သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး အမှုတရားသေ လွှတ်ပေးရေး တောင်းဆိုမှုတိုး


အဖမ်းခံနေရတဲ့ Reuters က မြန်မာသတင်းထောက် ၂ ဦးရဲ့ အမှုမှာ တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်စေရမယ်၊ ဘယ်သူမှ ဥပဒေအထက်မှာ မရှိစေရဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။ တရားရုံး သက်သေ အထောက်ထားတွေအရ သူတို့ ၂ ဦးမှာ အပြစ်မရှိဘူး ဆိုတာ ရှင်းနေတာမို့ လာမယ့် သီတင်းပတ်ထဲ အပြီးသတ်စီရင်ချက် ချတဲ့အခါ တရားသေလွှတ်ပေးမယ်လို့ မျှော်လင့်ထားကြောင်း CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကရော AHRC အာရှလူ့အခွင့်ရေးအဖွဲ့ကပါ ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုအတွက် မြောက်ပိုင်းခရိုင် တရားရုံးမှာ သြဂုတ်လ ၂၀ တနင်္လာနေ့က အပြီးသတ် လျှောက်လဲချက်ကို ကြားနာခဲ့တာ ဖြစ်ပြီး လာမယ့် သီတင်းပတ် သြဂုတ်လ ၂၇ ရက်နေ့မှာတော့ အပြစ်ရှိမရှိ စီရင်ချက်ချတော့မှာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး VOA သတင်းထောက် Margret Basheer က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကို မေးမြန်းရာမှာတော့ သံအမတ်ကြီးက အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အရှိဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ အတွက် တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်းနဲ့ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ ပြောပါတယ်။

"လက်ရှိ အမှုနဲ့ ပတ်သက်ပြီး ဥပဒေအရ လုပ်ဆောင်ပေးနေတဲ့ အတွက်ကြောင့် စီရင်ချက် ဘယ်လို ချမယ်ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဒီမိုကရေစီ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ အထူးအရေးကြီးတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်နဲ့ ကုလသမဂ္ဂက ရောင်းရင်း တချို့ကလည်း ဒီကိစ္စကို ကျွန်တော့်ကို မေးမြန်းခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဥပဒေအရ ဖြစ်ရစေမယ်၊ ဘယ်သူမှ တရားဥပဒေ အထက်မှာ မရှိစေရဘူးလို့ သူတို့ကို ကတိပေးခဲ့ပါတယ်။ ဒါကြောင့် စောင့်ကြည့်ရမှာပါ။"

သူတို့ ၂ ဦးရဲ့ အမှုအတွက် တရားသေလွှတ်ပေမယ်လို့ မျှော်လင့်ထားကြောင်း CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က အာရှရေးရာ ဒါရိုက်တာ Steve Butler ကပြောပါတယ်။

"တင်ပြခဲ့တဲ့ သက်သေအထောက်အထားတွေကို ကြည့်လိုက်ရင် ကျွန်တော်မြင်တာကတော့ အစိုးရအနေနဲ့ သူတို့ကို အမှုတောင် လုပ်လို့ မရပါဘူး။ သတင်းထောက်တွေဘက်က သူတို့ အလုပ် သူတို့လုပ်တယ် ဆိုတာက ရှင်းနေသလို သူတို့ဟာ ဘာဥပဒေကိုမှ မချိုးဖေါက်ပါဘူး။ သူတို့ဟာ ထောင်ချောက်အဆင်ခံရတာပါ။ ဒါ့ကြောင့် ဒီသတင်းထောက် ၂ ယောက်ကို တရားရုံးက အပစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး တရားသေလွှတ်ပေး လိုက်မယ်လို့ မျှော်လင့်ပါတယ်။ "

တရားရုံး ရှေ့မှောက်က သက်သေတွေအရ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ပြစ်မှု တစ်စုံတရာ မကျူးလွန်ခဲ့တဲ့ ရိုးသားတဲ့ သတင်းထောက်တွေ ဖြစ်တယ် ဆိုတာ ထင်ရှားသလို မြန်မာနိုင်ငံ အနေနဲ့ ကတိကဝတ်ပြုထားတဲ့ တရားဥပဒေစိုးမိုးမှု၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီတို့တွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်လာနိုင်တဲ့ တရားရုံးကနေ သူတို့ကို တရားသေလွှတ်ပေးဖို့ မျှော်လင့် ထားကြောင်း တနင်္လာနေ့မှာပဲ ရိုက်တားစ် သတင်းဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

AHRC အာရှလူ့အခွင့်ရေး အဖွဲ့က ရှေ့နေဦးမင်းလွင်ဦးကတော့ သူတို့ ၂ ဦးအပေါ် စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ သူတို့ကို အပစ်ပေး နိုင်လောက်တဲ့ အထောက်အထား တခုမှ မတွေ့ရဘူးလို့ သုံးသပ်ခဲ့တဲ့ အပြင် လာမယ့် သီတင်းပတ်ထဲ ချမှတ်မယ့် စီရင်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်အတွက် လွတ်လပ်မျှတမှု အကြောက်တရားကင်းမှု ရှိမရှိ စောင့်ကြည့်ရမယ့် စီရင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအမှုက စတင်ဖမ်းဆီးကတည်းကိုက ကြိုတင်ပြီးတော့ ဖမ်းဆီးဖို့ရာ စီမံချက် ချပြီးတော့ လုပ်ဆောင်တယ် ဆိုတဲ့ ကိစ္စရပ်ရယ်၊ ဖမ်းဆီးမိပြီးတဲ့ အခါကျတော့လည်း သက်သေတွေ စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သက်သေ အထောက်အထား မခိုင်လုံ ခိုင်လုံအောင် ဆိုပြီးတော့ လုပ်ကြံသက်သေတွေ၊ နောက်ပြီးတော့ နောက်တိုးသက်သေတွေ၊ နောက် အရေးကြီးတဲ့ သက်သေတွေကို နောက်ဆုံးမှ စစ်တာတွေ၊ စသဖြင့် နည်းမျိုးစုံနဲ့ အပြစ်မကျ ကျအောင်လုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ စစ်ဆေးချက်တွေ အရရော၊ သက်သေတွေရဲ့ ထွက်ဆိုချက် အရရော ဒီအမှုမှာ အခု စွဲဆိုထားတဲ့ ပုဒ်မနဲ့ အပြစ်ပေးနိုင်လောက်တဲ့အထိ အပြစ်ပေးရလောက်အောင် သက်သေ အထောက်ထား မခိုင်လုံဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စံနစ်က တကယ်ပဲ လွတ်လွတ်လပ်လပ် အမှီခို ကင်းကင်းနဲ့ အကြောက်တရား ကင်းရှင်းစွာနဲ့ စီရင်ချက် ချနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရအုံးမယ့် အခြေနေပါ။”

ဒီအမှုမှာ ထင်ရှားတဲ့ သက်သေအထောက်ထားတွေကို လျှစ်လျူရှုပြီး ဆုံးဖြတ်ချက်ချမယ်ဆိုရင် မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ် မျှတမှု ရှိမှာ မဟုတ်ဖူးလို့လည်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က Steve Butler က ပြောပါတယ်။

"ဒီအမှုကို ရုံးတင်စစ်ဆေးဖို့ လိုတယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာကိုက သိပ်စိတ်ပျက်စရာကောင်းတယ်လို့ ထင်ပါတယ်။ အခု ရုံးတင်စစ်ဆေးပြီး သက်သေအထောက်ထားတွေလည်း ကြားနာပြီးချိန်ကစပြီး မျှတမှုရှိတဲ့ တရားသူကြီး ဆိုရင် သတင်းထောက် ၂ ယောက်ကို လွှတ်ပေးလိုက်မှာပါ။ သူတို့ကို စာရွက်စာတမ်းတွေ တမင်ပေးခဲ့တယ်၊ ဒီစာရွက်တွေနဲ့ မိအောင် လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထားက သိပ်ရှင်းနေတာမို့ တကယ်လို့ ဒီအထောက်အထားတွေကို လျှစ်လျှူရှုပြီး တရားသူကြီးက ဆုံးဖြတ်မယ် ဆိုရင် ဒါဟာ တရားရေးမှာ လွတ်လပ် မျှတမှု ရှိတဲ့ လက္ခဏာ မဟုတ်ပါဘူး။"

သတင်းထောက် ၂ ဦးကို မနှစ်က ဒီဇင်ဘာလမှာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖေါက်မှုနဲ့ ဖမ်းဆီးစွဲချက်တင်ခဲ့တာ ဖြစ်ပြီး ၉ လကြာ ကြားနာစစ်ဆေးမှု လုပ်ခဲ့တဲ့ နောက် လာမယ့် သီတင်းပတ်ထဲမှာ အပြီးသတ် စီရင်ချက်ချမှာ ဖြစ်ပါတယ်။ တကယ်လို့ စွဲချက်အတိုင်း ပြစ်မှု ထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် သူတို့ဟာ တည်ဆဲ ဥပဒေအရ အမြင့်ဆုံး အပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ် ကျခံရ နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG