နိုင်ငံတော်လ ျှို့ဝှက်ချက်ဥပဒေနဲ့ စွဲချက်တင်စစ်ဆေးခံနေရတဲ့ Reuters သတင်းထောက် ၂ ယောက်ရဲ့ အမှုနဲ့ပတ်သက်လို့ ၂ ဖက် အပြီးသတ် လျှောက်လဲချက်တွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ ပေးရတော့မှာဖြစ်ပါတယ်။ အပြီးသတ်လျှောက်လဲချက်တွေ ကြားနာပြီးရင် အမှုအတွက် အမိန့်ချမှာဖြစ်တဲ့အတွက် မှန်မှန်ကန်ကန် မျှမျှတတဆောင်ရွက်ဖို့ သတင်းထောက်တွေဖက်က မျှော်လင့်နေပါတယ်။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လက်ဝယ်မှာ မိတယ်လို့ဆိုတဲ့ လှို့ဝှက်စာရွက်စာတမ်းတွေပေးသူကို အရေးယူထားတာမရှိတဲ့အတွက် စွပ်စွဲခံထားရသူတွေမှာ ပိုတောင်အပြစ်မရှိဘူးလို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။ တနင်္လာနေ့က စစ်ဆေးကြားနာခဲ့တဲ့ အမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာနားမှာ မွတ်ဆလင် ၁၀ ဦးအသတ်ခံရတဲ့သတင်းကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားနေစဉ်မှာ ပြီးခဲ့နှစ် ဒီဇင်ဘာလက ဖမ်းဆီးခံရပြီး၊ နိုင်ငံတော်လ ျှို့ဝှက်ချက်ဥပဒေနဲ့ စွဲချက်တင်စစ်ဆေးခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတု့ိရဲ့အမှုအတွက် ၂ ဖက် သက်သေတွေကို မေးမြန်းကြားနာမှု August လ ၆ ရက် တနင်္လာနေ့က ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်သီတင်း ၂ ပတ်အကြာ August လ ၂၀ ရက်နေ့ကျရင် တရားလိုရှေ့နေတွေနဲ့ စွပ်စွဲခံရသူတွေဖက်ကရှေ့နေတွေ အပြီးသတ်လျှောက်လဲချက်တွေ ပေးရတော့မှာဖြစ်ပါတယ်။ အပြီးသတ်လျှောက်လဲချက်တွေ ပြီးသွားရင် တရားသူကြီးက ဆုံးဖြတ် အမိန့်ချမှာဖြစ်တာကြောင့် မျှမျှတတ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ သတင်းထောက် ကိုဝလုံးက တနင်္လာနေ့ ရုံးထုတ်စဉ်မှာ ခုလိုပြောကြားခဲ့ပါတယ်။
"ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့က သက်သေနောက်ဆုံးနေ့ဖြစ်ပါတယ်။ မကြာခင်မှာ နောက်၂ ပတ်ဆိုရင် ကျနော်တို့ကို အပြန်အလှန်လျောက်လဲချက်ပေးမှာပါ။ နောက်ဆိုရင် အမိန့်ချမယ့်ရက်ရောက်မှာပေါ့လေ။ ကျနော်တို့အနေနဲ့ကတော့ ဒီအမှုကို မျှမျှတတနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။"
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တနင်္လာနေ့တုန်းက ကြားနာပွဲမှာတော့ Reuter’s သတင်းထောက်တွေဖက်က နောက်ဆုံး တရားလိုပြသက်သေ ၂ ယောက် တရားခွင်မှာ လာရောက်ထွက်ဆိုခဲ့ကြပါတယ်။ သက်သေ ၂ ယောက်ကတော့ ရန်ကုန်သတင်းစာပညာသင်တန်းကျောင်းက ဒါရိုက်တာလည်းဖြစ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို သတင်းစာပညာသင်ကြားပေးခဲ့သူလည်းဖြစ်တဲ့ ဦးရဲနိုင်မိုးနဲ့ ကိုဝလုံးနဲ့အတူ ပရဟိတလုပ်ငန်းတွေ အတူလုပ်ကိုင်ခဲ့သူ ကိုသန့်ဇင်စိုးတို့ဖြစ်ကြပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်လုံးဟာ လူထုကို အကျိုးရှိစေတဲ့သတင်းတွေကို အာရုံစိုက် သတင်းရေးသားကြသူတွေဖြစ်ကြပြီး သူတို့ရေးခဲ့တဲ့ သတင်းတွေထဲမှာ သတင်းမီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်တဲ့သတင်းမျိုး တခုမှမတွေ့ဖူးသေးဘူးလို့ ဦးရဲနိုင်မိုးက ထွက်ဆိုသွားခဲ့ပါတယ်။ အောက်ခြေလူတန်းစားတွေအကြောင်းနဲ့ လူမှုဘဝနဲ့ဆိုင်တဲ့သတင်းမျိုးတွေကို အဓိကထား သတင်းရေးသားခဲ့လို့ ဆုတွေရခဲ့ကြတဲ့ သတင်းသမားတွေဖြစ်တယ်လို့လည်း ထွက်ဆိုသွားပါတယ်။ ပြစ်ချက်တွေ၊ ပြသနာတွေကို အပြုသဘောနဲ့ ထုတ်ဖော်တာက လူ့အသိုင်းအဝိုင်းနဲ့ နိုင်ငံကိုအကျိုးရှိစေရေး ပြင်ဆင်ဖို့အခွင့်အရေးပေးတဲ့သဘောဖြစ်ကြောင်းနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သတင်းထောက်တွေအတွက် အရေးအကြီးဆုံးလုပ်ရပ်ဖြစ်တဲ့ အမှန်တရားကိုဖော်ထုတ်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဦးရဲနိုင်မိုးက တရားရုံးမှာ ထွက်ဆိုသွားတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
ကိုဝလုံးနဲ့အတူ သဘာဝဘေးဒဏ်ခံရသူတွေကို အကူအညီပေးတာ၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် စာအုပ်ထုတ်ဝေ လှူဒါန်းတာတွေလုပ်ခဲ့တဲ့အပြင် ပုံပြောသူများအဖွဲ့မှာအတူဆောင်ရွက်ခဲ့တဲ့ ကိုသန့်ဇင်စိုးကလည်း ကိုဝလုံးဟာ အကျင့်ပျက်မှုကို ရွံမုန်းသူ၊ ကျင့်ဝတ်တွေကို အမြဲလိုက်နာသူဖြစ်တယ်လို့ ထွက်ဆိုသွားပါတယ်။
တရားလိုရှေ့နေဦးမိုးသူအောင်ဖက်ကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဘယ်လိုရည်ရွယ်ချက်နဲ့ သတင်းလိုက်သလဲဆိုတာ သိနိုင် မသိနိုင်ဆိုတာနဲ့၊ သတင်းသမားကျင့်ဝတ်နဲ့ အညီ ဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ယုံကြည်သလားဆိုတာကို သက်သေတွေကို အဓိကထား မေးမြန်းခဲ့ပါတယ်။ တနင်္လာနေ့က ကြားနာမှုဟာ အမှုအတွက် နောက်ဆုံး သက်သေတွေလာရောက် ထွက်ဆိုကြတဲ့ ကြားနာမှုဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရဲတပ်ဖွဲ့ ဒုတပ်ကြပ်နိုင်လင်းရဲ့ ချိန်းဆိုမှုနဲ့ ရန်ကုန်မြို့စွန် စားသောက်ဆိုင်မှာ သွားရောက်တွေ့ဆုံခဲ့တဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အဲဒီညမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့အဖမ်း မခံရခင်လေးမှာ ရဲဒုတပ်ကြပ်နိုင်လင်းက သူတို့လက်ထဲ စာရွက်စာတမ်းတွေပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတာကို သတင်းထောက် ၂ ယောက်လုံးက တရားရုံးမှာ အလေးထား ထွက်ဆိုထားကြပါတယ်။ သူတို့ကို တရားစွဲထားတဲ့ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေတယောက်ဖြစ်တဲ့ ဒုရဲမှုးမိုးရန်နိုင်ကို April လမှာ စစ်ဆေးခဲ့စဉ်တုန်းကလည်း Reuters သတင်းထောက် ၂ ယောက်ကို ထောက်ချောက်ဆင် ဖမ်းဆီးဖို့ ရဲအရာရှိတစ်ဦးက ခိုင်းစေခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒုတပ်ကြပ်နိုင်လင်းကတော့ သတင်းထောက်တွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညက တေ့ွဆုံခဲ့တယ်ဆိုတာကို အတည်ပြုပြောပေမဲ့ သူ့ကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခဲ့တယ်ဆိုတဲ့အချက်ကို တရားရုံးမှာ ငြင်းဆန်ထားပါတယ်။
သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လ ျှို့ဝှက်ချက်အက်ဥပဒေ ၃ (၁) (ဂ) နဲ့စွဲချက်တင် စစ်ဆေးခံနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ တရားလိုနဲ့ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေထဲမှာ သတင်းထောက်တွေလက်ဝယ်တွေ့တယ်ဆိုတဲ့ စာရွက်စာတမ်းတွေကို ဘယ်သူကပေးတာလဲဆိုတာ တိတိကျကျ မပြောနိုင်ကြဘူးလို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
"အခုအချိန်အထိ ထွက်ဆိုပြီးသမျှ တရားလိုနဲ့ တရားလိုပြသက်သေ ထွက်ဆိုချက်အရ ဒီသူတို့လက်ထဲမှာတွေ့တယ်ဆိုတဲ့ စာရွက်စာတန်းတွေက ဘယ်သူပေးတယ်ဆိုတာ မပေါ်ပေါက်ဘူး ။ ဘယ်အစိုးရ ဘယ်ဌာနက ပျောက်သွားတယ်ဆိုတာ မပေါ်ပေါက်ဘူး ။ ဒီဟာကိုလည်း ဘယ်သက်သေကမှ မပြောနိုင်ဘူး ။ ကိုမိုးရန်နိုင်တယောက်ပဲ ဒီကလာကာနောက်ကွယ်ကအဖြစ်အပျက်တွေကို ဘယ်သူစီစဉ်တယ်၊ ဘယ်စာရွက်တွေကို ဘယ်သူ့ကိုပေးဖို့ ခိုင်းတယ်ဆိုတာတွေကို ထွက်ဆိုသွားတာ"
လ ျှို့ဝှက်စာရွက်စာတမ်းတွေ ပေးသူကို အရေးယူထားတာမျိုး မရှိတာကြောင့် စွပ်စွဲခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့မှာ ပိုတောင် အပြစ်မရှိဘူးလို့လည်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
"ဒီစာရွက်စာတန်းတွေနဲ့ ပတ်သက်ပြီးတော့ ပျောက်ပါတယ်ဆိုပြီးတော့ ဘယ်ဌာနကမှ ဘယ်သူ့ကိုမှအရေးယူထားတာမရှိဘူး။ အမှန်တကယ် လက်ထဲမှာရတာက ပေးသူရှိလို့ ။ ဒီ လျို့ဝှက်စာရွက်စာတမ်းတွေ ပေးသူကို အရေးယူထားတာမရှိဘူး။ပေးသူတောင်မှ အရေးယူခံရတာမရှိဘူးဆိုရင် ဒီ စွပ်စွဲခံထားရတဲ့လူတွေက ပိပြီးတေ့ာ အပြစ်မရှိဘူး။"
ဒီမိုကရေစီအပြောင်းအလဲတွေလုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တိုးတက်မှု ရှိ မရှိ စမ်းသပ်တဲ့အမှုအဖြစ် Reuter’s သတင်းထောက် ၂ ယောက်ရဲ့အမှုကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေအတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ August လ ၄ ရက်နေ့မှာ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က Reuters သတင်းထောက် ၂ ယောက်ကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုကို ဝန်ကြီးဦးကျော်တင်ကို ပြောကြားခဲ့ပါတယ်။ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့လည်း ဝန်ကြီး Pompeo ကသူ့ရဲ့ Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။