သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် နှစ်ဦးအမှု နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှာစိုးရိမ်


Reuters သတင်းထောက် ကိုဝလုံးကို တရားရုံးထုတ်လာစဉ် (July. 30, 2018)

နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ တရားရုံးမှာ စွဲချက်တင် စစ်ဆေးခံနေရတဲ့ Reuter’s သတင်းထောက် ၂ ယောက်ထဲက ကိုကျော်စိုးဦးက သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ ရဲကတွေ့တယ်ဆိုတဲ့ အချက်အလက်တွေ ဘယ်လိုရောက်နေသလဲဆိုတာ သူမသိဘူးလို့ တရားရုံးမှာ တနလာနေ့က ထွက်ဆိုခဲ့ပါတယ်။ နောက်အဲဒီအချက်အလက်တွေကလည်း အများပြည်သူ သိရှိပြီးသားကိစ္စတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ်တရားစွဲခံထားရတဲ့ Reuter’s သတင်းထောက် ကိုဝလုံးကတော့ သူတို့ရဲ့ အမှုကို တရားစွဲသူတွေဖက်က နိုင်ငံရေးအရ အမြတ်ထုတ်မှာ စိုးရိမ်တယ်လို့ ရုံးထုတ်စဉ်မှာ ပြောခဲ့ပါတယ်။ ဒီအမှုကနေ ဘယ်လို နိုင်ငံရေးအမြတ်ထုတ်နိုင် ပါသလဲ။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။

ပြီးခဲ့တဲ့ December လက ဖမ်းဆီးခံရတဲ့ Reuter’s သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လှို့ဝှက်ချက်ဥပဒေနဲ့ July လဆန်းပိုင်းက စွဲချက်တင်ခဲ့ပြီးနောက် အမှုကို မြောက်ပိုင်းခရိုင်တရားရုံးမှာ တတိယသီတင်းပါတ်အဖြစ် July လ ၃၀ ရက် တနင်္လာနေ့က ဆက်လက် စစ်ဆေးကြားနာခဲ့ပါတယ်။ အပြန်အလှန် စစ်ဆေးမေးမြန်းမှုအတွင်း တရားလိုရှေ့နေ ဦးကျော်မင်းအောင်က သတင်းထောက် ကိုကျော်စိုးဦးရဲ့ လက်ကိုင်ဖုန်းထဲမှာတွေ့တယ်ဆိုတဲ့ လှို့ဝှက်အချက်အလက်တွေကိုထောက်ပြီး ကိုကျော်စိုးဦးဟာ သတင်းရေးဖို့နဲ့၊ နိုင်ငံခြား သတင်းဌာန Reuter’s ကိုအချက်အလက်တွေပေးဖို့ ခုလိုအချက်အလက်တွေကို စုဆောင်းလေ့ရှိတယ်လို့ စွပ်စွဲပါတယ်။ သတင်းထောက် ကိုကျော်စိုးဦးကတော့ အဲဒီအချက်အလက်တွေ သူ့ဖုန်းထဲ ဘယ်လိုရောက်နေသလဲဆိုတာ သူမသိဘူးလို့ တုံ့ပြန်ခဲ့ကြောင်း Reuter’s သတင်း ထဲမှာ ဖော်ပြထားပါတယ်။ သူတို့ကို ရဲကဖမ်းဆီးစစ်ဆေးထားချိန်အတွင်း လက်ကိုင်ဖုန်းတွေကို ရဲကသိမ်းဆည်းထားတာဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေကလည်း ပြောပါတယ်။

သူတို့ကို စွဲချက်မတင်ခင် ကနဦးကြားနာမှုတွေအတွင်း ရဲတပ်ဖွဲ့ဖက်က တရားရုံးကို တင်ပြတဲ့အထောက်အထား တွေထဲမှာ သတင်းထောက် တွေရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ ရှိနေတယ်လို့ဆိုတဲ့ လှို့ဝှက်အချက်အလက်တွေပါဝင်ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေရဲ့ ဖုန်းထဲမှာ စစ်ဆေးတွေ့ရှိတယ်ဆိုတဲ့ အကြောင်း အချက် ၂၃ ချက်ထဲက တချို့တချက်တွေက ပြည်သူကို တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက် တွေပါသလို၊ လုံခြုံရေးအဆင့် သတ်မှတ်ထားတဲ့ အချက်တွေလည်းပါဝင်ပါတယ်။ တချို့အချက်တွေကျတော့လည်း အစိုးရဖက်က သတင်းမီဒီယာကောင်စီကို တရားဝင်ပေးပို့ထားပြီးသား စာတွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစာတွေမှာ လှို့ဝှက်ဆိုတဲ့စာသားပါတာကြောင့် နိုင်ငံတော်လှို့ဝှက်ချက် အက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး တရားရုံးကို ရဲတပ်ဖွဲ့ဖက်က တင်ပြခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က ကြားနာစစ်ဆေးမှုအတွင်း သတင်းထောက်တွေဖမ်းဆီးခံရတဲ့ညက ကားမောင်းလိုက်ပို့ခဲ့တူ Reuter’s သတင်းဌာနရဲ့ ယာဉ်မောင်း ကိုမျိုးသန့်ထွန်းကို သတင်းထောက်တွေရဲ့ရှေ့နေ့က သက်သေအဖြစ်ခေါ်ယူခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်နိုင်လင်းရဲ့ ချိန်းဆိုမှုနဲ့ ရန်ကုန်မြို့စွန်က စားသောက်ဆိုင်ကို သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သွားစဉ်က သူတို့လက်ထဲမှာ လက်ကိုင်ဖုန်း တွေကလွဲလို့ ဘာမှပါမသွားကြဘူးလို့ ကိုမျိုးသန့်ထွန်းက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အဲဒီ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညမှာပဲ ဒုတပ်ကြပ်နိုင်လင်းနဲ့ နောက်ရဲတယောက်က သူတို့ကိုစာရွက်ခေါက်တွေပေးပြီး မကြာခင်မှာ သူတို့အဖမ်းခံခဲ့ရတာလို့ သတင်းထောက်တွေက ပြောထားပါတယ်။ ဒုတပ်ကြပ်နိုင်လင်းကတော့ သတင်းထောက်တွေကို သူဘာစာရွက်စာတမ်းမှ မပေးပါဘူးလို့ ငြင်းဆန်ထားပါတယ်။

သတင်းထောက်ကိုဝလုံးကတော့ သူတို့ရဲ့အမှုကို အစိုးရတရားလိုတွေဖက်က နိုင်ငံရေးအရ အမြတ်ထုတ်မှာကို စိုးရိမ်တယ်လို့ တနင်္လာနေ့ ရုံးထုတ်စဉ်မှာ သတင်းထောက်တွေကို ခုလိုပြောကြားသွားပါတယ်။

“ကျွန်တော်တို့ အနေနဲ့ကတော့ တရားမျှတမှု၊ ကျွန်တော်တို့ ဘာမှ အမှား မလုပ်ခဲ့ တဲ့ အပေါ်မှာရော သတင်း မီဒီယာ လွတ်လပ်ခွင့် အပေါ်မှာရော၊ အခြေခံပြီးတော့ မျှမျှတတ ဆုံးဖြတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် စိုးရိမ်နေတာကတော့ ကျွန်တော်တို့ အမှု ကြာရှည်စွာ စစ်ဆေး နေတဲ့ လက်ရှိ အခြေနေ အပေါ်မှာ သက်ဆိုင်ရာ တရားစွဲတဲ့ သူတွေ အနေနဲ့ နိုင်ငံရေး အရ အမြတ်မထုတ်ဖို့ ဒါ ကျွန်တော်တို့ စိုးရိမ်မှု ရှိနေပါတယ်။”

ကိုဝလုံးက နိုင်ငံရေးအမြတ်ထုတ်မှာ စိုးရိမ်တယ်လို့ ပြောခဲ့တာ ဘာကိုဆိုလိုတာပါလဲ။ သူတို့အမှုကနေ ဘယ်လို အမြတ်ထုတ်နိုင်စရာ ရှိသလဲဆိုတာကို ဒီအမှုကို အမြဲမပြတ်စောင့်ကြည့်နေတဲ့ မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကို မေးကြည့်ပါတယ်။

“ရိုက်တာ သတင်းထောက် ၂ ယောက်ကို ဖမ်းတဲ့ ကိစ္စကလည်းပဲ၊ ဖမ်းလိုက်ကတည်းက တကယ်တမ်း ပြောမယ် ဆိုရင်တော့ နိုင်ငံရေး အရ အစိုးရ ဘက်က နစ်နာပြီးသား။ သို့သော်၊ နိုင်ငံရေး အရ အမြတ်ထုတ်နိုင်တဲ့ အနေအထားကတော့ ကျွန်တော် မြင်သလောက်ကတော့ တခုပဲ ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ သူတို့ကို ယမန်တွေ ထပ်ခါထပ်ခါ ပေးပြီးတော့ အချိန်ဆွဲ ထားပြီးတော့ ဒီအမှုကို မစီရင်ပဲနဲ့ ထောင်ထဲမှာပဲ ဖြစ်ဖြစ်၊ အချုပ်မှာပဲ ဖြစ်ဖြစ် ရေရှည် ထားနိုင်သလောက် ထားမယ်။ သူတို့ စိတ်ထဲမှာ ဒီလူတွေ နောင်ကျဉ်လောက်ပြီ။ ငါတို့ကိုစိတ်အနှောက်အယှက် မပေးတော့ လောက်ဖူး၊ ဆိုတဲ့ သဘောမျိုးနဲ့။ သူတို့ ဖမ်းဆီးပြီးပြီ။ နောက်ဆုံး ကျတော့မှ ရုံးကို တင်ပြီးတော့ ဒီအမှုကို တရားမစွဲတော့ပဲနဲ့ လွှတ်ပေးလိုက်မယ် ဆိုတဲ့ သဘောမျိုး။ ဒါက ဖြစ်နိုင်တယ်။ ဆိုတော့ အဲဒီ လို လုပ်လိုက်မယ် ဆိုလို့ ရှိရင်တော့ ဒီအစိုးရ ဘက်ကနေ တရားဥပဒေအရ အမှန် တကယ် စီရင်လိုက်ပါတယ်၊ ဆိုတဲ့ သဘောမျိုး ဂုဏ် ယူလို့ ရတယ်။ အမှတ် ယူလို့ ရတယ်။

အဲ တကယ်တမ်း နစ်နာတာကတော့ ဒီ သတင်းထောက် ၂ ယောက်ရယ်၊ နောက်ပြီးတော့ နိုင်ငံ့ရဲ့ ဂုဏ်သိက္ခာရယ်၊ ဒါကတော့ တကယ်တမ်း နစ်နာပါတယ်။ အဲဒီတော့ ခြုံပြီးတော့ ပြန်တွက် ကြည့်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံရေး အမြတ်ကတော့ ရှုံးတာက ပိုပါတယ်။ မြတ်ဖို့ ကတော့ သိပ်မရှိပါဘူး။”

ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာနားမှာ မွတ်ဆလင် ၁၀ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စ သတင်းယူမှုနဲ့ပါတ်သက်လို့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ သတင်းထောက်တွေကို စွဲချက်မတင်ခင် ကနဦးကြားနာချက်တွေအတွင်း တရားလိုတွေဖက်က တရားရုံးကိုတင်ပြခဲ့တဲ့ အကြောင်းအရာတွေမှာ ရှေ့နောက် မညီမှုတွေ၊ သတင်းထောက်တွေမှာ အပြစ်မရှိဘူးဆိုတဲ့ အထောက်အထားတွေ အများအပြားရှိတယ်လို့ ဒီအမှုကို အနီးကပ်စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ထောက်ပြခဲ့ကြပါတယ်။

Reuter’s သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်မှုနဲ့ အစိုးရနဲ့ပါတ်သက်နေတဲ့ အတိမ်းအစောင်း မခံနိုင်တဲ့ သတင်းတွေအပေါ် ဘယ်အတိုင်းအတာအထိ တင်ပြနိုင်သလဲဆိုတာကို စမ်းသပ်တဲ့အမှုအဖြစ် နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ တနင်္လာနေ့က ရုံးချိန်မှာလည်း ရန်ကုန်က နိုင်ငံခြားသံတမာန်တွေ တရားခွင်မှာ လာရောက် လေ့လာခဲ့ကြပါတယ်။ သတင်းထောက်တွေနဲ့ သတင်းထောက်တွေရဲ့ မိသားစုတွေကို ထောက်ခံအားပေးတဲ့အနေရော၊ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းပညာဟာ ပြစ်မှုမဟုတ်ဘူးဆိုတာကို ပြသရပ်တည်လိုတဲ့အတွက်ပါ Denmark သံရုံးကို ဒီအမှုကို ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ Denmark သံရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်လုံးကို ပြန်လွှတ်ပေးဖို့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် Denmark သံရုံးက တစိုက်မတ်မတ်တောင်းဆိုနေသလို၊ အစိုးရဝန်ကြီးတွေ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတိုင်း တောင်းဆိုနေတယ်လို့ Denmark သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


တိုက်ရိုက် လင့်ခ်

XS
SM
MD
LG