သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ Pulitzer နိုင်ငံတကာသတင်းယူမှု ထူးချွန်ဆုရှင်တွေထဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပါဝင် 


ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့

အမေရိကန်သတင်းမီဒီယာ ထူးချွန်မှုအတွက် အထင်ကရ အကျဆုံး ဆုတွေထဲက တခုဖြစ်တဲ့ Pulitzer ဆု ၂ ဆုကို ရိုက်တာသတင်းဌာနက တနင်္လာနေ့က ချီးမြှင့်တာ ခံခဲ့ရပါတယ်။

တခုက ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ မြန်မာလုံခြုံရေးတပ်တွေနဲ့ ရွာသားတချို့ ရိုဟင်ဂျာ ဆယ်ဦး အစုလိုက် သတ်ဖြတ်မှုကို ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က အသတ်ခံရတဲ့ ရိုဟင်ဂျာတွေက် မြှပ်နှံထားရာ နေရာအကြောင်းကို သတင်းစုံစမ်းထောက်လှန်းမှုအတွက် ဖြစ်ပြီး ကျန်တခုကတော့ အမေရိကန် နယ်စပ်မှာ ရွှေ့ပြောင်း အခြေချသူများအကြောင်း ရိုက်ကူးတဲ့ ဓါတ်ပုံတွေအတွက် ဖြစ်ကြောင်း Pulitzer ဆု တာဝန်ခံက ကြေညာခဲ့ပါတယ်။

ရိုက်တာသတင်းအယ်ဒီတာချုပ် Steven J. Adler က အခုလို သတင်းစုံစမ်း ထောက်လှန်းမှု အတွက် အသိမှတ်ပြုတာကို ကျေးဇူးတင် ပေမယ့် တချိန်ထဲမှာပဲ ဒီသတင်းတွေရဲ့ အခြေခံဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ အလယ်အမေရိကတိုက် ပြောင်းရွှေ့အခြေချသူတွေ အရေးကိုလည်း နိုင်ငံတကာက အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နဲ့အတူ သူတို့ရဲ့ ရောင်းရင်း ရိုက်တာသတင်းထောက်တွေ အခုလို သတ္တိရှိရှိ၊ သတင်းယူမှုအတွက် ဂုဏ်ပြုခြင်း ခံရတာကို သူ့အနေနဲ့ ဝမ်းမြောက်မိကြောင်း ပြောပေမယ့် ဒီသတ္တိရှိလှတဲ့ သတင်းထောက် ၂ ဦး ဆက်ပြီး အကျဉ်းကျ ခံနေရတဲ့အတွက် လွန်စွာ စိတ်ဆင်းရဲနေရကြောင်း ပြောကြားခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြီးခဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီးခံရပြီး၊ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖေါက်မှုနဲ့ မနှစ်က စက်တင်ဘာလမှာ ထောင် ၇ နှစ်အချခံထားရပြီး သူတို့ရဲ့ အမှုအတွက် နောက်ဆုံးအဆင့်အယူခံကို နိုင်ငံတော် တရားရုံးချုပ်က ကြားနာဖို့ ပြီးခဲ့တဲ့လမှာ လက်ခံခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့၂ ဦးဟာ သတင်းယူဖို့ ရှေ့တန်းမှာ ရုန်းကန်မှုအတွက် ၂၀၁၈ Aubuchon သတင်းလွတ်လပ်ခွင့် ဆု၊ PEN America ကချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်အတွက် PEN/ Barbey Freedom to Write ဆုအပြင် ဧပြီလ ၁၁ ရက်နေ့ကလည်း ကုလသမဂ္ဂ UNESCO ရဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကိုပါ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

နိုင်ငံတကာ သတင်းယူမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ က Pulitzer ဆုကို အင်ဒိုနီးရှားကျွန်းပေါ်မှာ မြန်မာရေလုပ်သားတွေ ဖမ်းဆီးကျွန်ပြုခံရ မှု သတင်းယူခဲ့တဲ့ AP သတင်းထောက်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကချင်တိုင်းရင်းသူ AP သတင်းထောက် Esther Htu San လည်း ရရှိခဲ့ပါတယ်။

၂၀၁၈ မေလတုန်းကလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ ပဋိပက္ခ သတင်းမှတ်တမ်းတင် ဓါတ်ပုံတွေအတွက် မြန်မာဓါတ်ပုံသတင်းသမား ကိုစိုးဇေယျထွန်း ပါဝင်တဲ့ ရိုက်တာ ဓါတ်ပုံသတင်းထောက် အဖွဲ့ဟာ သတင်းမှတ်တမ်းဓါတ်ပုံ Pulitzer ဆု အချီးမြှင့်ခံခဲ့ရပါတယ်။

ဒီ Pulitzer ဆုကို ၁၉၁၇ ခုနှစ်က သတင်းစာထုတ်ဝေသူ Joseph Pulitzer က စတင်မတည်ခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် ၁၈ ဦးပါ Pulitzer ဘုတ်အဖွဲ့မှာ Pulitzer ဆုရှင်များအပြင် အထင်ကရ သတင်းသမားများနဲ့ အတတ်ပညာရှင်များ ပါဝင်ကြပြီး သတင်းယူမှုမှာ ကဏ္ဍ အသီးသီးမှာ ထူးချွန်ဆုတွေကို ချီးမြှင့်တာဖြစ်ပါတယ်။ ဆုကြေးက အမေရိကန်ဒေါ်လာ တသောင်းခွဲဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာသတင်းထူးချွန်ဆုကို ရိုက်တာသတင်းဌာနအပြင် ယီမင်ပြည်တွင်းစစ်အတွင်း ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ဖေါ်ထုတ်ခဲ့တဲ့ AP သတင်းဌာနကလည်း ရရှိခဲ့ပါတယ်။

XS
SM
MD
LG