သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်အမှု တရားမျှတမှုဖြစ်စေဖို့ လှုပ်ရှားသူတွေလိုလား


နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ Reuters သတင်းထောက်နှစ်ဦးအမှု အပြစ်ရှိ-မရှိ မနက်ဖြန်မှာ ချမယ့် စီရင်ချက်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရေချိန်နဲ့-မြန်မာ့ သတင်းမီဒီယာလောကရဲ့လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့် “သရုပ်သကန်”ကို ထင်ဟပ်စေမယ့် ပြရုပ်ဖြစ်တယ်လို့ လွတ်လပ်ခွင့်လှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။ မြန်မာ့တရားစီရင်ရေးရဲ့ အနေအထားအပေါ် ဒီအမှုစီရင်ချက်က မီးမောင်းထိုးပြမှာဖြစ်လို့ သတင်းထောက်နှစ်ဦးရဲ့အမှုမှာ တရားမျှတမှုရစေချင်ပါတယ်လို့လည်း လွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ ညက ရဲတပ်ဖွဲ့ဝင်တွေဘက်က ချိန်းဆိုလို့ သွားရောက်တွေ့ဆုံခဲ့တဲ့ Reuters သတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာတွေ လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ရန်ကုန်မြို့ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက် သူတို့နှစ်ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ပုဒ်မ ၅ ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပြီးတော့ အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒီဇင်ဘာ၂၇ရက်နေ့က မင်္ဂလာဒုံတရားရုံးမှာ သူတို့ကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ရမန်ယူခဲ့ပါတယ်။ အဲ့ဒီ့နောက် သူတို့ကို အကြိမ်ကြိမ်ရုံးထုတ်စစ်ဆေးပြီးတဲ့နောက် ဇူလိုင်လ ၉ရက်နေ့ ၂၀၁၈ခုနှစ်မှာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲချက်တင်ဖို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်ချက် ချခဲ့တာပါ။ မနက်ဖြန် သြဂုတ်လ ၂၇ရက်နေ့မှာတော့ Reuters သတင်းထောက်နှစ်ဦးကို အပြစ်ရှိ-မရှိ တရားရုံးက စီရင်ချက် ချတော့မှာဖြစ်ပါတယ်။

ဒီမိုကရေစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက် တရားစီရင်ရေးအခြေအနေ-နောက်သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ထင်ဟပ်စေတဲ့ သတင်းထောက်နှစ်ဦးရဲ့အမှုကို နိုင်ငံတကာကပါစောင့်ကြည့်နေတဲ့အချိန်မှာတော့- မြန်မာအစိုးရအနေနဲ့ အမှန်တရားဘက်ကို ရပ်တည်စေချင်ပါတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုသက်ဆွေဝင်းက အခုလိုပြောပါတယ်။

"ကျနော်က အစိုးရကိုဖြစ်စေချင်တာက အမှန်တရားဘက်ကို ရပ်တည်တဲ့ အစိုးရမျိုးဖြစ်စေချင်တယ်။ အမှန်ကနိုင်ငံတကာကလည်း concern ဖြစ်နေပြီ ဘာကြောင့်မို့လို့ နိုင်ငံတကာက စိုးရိမ်လည်းဆိုတော့၊ ဒီလူတွေမှာ အပြစ်မရှိဘူးဆိုတာကို သိနေတဲ့အတွက်ကြောင့်မို့လို့ အပြစ်မရှိတဲ့လူတွေကို သပ်သပ်ကြီး တရားစွဲထောင်ချလိုက်မှာမျိုးကို နိုင်ငံတကာက စိုးရိမ်တယ်။ အစိုးရအနေနဲ့ နိုင်ငံတကာဖိအားကို ဂရုမစိုက်ချင်ဘူးဆိုရင်တောင်မှ အမှန်တရားကို မျက်ကွယ်မပြုမိဖို့လိုတယ်။ ဒီအမှန်တရားက အားလုံးလည်း သိနေပြီးသား အမှုသွား၊ အမှုလာ ရှင်းနေပြီးသားကိစ္စဖြစ်တယ်။ နောက်ဆုံးအစိုးရကို ကျနော့်အနေနဲ့ တိုက်တွန်းချင်တာကတော့ အမှန်တရားအတိုင်းဖြစ်အောင်လို့ ရအောင်ဆောင်ရွက်ဖို့လိုမယ်လို့ ယူဆတယ်။ နောက်တခုကတော့ ကျနော်တို့ စိတ်ပူတာကတော့ တရားစီရင်ရေးမဏ္ဍိုင်က တကယ်ရော လွတ်လပ်ပြီးတော့ အမှီအခိုကင်းပြီးတော့ တရားမျှတအောင်ဆုံးဖြတ်နိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ရဲ့လားဆိုတာက ကျနော်တို့အနေနဲ့ မေးခွန်းထုတ်တယ်။ တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ ဖြောင့်မှတ်မှုမရှိလို့ရှိရင်တော့ မရှိတဲ့အတွက် ဒီလူတွေအနေနဲ့ မတရားခံရမှာပဲ။"

Reuters သတင်းထောက်လူငယ်နှစ်ဦး သတင်းရယူမှုနဲ့ ဖမ်းဆီးထောင်ချတရားစွဲဆိုခံရတဲ့အနေအထားဟာ အရပ်သားအစိုးရလက်ထက် သတင်းအချက်အလက်ရယူဖို့ကြိုးစားနေတဲ့ သတင်းသမားတွေကြား စိုးရိမ်စရာ အန္တရာယ်ရှိလာနေတဲ့ အနေအထားဖြစ်သလို မြန်မာ့တရားစီရင်ရေးအပေါ်မှာလည်း မေးခွန်းထုတ်စရာဖြစ်လာနေတာမို့ အမှန်တရားပေါ်ပေါက်စေချင်ပါတယ်လို့ ACDD ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှမ်းလဲ့ရည်ကပြောပါတယ်။

"ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စပြီးဖမ်းတယ်ဆိုကတည်းက ထောင်ထဲမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့အချိန်က စပြီးတော့ သတင်းမီဒီယာလောကထဲမှာ လူငယ်တွေထဲမှာဆိုရင် တကယ်အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ရခိုင်လို ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ သတင်းသွားယူရင်း ပြုသင့်ပြုထိုက်တဲ့ တကယ်ဖြစ်ရပ်မှန်သတင်းသွားယူရင်တောင်မှ အချိန်မရွေးဖမ်းဆီးခံရနိုင်ပါလားဆိုတဲ့ အဲဒီစိတ်က တကယ့်ကို အန္တရာယ်ပါ။ ဒါ့အပြင်မနက်ဖြန် သူတို့ကို စီရင်ချက်ချမယ်ဆိုတာကို ကျမတို့ တကယ်လိုလားတာကတော့ သူတို့ဟာ အပြစ်မရှိဘူးလို့ ကျမတို့ ယူဆတယ်၊ တကယ်လည်းယုံကြည်တယ် ၊ အဲဒီအတွက်ကြောင့်မို့လို့ လွှတ်ပေးရမယ်၊ တရားသေလွှတ်ဖို့ ကျမတို့ လိုလားတယ်။ တရားမျှတမှုရှိဖို့ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေရော တောင်းဆိုခဲ့တာတွေလည်းရှိတယ်ပေါ့နော်။ အကယ်၍သူတို့အပေါ်မှာ ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် တစုံတရာကြီးမားခဲ့မယ်ဆိုရင် ဒါဟာ သတင်းလောကတခုလုံးကို စိန်ခေါ်လိုက်တာ ဖြစ်သွားပါလိမ့်မယ်။ အစိုးရအနေနဲ့လည်း နိုင်ငံတကာမှာ အရှက်ရဖွယ် ၊ တရားသူကြီးလည်း အရှက်ရဖွယ် စီရင်ချက်တခု ဖြစ်မယ်လို့ မြင်တယ်။

Reuters သတင်းသမားနှစ်ဦး အတွက် တရားမျှတမှုရစေဖို့ အတွက် သတင်းသမားတွေကလည်း မနက်ဖြန်ရုံးထုတ်ချိန်မှာတော့ သတင်းသမားတွေဟာ သူတို့နဲ့အတူ ရှိနေကြတယ်ဆိုတာပြသတဲ့အနေနဲ့ သူတို့ရဲ့လွတ်မြောက်ရေးအတွက် ဆင်တူတီရှပ်တွေ ဝတ်ဆင်ပြီး ဝန်းရံကြမှာဖြစ်တယ်လို့လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အသံရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဆောင်းခကပြောပါတယ်။

"မနက်ဖြန်က အမိန့်ချမယ်ဆိုတော့ အရမ်းအရေးကြီးတယ် ။ နောက်တခုက သူတို့ကို စွဲချက်တင်ထားတဲ့ ဥပဒေက ထောင်ဒဏ် ၁၄ နှစ်အထိကို ချလို့ရတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က စိုးရိမ်စိတ်တွေအများကြီးရှိတယ်။ အဲဒါကြောင့်မို့လို့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လက်တလောမှာလည်း ကိုဝလုံးဇနီးဟာလည်း လောလောလပ်လပ် သမီးကို မွေးထားတာဖြစ်တဲ့အတွက် သူ့ကိုလည်း ကျနော်တို့က အများကြီး support လုပ်ဖို့လိုတယ်။ အထူးသဖြင့် ကျနော်တို့ တတ်နိုင်တာက သူတို့ကိုထောက်ခံကြောင်း၊ သူတို့နဲ့အတူရှိကြောင်း ပြဖို့လိုတယ်ဆိုတာလည်း ကျနော်တို့ စဉ်းစားမိတယ်။အဲဒီတော့ မနက်ဖြန်ရောက်ရင်တော့ လူတွေက ၀တ်စုံဝတ်ပြီးတော့ အဲဒီရုံးမှာ ရှိကြမယ်ပေါ့နော်။ နောက်တခုကတော့ တရားရုံးကိုလည်း ကျနော်တို့တောင်းဆိုချင်တာရှိတယ်။ အထူးသဖြင့်တော့ လက်ရှိအမှုကို မှန်မှန်ကန်ကန် မျှမျှတတနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အလေးပေးပြီးတော့ ဒီအပေါ်မှာ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချဖို့ ကျနော်တို့က မေတ္တာရပ်ခံချင်တယ်ပေါ့နော်။"

သတင်းသမားနှစ်ဦးနဲ့အတူရပ်တည်ကြောင်းပြသတဲ့အနေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေဘက်ကလည်း ဗီဒီယိုကမ်ပိန်းလုပ်ပြီးလည်း လှုပ်ရှားနေကြတာပါ။ မနက်ဖြန်မှာတော့ Reuters သတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို အမှုစီရင်ချက်ချမှာဖြစ်ပြီး သူတို့ကို စွဲချက်တင်ထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ်(၁၄)နှစ်အထိ တရားရုံးကဆုံးဖြတ်ချနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG