သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့နှိပ်ကွပ်ခံရဆုံး သတင်းသမားတွေစာရင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပါဝင်


မေ လ ၃ ရက် သောကြာနေ့မှာ ကျရောက်မယ့် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အတွက် ရည်ရွယ်ပြီး One Free Press Coalition အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာတဝှမ်း အနှိပ်ကွပ်ခံနေရတဲ့ သတင်းသမားတွေထဲက အရေးတကြီး အဖြစ်ဆုံး သတင်းသမား ၁၀ ဦးထဲမှာ မြန်မာနိုင်ငံမှာ ရခိုင်ပဋိပက္ခ အရေး သတင်းယူမှုကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဥပဒေနဲ့ အရေးယူ ခံခဲ့ရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါဝင်ပါတယ်။

AP, Reuters, Forbes နဲ့ Time အပါအဝင် နာမည်ကြီး သတင်းဌာနတွေ စုပေါင်းပြီး ဒီနှစ် စောစောပိုင်းက ဆွစ်ဇာလန် နိုင်ငံ၊ Davos မှာကျင်းပခဲ့တဲ့ World Economic Forum မှာ နိုင်ငံတကာ မီဒီယာညီလာခံကြီး မှာဖွဲ့စည်းခဲ့တဲ့ One Free Press Coalition သတင်း လွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့ရဲ့ တတိယအကြိမ် ထုတ်ပြန်ချက်မှာ အခုလို ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ပြည်သူတွေကို သတင်းတွေ တင်ပြနိုင်ဖို့ ကြိုးပမ်းမှုကြောင့် အဖမ်းဆီးခံ၊ အနှိပ်စက်ခံ၊ အသတ်ခံခဲ့ရတဲ့ ကမ္ဘာတဝှမ်းက သတင်းသမားတွေရဲ့ အခြေအနေတွေကို အဆက်မပြတ် သိနေနိုင်အောင် One Free Press Coalition ညွန့်ပေါင်းအဖွဲ့က လစဉ် ထုတ်ပြန် နေတာ ဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့ရဲ့ တတိယအကြိမ် ထုတ်ပြန်တဲ့ အနှိပ်ကွပ်ခံ အရေးတကြီး သတင်းသမားတွေ စာရင်းထဲမှာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုကို သတင်းယူမှု အတွက် မကြာသေးမီ က Pullitzer ဆု ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ထောင် ၇ နှစ်ချခံထားရတဲ့ Reuter သတင်းထောက် နှစ်ဦး တို့ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အပြင် တူရကီနိုင်ငံက ဆော်ဒီသံရုံးမှာ အသတ်ခံလိုက်ရတဲ့ Jamal Khashoggi နဲ့ တန်ဇန်းနီးယား၊ နီကာရာဂွါ၊ ကိုလံဘီယာ၊ အိန္ဒိယ၊ ကင်မရွန်း၊ တောင်ဆူဒန်နဲ့ အီဂျစ်နိုင်ငံတွေက သတင်းသမားတွေ ပါဝင်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Gueterres ကလည်း သတင်းလွတ်လပ်ခွင့်ဟာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ရေရှည်ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်ရေး ဆိုင်ရာတွေ အတွက် အဓိက အရေးပါကြောင်း ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အတွက် အမှာစကား ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG