သုံးရလွယ်ကူစေသည့် Link များ

ရိုက်တာသတင်းထောက်အမှုစီရင်ချက် လွတ်လပ်မျှတဖို့ မျှော်လင့်


နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးအမှု အပြစ်ရှိ-မရှိ မနက်ဖြန် စက်တင်ဘာလ ၃ရက်နေ့ တရားရုံးက ချမှတ်မယ့် စီရင်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားရေးစီရင်မှုနဲ့ မီဒီယာလွတ်လပ်ခွင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု သတင်းသမားတွေ ပြည်သူ့အစိုးရလက်ထက် ရင်ဆိုင်နေရတဲ့ ပကတိအခြေအနေမှန်ကို မီးမောင်းထိုးပြမယ့်အနေအထားဖြစ်တယ်လို့ သတင်းသမားတွေနဲ့ လွတ်လပ်ခွင့်လှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ကြပါတယ်။ ဖမ်းဆီးခံသတင်းသမားတွေ လွတ်မြောက်ရေးအပါအဝင် ပြည်သူတွေ သတင်းမှန်သိရှိခွင့်ရရှိရေး၊ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားတင်ပြခွင့် ရရှိရေး သတင်းမီဒီယာသမားတွေ နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီးလည်း အစိုးရကို တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူ့အသံကို ပြည်သူ့အစိုးရဘက်က အလေးထားစဉ်းစားဖို့ မျှော်လင့်တယ်လို့လည်းဆိုပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးအမှု အပြစ်ရှိ-မရှိ မနက်ဖြန် စက်တင်ဘာ ၃ရက်နေ့မှာ စီရင်ချက်ချတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ စီရင်ချက်ချမယ့် တရားသူကြီး နေမကောင်းဖြစ်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့နှစ်ဦးကို စီရင်ချက်ချမယ့်ရက်ရွှေ့ဆိုင်းခဲ့ကြတာပါ။ ဒီမိုကရေစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် တရားစီရင်ရေးအခြေအနေ-သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ထင်ဟပ်ပြသမယ့် ဒီ သတင်းထောက်နှစ်ဦးရဲ့ အမှုစီရင်ချက်ကို နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့အချိန်မှာတော့- ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ အမှန်တရားဘက်ကို ရပ်တည်စေချင်ပါတယ်လို့ သတင်းသမားကာကွယ်စောင့်ရှောက်သူများ အဖွဲ့ PCMJ က ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

"စစ်တပ်နဲ့ ရင်ကြားစေ့ရေးလုပ်ရင်နဲ့ ကိုယ့်ဒီမိုကရေစီအင်အားစုနဲ့ သတင်းသမားတွေကို စတေးခံမလားပေါ့နော် ။ စတေးခံမယ်ဆိုရင်လည်း သူတို့သမိုင်းဖြစ်သွားမှာပေါ့နော်။ အဲဒီတော့ ပြည်သူရွေးချယ်တင်မြောက်ခဲ့တဲ့ အစိုးရလက်ထက်မှာ ပုဂ္ဂလိက သတင်းမီဒီယာသမား ၂ ယောက်က စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေကို ဖော်ထုတ်ရင်းနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ထောင်ခုလိုက်တယ်ဆိုတဲ့ သမိုင်းက အမဲစက်ဖြစ်သွားမှာပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုဘလ်ငြိမ်းချမ်းရေးဆုရင် ၊ ဒီမိုကရေစီခေါင်းဆောင် အဲဒီတော့ သူတို့ ဒါတွေထည့်စဉ်းစားဖို့လိုမယ် လူငယ်တွေကို ၊ သတင်းသမားတွေကို ဒီလိုပုံစံမျိုးပဲ ဖမ်းနေဦးမှာ အဲဒီတော့ ဖမ်းနေတဲ့အတွက်ကြောင့် ကျနော်တို့က အဲဒါကို စနစ်ကို တွန်းလှန်ဖို့အတွက်ကို ကျနော်တို့က လမ်းပေါ်ကိုထွက်လာကြတာပေါ့နော်။ အဲဒီတော့ ဒါက အစိုးရအတွက်လည်းမကောင်းနိုင်ဘူး ။ စစ်တပ် အတွက်လည်းမကောင်းနိုင်ဘူး။"

Reuters သတင်းထောက်လူငယ်နှစ်ဦး သတင်းရယူမှုနဲ့ ဖမ်းဆီးထောင်ချတရားစွဲဆိုခံရတဲ့အနေအထားကတော့ NLD အစိုးရလက်ထက် သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲ အန္တရာယ်များလွန်းလှတာကို ထောက်ပြနေတာဖြစ်တယ်လို့ ACDD ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှမ်းလဲ့ရည်က ပြောပါတယ်။

"ဒီဖြစ်ရပ်က ဘာကိုသွားပြသလဲဆိုရင် ကျမတို့ အရှေ့ကိုသွားဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေပေါ့နော် ဒီမိုကရေစီ ပိုပြီးတော့ ရင့်သန်လာဖို့ ပိုပြီးတော့ အောင်မြင်လာဖို့ သွားနေကြတဲ့အချိန်မှာ ကျမတို့လှုပ်ရှားမှုတွေကို နောက်ပြန်ဆွဲနေတဲ့ ဥပဒေတွေက ပြင်ဆင်ဖို့လိုနေတယ်ဆိုတာကို မြင်သာထင်တာဖြစ်စေတယ်။ ဒီ Case ကို ကျမတို့ Journalist တွေအဖမ်းခံရတဲ့ ကိစ္စရပ်မှာ အဓိက အထိနာတာက Journalist တွေကိုယ်တိုင် နောက်ပြီးတော့ သူတို့ မိသားစုတွေဖြစ်တယ် နောက်ပြီးတော့ သတင်းမီဒီယာ လောကသားတွေအတွက်ပါ စိုးရိမ်ဖွယ်ရာတခုဖြစ်လာတယ်ဆိုတာကို ပိုပြီးတော့ မြင်သာလာတယ်။ ဒါ့အပြင် သူတို့၂ ယောက်ကို ဖမ်းဆီးလိုက်ခြင်းသည် သတင်းမီဒီယာ လောကအတွက်တင်မက ပြည်သူတွေအတွက်၊ တက်ကြွလှုပ်ရှားသူတွေ ၊ အရပ်ဖက်အဖွဲ့အစည်း လူငယ်တွေအတွက်ပါ ထိခိုက်မှုဖြစ်စေတယ်၊ စိုးရိမ်မှုတွေ တိုးလာစေတယ်ဆိုတာမျိုး ကျမတို့နိုင်ငံရဲ့ image ပုံရိပ်ကို ကမ္ဘာတဝှမ်းမှာ လက်ညှိးထိုးစရာဖြစ်လာနိုင်တယ် အကယ်၍ ဆုံးဖြတ်ချက်မှားသွားသည်ရှိသော် ဒါမှမဟုတ် တရားမမျှတစွာ ဆုံးဖြတ်ခဲ့သည်ဖြစ်သော် လက်ရှိမြန်မာနိုင်ငံကြုံတွေ့နေရသည့် Pressure ဖိအားတွေက ပိုဆိုးလာဖို့ပဲရှိတယ်လို့ မြင်ပါတယ်။"

မနက်ဖြန် စီရင်ချက်ချမယ့် တရားခွင်ကို သတင်းသမားတွေနဲ့ လွတ်လပ်ခွင့်လှုပ်ရှားသူတွေ ဒီမိုကရေစီအင်အားစုတွေ သွားရောက်ဝန်းရံကြမှာဖြစ်ပါတယ်။ တရားသူကြီးအနေနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ဆုံးဖြတ်ချက်ကို ဆင်ခြင်တုံတရားပြည့်ဝစွာနဲ့ ချမှတ်ပေးဖို့မျှော်လင့်ကြောင်းလည်း သတင်းသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

"ကျမတို့ ဒီမိုကရေစီနိုင်ငံကို သွားဖို့ဆိုရင် မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ institution တွေအကုန်လုံးက Democratic system နဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေတယ်ဆိုတာကိုလည်း ကျမတို့ မြင်သာတဲ့ caseဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေစိုးမိုးမှုဆိုတာလည်း တရားဥပဒေဆိုတာ ဒီမိုကရေစီမှာ မဏ္ဍိုင်ကြီး တရပ်လို လွတ်လပ်စွာနဲ့ ရပ်တည်သင့်တဲ့ အမှီအခိုကင်းစွာ ရပ်တည်သင့်တဲ့ ၊ တရားဥပဒေ ဘယ်လောက်အထိ အမှီအခိုကင်းနိုင်မလဲ ဘယ်လောက်အထိလွတ်လပ်နိုင်မလဲဆိုတာကို မြင်သာထင်တာ ဖြစ်စေမယ်လို့ မျှော်လင့်တယ်ပေါ့နော်။ အဲဒီတော့ ဒါကို ကျမတို့ စောင့်ကြည့်လို့ရပါတယ်။”

မနေ့ စက်တင်ဘာလ ၁ရက်နေ့တုန်းကလည်း ရန်ကုန်မြို့မှာ သတင်းမီဒီယာသမားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ စုဝေးပြီး Reuters သတင်းသမားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေးအပါအဝင် ပြည်သူတွေ သတင်းမှန်သိရှိခွင့်ရရှိရေးနဲ့ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းရယူ ရေးသားတင်ပြခွင့် ရရှိရေးအတွက် လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာချီတက်လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ သက်ဆိုင်တဲ့ အစိုးရတာဝန်ရှိသူတွေ၊ တရားရေးမဏ္ဍိုင်နဲ့ ပြည်ထဲရေးတာဝန်ရှိသူတွေအနေနဲ့ အလေးအနက်စဉ်းစားကြဖို့ မျှော်လင့်တယ်လို့လည်း ဦးဆောင်ဆန္ဒပြခဲ့သူတွေကပြောပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့နှစ်ဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ ညက ရဲတပ်ဖွဲ့ဝင်တွေဘက်က ချိန်းဆိုလို့ သွားရောက်တွေ့ဆုံခဲ့တဲ့ တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာတွေ လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူတို့ကို အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးပြီးတဲ့နောက် ဇူလိုင်လ ၉ရက်နေ့ ၂၀၁၈ခုနှစ်မှာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်ဖို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်ချက် ချခဲ့တာပါ။ မနက်ဖြန်မှာတော့ Reuters သတင်းထောက်နှစ်ဦးကို အပြစ်ရှိ-မရှိ တရားရုံးက အမှုစီရင်ချက်ချမှာဖြစ်ပြီး သူတို့ကို စွဲချက်တင်ထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ်(၁၄)နှစ်အထိ တရားရုံးကဆုံးဖြတ်ချနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG