သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေကြီး ဦးကိုနီ အသတ်ခံရမှု မူရင်းစွဲချက် အားလုံးနီးပါး ရန်ကုန်တိုင်းတရားလွှတ်တော် အတည်ပြု


ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စွဲချက်တင်ခံထားရသူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ စွဲချက်တင်ခံထားရသူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး

ရှေ့နေကြီး ဦးကိုနီကို ပစ်ခတ်လုပ်ကြံမှုမှာ ဖမ်းဆီး တရားရုံးတင်စစ်ဆေးခံနေရတဲ့ သေနတ်သမားကြည်လင်းနဲ့ ပူးပေါင်းကြံစည်သူ အောင်ဝင်းဇော် တို့နှစ်ဦးအပေါ် တင်ထားတဲ့ မူရင်း ရာဇဝတ်ပြစ်မှု စွဲချက်အမိန့်အားလုံးနီးပါးကို ရန်ကုန်တိုင်း တရားလွှတ်တော်က မနေ့ တနင်္လာနေ့က ထပ်မံ အတည်ပြုလိုက်ပါတယ်။

အခုလို တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေအတိုင်း ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ကျေနပ် အားရမိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ပြန်လည်တည်မတ်ဖို့ ပြုပြင်းပြောင်းလဲရေး အစပျိုးလာပြီလို့လည်း သုံးသပ်ကြောင်း ဦးကိုနီ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းနဲ့ သူ့ အမှုတွဲတွေအပေါ် မြောက်ပိုင်းခရိုင်တရားရုံးက ချမှတ်ထားတဲ့ အမိန့်စွဲချက်တွေကို ထပ်မံ အတည်ပြုကြောင်း ရန်ကုန်တိုင်း တရားလွှတ်တော်က မနေ့ တနင်္လာနေ့က အပြီးသတ် ဆုံးဖြတ်ချက် ပေးလိုက်တာပါ။

မြောက်ပိုင်းခရိုင်တရားရုံးက တင်ထားတဲ့ စွဲချက်တွေကတော့ သေနတ်သမား ကြည်လင်းကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အပိုဒ်ခွဲပါ အချက်တွေ၊ နောက် ပူးပေါင်းကြံစည်တဲ့ အောင်ဝင်းဇော်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၀၂ ပါအချက်တွေနဲ့ပဲ စွဲချက်တင်ထားတာဖြစ်ပါတယ်။ ဒီစွဲချက်တွေအတိုင်း ဆက်လက်စစ်ဆေးဖို့ ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်ရဲ့ အမိန့်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဦးကိုနီ ရဲ့ အမှုလိုက် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဌေးက တရားရုံးပြင်ပမှာ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်တရားသူကြီးဟာ သူ့ရှေ့မှာရောက်လာတဲ့ အမှုမှာ ပေါ်ပေါက်နေတဲ့ သက်သေခံချက်တွေအတိုင်း သူရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားတယ် ဘယ်သူ့မျက်နှာမှ မထောက်ဘူး ဘယ်သူ့ဘက်မှ မလိုက်ပဲနဲ့ ဥပဒေမျက်နှာတခုပဲ ကြည့်ပြီးတော့ ဆောင်ရွက်လာတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ကြိုဆိုပါတယ်။"

ဒါပေမဲ့လည်း အောင်ဝင်းဇော် အပေါ် တင်ထားတဲ့ နောက်ထပ်စွဲချက်တခုဖြစ်တဲ့ လက်နက်ဥပဒေ ပုဒ်မ ၁၉ ပါ အချက်တွေကိုတော့ ရန်ကုန်တိုင်း တရားလွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှေ့နေ ဦးခင်မောင်ဌေးက အခုလို ရှင်းပြပါတယ်။

"လက်နက်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အောင်ဝင်းဇော်ကို ပယ်ဖျက်လိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သက်သေခံအထောက်အထားမရှိဘူးလို့ တရားရုံးက သုံးသပ်တွေ့ရှိတဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကနေပြီးတော့ လက်နက်မှုနဲ့ ပတ်သက်ပြီးတော့ ပယ်ဖျက်ပေးလိုက်တယ်။"

ဦးကိုနီလုပ်ကြံခံရမှုမှာ ပူးပေါင်းကြံစည်လုပ်ဆောင်မှုဆိုတဲ့ ပုဒ်မ ၃၄နဲ့ စွဲချက်တင်ခံထားရတဲ့ ဇေယျာဖြိုးကိုတော့ ပြစ်မှုကျူးလွန်သူကို အားပေးကူညီမှု ပုဒ်မ ၁၀၉ ပြောင်းလဲပေးလိုက်တယ်လို့ ရှေ့နေ ဦးခင်မောင်ဌေးကပြောပါတယ်။

'ကျနော်တို့လည်း ကျေနပ်တယ်လို့ ပြောပါရစေ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လေဆိပ်မှာ ကြည်လင်းရှိနေတယ် ၊ အောင်ဝင်းဇော်ရှိနေတယ်။ ကြည်လင်း၊ အောင်ဝင်းဇော်ကလွဲလို့ ဘယ်သူနဲ့မှ မပတ်သက်ဘူး သူတို့ ၂ ယောက်အတူတူပဲဆိုတာကို ကျနော်တို့သိနေတယ်။ ဒီအပေါ်မှာ သူတို့ ၂ ယောက် အကုန်လုံး ပူးပေါင်းဆောင်ရွက်ခဲ့တာကို မြင်တဲ့အတွက် ပုဒ်မ ၃၄ နဲ့ စွဲချက်တင်တယ်။ အဲလိုပဲ ဇေယျာဖြိုးဟာ အမှုမှာ ပတ်သက်တယ်ဆိုတဲ့အကြောင်း အထောက်အထားတွေတော့ရှိတယ်။ သို့သော် အမှုဖြစ်တဲ့နေရာမှာ သူမရှိဘူး။ ၃၄အရ စွဲချက်တင်နိုင်လောက်တဲ့ အနေအထားမှာမရှိဘူး။ ပြစ်မှုကျူးလွန်တဲ့ကိစ္စမှာ တစိတ်တပိုင်း ပတ်သက်တယ်ဆိုတဲ့ အကြောင်းအရာကြောင့်ဆိုရင် ၁၀၉ နဲ့ စွဲချက်တင်ရမယ် ဒါလည်းအမှန်ပဲခင်ဗျ။"

အောင်ဝင်းဇော်ရဲ့ အကိုဖြစ်သူ အချုပ်လွတ် အာမခံရရှိတဲ့ အောင်ဝင်းထွန်းကိုတော့ မူလစွဲချက်ဖြစ်တဲ့ ပြစ်မှုကျူးလွန်သူတွေကို လွတ်မြောက်ဖို့ ကူညီပေးခဲ့တဲ့ ပုဒ်မ ၂၁၂ နဲ့ပဲ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။

သေနတ်သမား ကြည်လင်းနဲ့ အပေါင်းပါ အောင်ဝင်းဇော်တို့က သူတို့ အပေါ်တင်ထားတဲ့ စွဲချက်တွေကို မကျေနပ်တဲ့အတွက် ပြောင်းလဲ ပြင်ဆင်ဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးရဲ့ လျှောက်ထားချက်အားလုံးကို တရားသူကြီး ဦးအောင်နိုင်က ပယ်ချခဲ့ပြီး မူလ တရားရုံးရဲ့ စွဲချက်ချက် အမိန့်ကို ထပ်မံ အတည်ပြုခဲ့တာပါ။

တဖက်မှာလည်း ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ အကိုဖြစ်သူ အောင်ဝင်းထွန်းတို့အပေါ် မြောက်ပိုင်းခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ လုပ်ကြံခံရတဲ့ ဦးကိုနီရဲ့ ဇနီး ဒေါ်တင်အေး က ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို လျှောက်ထားခဲ့တာကို ရန်ကုန်တိုင်း တရားလွှတ်တော်က ပယ်ချခဲ့ပါတယ်။

အလားတူ သေနတ်သမားကြည်လင်းကို အုတ်ခဲနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ ဇနီးကလည်း စွဲချက်တွေ ပြင်ဆင်ပေးဖို့ လျှောက်ထားချက်ကိုလည်း တိုင်းတရားလွှတ်တော်က ပယ်ချခဲ့ပါတယ်။

အခုလို တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူတွေအနေနဲ့ နောက်ဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထိ ပြင်ဆင်အယူခံ လျှောက်ထားနိုင်ပါတယ်။

ဦးကိုနီလုပ်ကြံခံရတဲ့အမှုကို ရုံးတင်စစ်ဆေးနေရာမှာ အချိန် တနှစ်ခွဲကျော်ကြာနေပါပြီ။ တရားလိုပြ သက်သေ စုစုပေါင်း ၈၀ ကို မြောက်ပိုင်းခရိုင် အထူးတရားရုံးက စစ်ဆေးပြီးနောက် စွဲချက်အမိန့်တွေကို ချမှတ်ခဲ့တာဖြစ်ပြီး ဇွန်လ ကုန်ပိုင်းလောက်မှာ အမှုကို အပြီးသတ်စီရင်ချဖို့ရှိကြောင်း တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG