သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ Pulitzer နိုင်ငံတကာသတင်းကဏ္ဍဆု ကိုဝလုံး၊ ကိုကျော်စိုးဦး တို့နဲ့အတူ ရိုက်တာသတင်းထောက်တွေရရှိ


၂၀၁၉ခုနှစ်အတွက် ပူလစ်ဇာဆုအဖြစ် ရွေးချယ်ခံရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပါဝင်တဲ့ ရိုက်တာသတင်းထောက်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းတင်ပြချက်
၂၀၁၉ခုနှစ်အတွက် ပူလစ်ဇာဆုအဖြစ် ရွေးချယ်ခံရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပါဝင်တဲ့ ရိုက်တာသတင်းထောက်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း သတင်းတင်ပြချက်

အမေရိကန်သတင်းစာနယ်ဇင်းလောကမှာ အထင်ကရ Pulitzer ဆုရှင် ၂၀၁၉ ခုနှစ် အမည်စာရင်း မှာ နိုင်ငံတကာသတင်း စုံစမ်းဖေါ်ထုတ်မှု အတွက် ရိုက်တာသတင်းထောက်အဖွဲ့နဲ့အတူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လဲ ပါဝင်ကြောင်း မနေ့ ဧပြီလ (၁၅)ရက်နေ့က ပူလစ်ဇာ ဆုရွေးချယ်ရေးအဖွဲ့က နယူးရောက် မှာ ကြေညာခဲ့ပါတယ်။

၂၀၁၇ က ရခိုင်ပြည်နယ်မှာ မြန်မာလုံခြုံရေးတပ်တွေ ပြစ်မှုကျူးလွန်မှုခဲ့တာတွေကို သတင်း ထုတ်ဖေါ်ရေးသားခဲ့တဲ့အတွက် လက်ရှိထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ သတ္တိ ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်တယ်လို့ ပူလစ်ဇာ ဆုရွေးချယ်ရေးဘုတ်အဖွဲ့ တာဝန်ခံက ပြောပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

၁၀၃ ကြိမ်မြောက် ပူလစ်ဇာဆုရှင်တွေအဖြစ် ဂုဏ်ပြုချီးမြှင့်မယ့်သူတွေရဲ့ အမည်စာရင်းကို ပူလစ်ဇာဆုရွေးချယ်ရေး ဘုတ်အဖွဲ့ တာဝန်ခံ Dana Canedy ကဧပြီလ (၁၅)ရက်နေ့မှာ ဗွီဒီယိုကနေတဆင့် ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာသာမက နိုင်ငံတကာ သတင်း၊စာနယ်ဇင်းလောကမှာ ဂုဏ်သတင်းကြီးတဲ့ နှစ်စဉ်ချီးမြှင့်နေတဲ့ ပူလစ်ဇာဆု မှာ သတင်းပညာသာမက စာရေးဆရာနဲ့ အနုပညာလောကမှာပါ ထူးချွန်ပြောင်မြောက်စွာ ရေးသားထုတ်ဖေါ်ခဲ့ကြသူတွေကို ခေါင်းစဉ်အလိုက် ရွေးချယ်ဂုဏ်ပြုတာဖြစ်ပါတယ်။

ဒီနှစ်အတွက် နိုင်ငံတကာသတင်းထောက် ဆု နှစ်ဆုအဖြစ် သတ်မှတ်ခဲ့ပြီး တဆုကို ယီမင်ပြည်တွင်းစစ်အတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို ဖေါ်ထုတ်တင်ပြခဲ့တဲ့ အေပီ သတင်းထောက်သုံးဦးကို ချီးမြှင့်မှာဖြစ်ပြီး နောက်တဆုကိုတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ ရိုက်တာသတင်းထောက်နှစ်ဦးပါဝင်တဲ့ ရိုက်တာသတင်းအဖွဲ့ကို ချီးမြှင့်မှာဖြစ်ကြောင်း Dana Canedy က အခုလိုကြေညာခဲ့ပါတယ်။

"ဒီနှစ် နိုင်ငံတကာသတင်းထောက်ကဏ္ဍဆု အတွက် ဆု (၂)ဆု ချီးမြှင့်မှာပါ။ တဆုကိုတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထူးထူးခြားခြား သတင်းဖေါ်ထုတ်မှုအပေါ် အအခြေခံပြီး သတင်းတင်ပြခဲ့တဲ့ ရိုက်တာသတင်းထောက်အဖွဲ့ကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေကို စနစ်တကျနဲ့အတင်းအဓမ္မ မောင်းထုတ်၊ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ်ဖွဲ့ဝင် တပ်စုတွေနဲ့ ဗုဒ္ဓဘာသာဝင် ရွာသားတွေကို သူတို့နှစ်ဦး အသေအချာ စုံစမ်းဖေါ်ထုတ်တင်ပြနိုင်ခဲ့ပြီး၊ အဲဒီလို သတ္တိရှိရှိ စုံစမ်းရေးသားခဲ့တဲ့အတွက် ဒီရိုက်တာသတင်းထောက်နှစ်ဦးလုံး ဟာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ထားရပါတယ်။"

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

အခုလို မြန်မာသတင်းထောက်နှစ်ဦး ကမ္ဘာကျော် ပူလစ်ဇာဆု ချီးမြှင့်ခံရတာဟာ သူတို့နဲ့ ထိုက်တန်လို့ဖြစ်ကြောင်း မြန်မာသတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ သတင်းမီဒီယာလောကမှာက ပူလစ်ဇာဆုဆိုတာ ဂုဏ်ယူထိုက်တဲ့ တကယ့်ကို အမြင့်ဆုံးဆုလို့ပဲ နားလည်တယ်။ အဲဒီလို ဆုတွေကို ရတယ်ဆိုတော့ သူတို့လုပ်ထားတဲ့ ၊ သူတို့ ကြိုးစားထားတဲ့ ရလဒ်တွေကို နိုင်ငံတကာက အသိအမှတ်ပြုတယ် ချီးမြှင့်တယ် ဆိုတော့ ကောင်းတဲ့ကိစ္စတွေပေ့ါ အဲလို ပဲမြင်ပါတယ်။

မအင်ကြင်းနိုင်။ ။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့နော် အခု ဒီဧပြီလ ဆုချီးမြှင့်ရွေးချယ်တဲ့အချိန် မြန်မာနိုင်ငံမှာလည်း မြန်မာ့ရိုးရာနှစ်သစ်ကူးအချိန် ထုံးစံအတိုင်း နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့ အချိန်ကာလလည်း ရောက်လာတော့မယ်ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး သူတို့ ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်နိုင်မလွှတ်နိုင် ဆရာဘယ်လို သုံးသပ်ပါသလဲ။

ဦးစည်သူအောင်မြင့်။ ။ အခုလက်ရှိမှာတော့ သူတို့ နှစ်ဦးရဲ့ အမှုဟာ အမြင့်ဆုံးတရားရုံးမှာ အယူခံတင်ထားတယ်။ ဒါကို နှစ်ဖက် ကြားနာပြီးတော့မှ စီရင်ချက်ချဖို့အတွက် စောင့်ဆိုင်းနေတဲ့ အချိန်ပေါ့လေ။ ဆိုတော့ ဒီလိုအချိန်မျိုးမှာ ကျနော်နားလည်သလောက်ကတော့ လွှတ်ပေးတဲ့အလေ့အထကတော့ သိပ်မရှိဘူးပေါ့။ စီရင်ချက် ချပြီးသွားပြီဆိုရင်တော့ အဲဒါတွေက ပြန်ပြီးတော့ မျှော်လင့်နိုင်တာပေါ့နော် အဲလိုကျနော်နားလည်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒါဆိုရင် သူတို့လွှတ်လာနိုင်တဲ့ လမ်းကြောင်းအနေအထားကိုရော ဘယ်လိုမြင်သလဲရှင့်။

ဦးစည်သူအောင်မြင့်။ ။မျှော်လင့်စရာတွေရှိပါတယ်။ အမြင့်ဆုံးတရားရုံးဆိုတဲ့အခါကျတော့ သူတို့အမှုကို သေသေချာချာပြန်ပြီးတော့ စိစစ်မယ် လေ့လာမယ် ၊ သုံးသပ်မယ်။ ဒီနေရာမှာလည်း မျှော်လင့်လို့ရပါတယ် သူတို့ပြန်ပြီးတော့ လွတ်မြောက်ဖို့အတွက် မျှော်လင့်ချက်ရှိပါတယ်။ အကယ်၍များ အဲဒီမှာ မရှိခဲ့ဘူးဆိုရင် နောက် နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်ရမှာပါပဲ။

ရိုက်တာသတင်းအယ်ဒီတာချုပ် Steven J. Adler က လည်း အခုလို ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နဲ့အတူ သူတို့ရဲ့ ရောင်းရင်း ရိုက်တာသတင်းထောက်တွေ အခုလို သတ္တိရှိရှိ၊ သတင်းယူမှုအတွက် ဂုဏ်ပြုခြင်း ခံရတာကို သူ့အနေနဲ့ ဝမ်းမြောက်မိပေမဲ့၊ ဒီသတ္တိရှိလှတဲ့ သတင်းထောက် ၂ ဦး ဆက်ပြီး အကျဉ်းကျ ခံနေရတဲ့အတွက် လွန်စွာ စိတ်ဆင်းရဲနေရကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာသတင်းတွေ ထုတ်ဖေါ်တင်ပြရာမှာ ထင်ရှားတဲ့ သာဓက အဖြစ် စံနမူတင်နိုင်လောက်တဲ့ အပြင် သတင်းပညာ ကျင့်ဝတ်နဲ့အညီ ရေးသားတင်ဆက်နိုင်တဲ့ ထူးချွန်တဲ့ နိုင်ငံတကာသတင်းသမားတွေကို ပူးလစ်ဇာဆုအဖွဲ့ကြီးက နှစ်စဉ်ရွေးချယ် ဂုဏ်ပြုတာဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ပူးတွဲချီးမြှင့်တာဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ကြီးကနေ သတင်းစာနယ်ဇင်း ပညာရပ်မြှင်တင်တဲ့အနေနဲ့ ၁၉၁၇ခုနှစ်က စတင်ပြီး သတင်းစာထုတ်ဝေသူ Joseph Pulitzer ကကြီးမှူးတဲ့ ပူလစ်ဇာဆုကို ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပြီး ဆုရရှိတဲ့ အမည်စာရင်းကို အခုလို ဧပြီလလယ်မှာ ကြေညာပြီးနောက် ကိုလံဘီယာတက္ကသိုလ် အဓိပတိ ကိုယ်တိုင်ချီးမြှင့်တဲ့ ဆုပေးပွဲနဲ့အတူ နေ့လည်စာအခမ်းအနားကိုတော့ ကိုလံဘီယာတက္ကသိုလ် ပရဝုဏ်အတွင်း မေလမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အခုလို နာမည်ကျော် ပူလစ်ဇာဆုအဖြစ် ချီးမြှင့်ခံရသူ မြန်မာတွေထဲ ၂၀၁၆ခုနှစ် ပူလစ်ဇာ အများအကျိူးဆောင်ဆုအတွက် မြန်မာသတင်းထောက် ကချင်တိုင်းရင်းသူ Esther Htusan ပါဝင်တဲ့ အေပီသတင်းဌာနအဖွဲ့က ရရှိခဲ့သလို၊ ၂၀၁၈ ပူလစ်ဇာ သတင်းမှတ်တမ်းဓါတ်ပုံဆု အတွက် မြန်မာဓါတ်ပုံသတင်းသမား ကိုစိုးဇေယျထွန်း ပါဝင်တဲ့ ရိုက်တာ ဓါတ်ပုံသတင်းထောက် အဖွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG