတို့ကို အထက်ရဲအရာရှိတွေက ညွန်ကြားထားပြီးသာဖြစ်ကြောင်း တရားရုံးရှေ့မှောက် အမှန်အတိုင်းထွက်ဆိုချက်ဟာ သတင်းထောက်နှစ်ဦးအပေါ် အစိုးရရဲ့စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘူးဆိုတာ ပိုပြီး ခိုင်မာစေတယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ အဲဒီလို ထွက်ဆိုခဲ့တဲ့အတွက်လည်း ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ရဲစည်းမျဉ်းစည်းကမ်းဥပဒေကို ချိုးဖောက်မှုနဲ့ အလုပ်က ထုတ်ပယ်ခဲ့တဲ့အပြင် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သလို၊ သူ့မိသားစုကိုလည်း ရဲဝန်ထမ်းအိမ်ယာကနေ အာဏာပိုင်တွေက အတင်းနှင်ထုတ်ခဲ့ပါတယ်။

ဒါအပြင် သူတို့နှစ်ဦး အမှုကို ရန်ကုန်ခရိုင်တရားရုံးက ကြားနာစစ်ဆေးစဉ်ကာလ တလျောက်လုံး မျက်မြင်သက်သေအဖြစ်ထွက်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီ၊ အမျိုးမျိုးဖြစ်နေခဲ့တဲ့အတွက်လည်း သူတို့နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာ ပေါ်လွင်စေတယ်လို့လည်း အကဲခတ်တွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကာလအတွင်း အင်းဒင် ရွာမှာ ရိုဟင်ဂျာရွာသား ၁၀ ဦး အသတ်ခံခဲ့ရတဲ့ သတင်းကို စုံစမ်းနေချိန်မှာ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ အင်းဒင်ရွာ အမှုနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ထိ ချမှတ်ခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အခုလို မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ သတင်းကို သတ္တိရှိရှိ စုံစမ်းဖေါ်ထုတ်ခဲ့တဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် အသက် (၃၉)နှစ်အရွယ် ကိုဝလုံး နဲ့ အသက် (၂၈)နှစ်အရွယ် ကိုကျော်စိုးဦးတို့နှစ်ဦးကို နိုင်ငံတကာသတင်းလောကမှာ အမြင့်ဆုံးဖြစ်တဲ့ ပူလစ်ဇာဆုကို ၂၀၁၉ခုနှစ်အတွက် အခြားရိုက်တာသတင်းသမားတွေနဲ့အတူ ပြီးခဲ့တဲ့ သတင်းပတ်က ဆုရွေးချယ်ရေးအဖွဲ့ကနေ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ဒါအပြင် ဧပြီလ ၁၀ ရက်နေ့ကလည်း ကုလသမဂ္ဂ UNESCO က Guillermo Cano ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကို သူတို့နှစ်ဦးကို ၂၀၁၉ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာ ၂၀၁၈ ခုနှစ်မှာလည်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်အခြေစိုက် Pen American အဖွဲ့က ချီးမြင့်တဲ့ Pen/Barbey Freedom to Write Award ဆု၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk ဆုတို့ကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG