သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရိုက်တာအယ်ဒီတာချုပ် ဂုဏ်ပြု


အီသီယိုပီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညီလာခံမှာ UNESCO ကချီးမြှင့်တဲ့ ၂၀၁၉ခုနှစ် Guillermo Cano ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆုကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကိုယ်စား လက်ခံရယူနေတဲ့ ကိုဝလုံးညီဖြစ်သူ ကိုသူရအောင်
အီသီယိုပီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညီလာခံမှာ UNESCO ကချီးမြှင့်တဲ့ ၂၀၁၉ခုနှစ် Guillermo Cano ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆုကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကိုယ်စား လက်ခံရယူနေတဲ့ ကိုဝလုံးညီဖြစ်သူ ကိုသူရအောင်

နှစ်ရှည်ထောင်ဒဏ်ကျနေတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ကုလသမဂ္ဂ UNSECO ကနေ Guillermo Cano ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကို မေလ (၃)ရက်နေ့က အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ညီလာခံမှာ ဂုဏ်ပြုချီးမြှင့် ခဲ့တဲ့အတွက် ကုလသမဂ္ဂရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း ရိုက်တာသတင်းဌာန အကြီးအကဲ Steve Adler ကပြောပါတယ်။

အင်တာနက် Facebook ကနေ အမုန်းတရားတွေ ဖြန့်ဝေမှုကြောင့် ပဋိပက္ခတွေ ပိုပြီးဆိုးဝါးစေခဲ့တဲ့ မြန်မာနိုင်ငံမှာ အစိုးရကိုယ်တိုင်လည်း Facebook ကို သူတို့ရဲ့ မူဝါဒ၊ သတင်းအချက်အလက်တွေကို အဓိကဖြန့်ဖြူးတဲ့နေရာ အဖြစ် အသုံးချနေကြောင်းလည်း Steve Adler က ဝေဖန်ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ မေလ (၃)ရက်နေ့က UNESCO နဲ့ DGC ကုလသမဂ္ဂ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့တို့ ပူးတွဲကျင်းပတဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ အထိမ်းအမှတ်အခမ်းအနားမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို UNSECO က ၂၀၁၉ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုပေးအပ်ခဲ့တဲ့အတွက်ကျေးဇူးတင် ဂုဏ်ပြုကြောင်းရိုက်တာသတင်းဌာန အယ်ဒီတာချုပ် Steve J. Adler က အခုလိုပြောပါတယ်။

“သတင်းသမားတွေတိုင်းလုပ်ရမယ့် အလုပ်ကို သူတို့ လုပ်ခဲ့တဲ့အတွက် အကျဉ်းထောင်ထဲ ရောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက် အရေးကြီးဆုံးဖြစ်တဲ့ မှန်ကန်တိကျပြီး သတင်းအချက်အလက်ရဖို့သူတို့ စုဆောင်းခဲ့တာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းကို သူတို့ စုံစမ်း ထုတ်ဖေါ် ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီလူတွေသတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေကို သူတို့လက်ခံရရှိခဲ့တာပါ။”

ဒါကြောင့် အသက် ၄၅ နှစ်ကနေ ၁၇ နှစ်အရွယ်ထိ ပါတဲ့ လူ (၁၀)ဦး အသတ်ခံရတာကို ရိုက်တာသတင်းထောက်နှစ်ဦး အသေအချာ သိခဲ့တဲ့အတွက်ကြောင့်ပဲ သူတို့နှစ်ဦးကို အစိုးရက ဖမ်းဆီးပြီး၊ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ကြောင်းနဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲ ပြီး နှစ်ရှည် ထောင်ဒဏ်အပြစ်ပေးခဲ့တာဖြစ်တယ်လို့ Steve Adler ကပြောပါတယ်။

သူတို့ကို ထိန်းသိမ်းထားတာ ရက်ပေါင်း (၅၀၈) ရက်ရှိနေပြီး သူတို့လွတ်မြောက်ရေးအတွက် နေ့တိုင်းကြိုးစားနေသလို၊ ကုလသမဂ္ဂအနေနဲ့ အခုလို ရိုက်တာသတင်းထောက်တွေ လွှတ်ပေးဖို့ ပူးပေါင်း ကူညီဆောင်ရွက်ပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါကြောင်း Steve Adler ကဆိုပါတယ်။

ဒါအပြင် သတင်းအမှန်အမှားတွေကို နည်းပညာနဲ့ အလွယ်တကူဖြန့်ဝေနိုင်တဲ့ ဆိုရှယ်မီဒီယာနဲ့ အချက်အလက်မှန်ကန်မှုရှိမရှိ စိစစ်ပြီးမှ သတင်းကျင့်ဝတ်နဲ့အညီ ရေးသားပြောဆိုတဲ့ သတင်းမီဒီယာ မတူကွဲပြားမှုကို Steve Adler က အခမ်းအနားမှာ ပြောသွားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာကိုပဲ အားကိုးအသုံးပြုနေတဲ့အတွက် အန္တရာယ်ကြီးကြောင်း Steve Adler က အခုလိုပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာဆိုတာ အင်တာနက်ပဲဖြစ်ပါတယ်။ လူဦးရေသန်းပေါင်း ၅၃ သန်းရှိတဲ့အထဲမှာ သန်း ၂၀ လောက်က Facebook သုံးစွဲနေတာပါ။ အစိုးရအတွက်လည်း သူတို့ရဲ့ မူဝါဒ၊ သတင်းအချက်အလက် အမှန် ဒါမှမဟုတ် အမှားတွေ ဖြန့်ဝေဖို့ Facebook က အဓိက နေရာဖြစ်ပါတယ်။ အမုန်းစကားပွားများဖို့၊ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေနဲ့ပတ်သက်လို့ မနှစ်မြို့စေဖို့၊ ဒါအပြင် သတင်းမီဒီယာတွေအပေါ် ဆန့်ကျင်မှုအမြောက်အများကို ဖြန့်ဝေဖို့ Facebook က အဓိက နေရာဖြစ်နေပါတယ်။”

၂၀၁၉ခုနှစ် သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အတွက် အဓိကမီးမှောင်ထိုးပြတဲ့ အချက်ကလည်း အန္တရာယ်ကြီးပြီး ဒီမိုကရေစီ စနစ်ကို ခြိမ်းခြောက်လာတဲ့ သတင်းအတု အယောင်ဖြန့်ဝေမှု ကိစ္စဖြစ်ပါတယ်။

အလားတူ နှစ်ပေါင်း (၁၂)ကြာပြီးနောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့်မှာ တရှိန်ထိုးမြင့်တက်ခဲ့တဲ့ အီသီယိုးပီးယား နိုင်ငံမှာ ပထမဆုံးအကြိမ် ကုလသမဂ္ဂနဲ့ ပူးပေါင်းကျင်းပတဲ့ မေလ (၃)ရက်နေ့က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ နိုင်ငံတကာညီလာခံမှာ အကျဉ်းကျနေတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကိုUNSECO ကနေ Guillermo Cano ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် ဆုကို ဂုဏ်ပြုအခမ်းအနားနဲ့ ချီးမြှင့်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ကိုဝလုံးရဲ့ ညီဖြစ်သူ ကိုသူရအောင်နဲ့အတူ မြန်မာသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ကိုမြင့်ကျော်နဲ့ Human Rights Tulip Award ဆုရှင် လူ့အခွင့်အရေးလှုပ်ရှားသူ မောင်ဆောင်းခတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ကိုယ်စား ဆုကို လက်ခံရယူခဲ့တဲ့ ကိုသူရအောင်ကတော့ အခမ်းအနားမှာ အခုလို ပြောသွားပါတယ်။

“ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ ဖြစ်ရပ်မှန်တွေကို ပြောပြဖို့အတွက်ပဲ သူတို့ သတင်းလိုက်ခဲ့တာပါ။ ဒီသတင်းဟာ မြန်မာရော ကမ္ဘာကပါ သိသင့်သိထိုက်တဲ့ သတင်းဖြစ်တယ်လို့လည်း သူတို့ကမြင်ပါတယ်။ အပြောင်းအလဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်လာဖို့ ငယ်ရွယ်တဲ့ သတင်းထောက်တွေအနေနဲ့ တက်နိုင်တဲ့ဘက်က တာဝန်သိသိ ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ သူတို့ကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၇)နှစ်စီ အပြစ်ပေးခဲ့ပါတယ်။”

UNESCO က ချီးမြှင့်တဲ့ ဆုမှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ လည်းပါဝင်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ၂၀၁၉ခုနှစ်အတွက် ပူလစ်ဇာဆုချီးမြှင့်ခံထားရသလို၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk အပြင် ၂၀၁၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Pen American အဖွဲ့က ချီးမြှင့်တဲ့ Pen/Barbey Freedom to Write Award ဆု ကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG