သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှု သမ္မတ ဦးဝင်းမြင့် သတိပေး ပြောဆို


သမ္မတ ဦးဝင်းမြင့် (Myanmar President Office)
သမ္မတ ဦးဝင်းမြင့် (Myanmar President Office)

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်း ပြိုလဲနေတဲ့ အခြေနေကိုရောက်နေပြီလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဝန်ခံပြောဆိုလိုက်ပြီး တသက်လုံးမှာ မကြားဖူးခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို ကြားနေရတာကြောင့် ဒါတွေကို ပြန်လည် တည့်မတ်ဖို့အတွက် အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ဆောင်သွားကြဖို့ ညွှန်ကြားလိုက်ပါတယ်။ ဇူလိုင်လ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ပဲခူးနဲ့ ရန်ကုန်တိုင်းက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံစဉ် သမ္မတက တိုက်တွန်းလိုက်တာပါ။ ဒါဟာ သမ္မတအဖြစ် တာဝန်ယူပြီးချိန်ကစလို့ ဦးဝင်းမြင့်ရဲ့ ပထမအဆင့် ပြင်းထန်တဲ့ သတိပေးချက်အဖြစ် ရှုမြင်တာတွေလည်း ရှိပါ တယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ ဇူလိုင် ၂၈ ရက်နေ့က ပဲခူးတိုင်းကို သွားရောက်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားရေးဌာနနဲ့၊ ဌာနဆိုင်ရာ အရာရှိတွေကို ပဲခူးမြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တာပါ။ အဲဒီလိုတွေ့ဆုံချိန် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်း ပြိုလဲနေတဲ့ အနေအထားမှာရှိပြီး ဒါကို ပြန်လည် တည့်မတ်ရေး လုပ်ဆောင်သွားကြဖို့ သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားသွားပါတယ်။

"အမှုများကို မလိုအပ်ဘဲနဲ့ မကြန့်ကြာစေလိုပါဘူး။ မှန်မှန်နဲ့ မြန်မြန်ပဲ ဖြစ်စေချင်ပါတယ်။ မလိုအပ်ဘဲနဲ့ ကြန့်ကြာနေတာတွေကို ကျနော်တို့ တွေ့မြင်ကြားသိနေရပါတယ်။ ဘာလဲဆိုတော့ ကျနော်လည်း တရားလွှတ်တော်ရှေ့နေလောကက လာခဲ့တာပါ။ တချို့သွေးဆူနေတယ်၊ လူတွေစိတ်ဝင်စားနေတယ် အဲဒီလိုအမှုမျိုးဆိုရင် ကိုယ်လိုချင်တဲ့အဖြေ ထုက်ဖို့အတွက် အချိန်ဆွဲပြီးတော့ လူတွေနားဝေးသွားအောင်၊ လူတွေသွေးအေးသွားအောင် တရားရုံးရယ်၊ ဥပဒေအရာရှိတွေရယ်၊ ရှေ့နေတွေရယ် ပေါင်းပြီးတော့ ကြံဆောင်ကြပါတယ်။ ဒါမဖြစ်သင့်ပါဘူး အမှုကို မှန်မှန်နဲ့မြန်မြန်ပဲ ဖြစ်စေချင်ပါတယ်။"

တရားစီရင်ရေးနဲ့ပတ်သက်လို့ အလားတူ ဝေဖန်ထောက်ပြမှုမျိုးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ အခြားတာဝန်ရှိသူတွေကို တွေ့ဆုံချိန်မှာလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ အခုလိုတိုက်တွန်းပြောဆိုမှုဟာ သူသမ္မတဖြစ်လာပြီး ၄ လတာ ကာလအတွင်း တရားစီရင်ရေးစနစ်နဲ့ ပတ်သက်လို့ ပထမအဆင့် ပြင်းထန်တဲ့ သတိပေးချက်ဖြစ်တယ်လို့ သုံးသပ်သူကတော့ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

"အဲဒီတော့ တရားစီရင်ရေးမဏ္ဍိုင်ကြီး ပြိုကျလောက်တဲ့နီးပါး ဖြစ်နေတယ်ဆိုတဲ့ ကိစ္စရပ်တွေမှာ အဓိက တာဝန်ရှိတဲ့ လူတွေကိုယ်တိုင်ကိုက ကြပ်ကြပ်မတ်မတ်နဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ပြင်းပြင်းထန်ထန်သတိပေးသွားတယ်လို့ ကျနော် ထင်မြင်ယူဆပါတယ်။ လူအများစိတ်ဝင်စားနေတဲ့ Reuters သတင်းထောက် နှစ်ယောက်အဖမ်းခံရတဲ့ကိစ္စ၊ နောက် ဦးကိုနီလိုမျိုး အမှုမှာလည်း အခုချိန်အထိ အမိန့်မချနိုင်သေးတာတွေကလည်း တရားစီရင်ရေးစနစ်က အချိန်ကြာလေ အမှန်တရား ပျောက်လေဆိုတာဘက်ကို ဦးတည်သွားနိုင်တယ်။ နောက်ပြီးတော့တခါ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သရုပ်ဆောင် အောင်ရဲထွေး လူသတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ကိစ္စတွေမှာ အမှုကျေအေး ရုပ်သိမ်းခွင့်ပြုလိုက်တဲ့ ကိစ္စတွေ ဒါတွေက တရားစီရင်ရေးမဏ္ဍိုင်ကို အဓိက မီးမောင်းထိုးပြတဲ့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေဖြစ်နေတယ်။"

သူကိုယ်တိုင်က တရားလွှတ်တော်ရှေ့နေတဦး ဖြစ်ခဲ့တဲ့ သမ္မတဦးဝင်းမြင့်က လက်ရှိ တရားစီရင်ရေးမှာ မဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်တွေ မြင်တွေ့နေရကြောင်း ပြောဆိုပါတယ်။

"ကျနော်တို့ဘဝမှာ တသက်လုံးကမကြားတဲ့ တရားရုံးအမိန့်တွေလည်း ကြားနေရတယ်၊ ဒါတွေက လုံးဝမဖြစ်သင့်ဘူး ။ အမှုလိုက်ခဲတာ နှစ်ပေါင်းမနည်းဘူး၊ ဒီဟာမျိုး အမိန့်မျိုး တခါမှမကြားဖူးသေးဘူး။ ဒါလည်း ကျနော် အလေးအနက်ထားမှာပါ။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ဖြစ်စေချင်တာက ဥပဒေနဲ့အညီပဲ ဖြစ်စေချင်တယ်။ Due Process of Law ဥပဒေနဲ့အညီပဲ ဖြစ်ပါ၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ်။ ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေး ဖြစ်ဖို့ဆိုလို့ရှိရင် လက်ရှိ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေတွေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေတွေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံး၊ တရားမကျင့်ထုံး၊ သက်သေခံဥပဒေတွေ စသည်ဖြင့် အဲဒီလိုဥပဒေနဲ့အညီပဲ အုပ်ချုပ်စေချင်တယ်။ တရားစီရင်စေချင်တယ် "

ဘယ်အမှုလည်းဆိုတာကို သမ္မတဦးဝင်းမြင့်က အတိအကျ ရည်ညွှန်းပြောဆိုတာ မရှိပေမယ့် ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့မှုမှာ တရားခံအဖြစ် ဖမ်းဆီး တရားရင်ဆိုင်နေရသူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်လွှတ်ပေးလိုက်တာကြောင့် ဝေဖန်မှု တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပြစ်မှုဆိုင်ရာအမှုတွေမှာ နိုင်ငံတော်ကသာ တရားလိုဖြစ်တယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

"သရုပ်ဆောင် အောင်ရဲထွေးရဲ့ကိစ္စမှာဆိုရင်လည်း ပြစ်မှုဆိုင်ရာအမှုတိုင်းမှာ နိုင်ငံတော်က တရားလိုဖြစ်တယ်။ အဲတော့ နစ်နာသူကိုယ်တိုင်က ကျေအေးချင်တယ်ဆိုရင်တောင်မှ ကိုယ့်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး အတွက် အနှောင့်အယှက်ဖြစ်စေလောက်တဲ့ အမှုမျိုးဆိုလို့ရှိရင် ကျေအေးခွင့်ပေးလို့ကိုမရဘူး၊ ဒါကနိုင်ငံတော်မှာ တာဝန်ရှိတယ်။ အဲဒီတော့ ဒီလိုမျိုး အမှုရုပ်သိမ်းပြီးတော့ ဥပဒေအရာရှိက လွှတ်လိုက်တယ်ဆိုတဲ့ကိစ္စရပ်က မဖြစ်သင့်တဲ့ ကိစ္စရပ်တခု ဆိုးဆိုးဝါးဝါးကြီးဖြစ်သွားတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။"

တရားရေးမဏ္ဍိုင်ပြန်လည်တည့်မတ်ဖို့အတွက် တာဝန်ယူမှု တာဝန်ခံမှုအဆင့်ဆင့် လုပ်သွားကြဖို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းခဲ့ပေမယ့် အဲဒီအတိုင်း လိုက်နာလုပ်ဆောင်တာမျိုးမရှိရင် ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတဲ့ နည်းလမ်းကိုတော့ အတိအကျပြောသွားတာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG