သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

" ထမင်းဝအောင်စားထား" လှုပ်ရှားသူတွေအရေးယူနိုင်ရေး ရှေ့နေကွန်ယက်အဖွဲ့တွေ ကြိုးပမ်း


 ရှေ့နေအသင်းများမှ ကြေညာချက် ထုတ်ပြန် (Myanmar Media Lawyers' Network)
ရှေ့နေအသင်းများမှ ကြေညာချက် ထုတ်ပြန် (Myanmar Media Lawyers' Network)

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံမှုမှာပါတဲ့ သေနတ်သမား ကြည်လင်းနဲ့ အခြားအပေါင်းအပါတွေကို ထောက်ခံကြောင်းပြတဲ့ အနေနဲ့ "မင်းတို့ ထမင်းဝအောင် စားထား"ဆိုတဲ့ စတစ်ကာပါ တီရှပ်တွေဝတ်ပြီး တရားရုံးရှေ့ လာရောက်ဝန်းရံ ခဲ့ကြသူတစုကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးဖို့ တာဝန်ရှိအဖွဲ့အစည်းတွေကို လာမယ့်တပတ်အတွင်း တိုင်ကြားသွားမယ်လို့ ရှေ့နေကွန်ယက် အဖွဲ့တွေက ပြောပါတယ်။ ဒါဟာ လွတ်လပ်စွာ တရားစီရင်ရေးကို အနှောင့်အယှက် အဟန့်အတားပြုရာရောက်တယ်လို့ ရှေ့နေအဖွဲ့အစည်းတွေက သုံးသပ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု အပါအဝင် တက္ကစီယာဉ်မောင်း ဦးနေဝင်း အသတ်ခံရမှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားသူတွေကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရုံးထုတ်ချိန် "မင်းတို့ ထမင်းဝအောင်စားထား"ဆိုတဲ့ စတစ်ကာပါ တီရှပ် တွေဝတ်ပြီး လူသတ်သမား ကြည်လင်းနဲ့ အပေါင်းအပါတွေကို လာရောက်ဝန်းရံ အားပေးခဲ့တဲ့ လူငယ်တစ်စုရဲ့ လုပ်ရပ်ကို အရေးယူပေးဖို့ ရှေ့နေအသင်းအဖွဲ့ ၄ ဖွဲ့က ပြင်ဆင် ဆောင်ရွက်နေပါတယ်။

"မင်းတို့ ထမင်းဝအောင် စားထား"ဆိုတဲ့ လှုပ်ရှားမှုက လွတ်လပ်စွာ တရားစီရင်ရေးကို အနှောင့်အယှက် အဟန့်အတားပြုရာရောက်တယ်လို့ သုံးသပ်တာကြောင့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိတွေထံ စာပို့ပြီး လူသတ်မှု ကျူးလွန်သူတွေအပေါ် ဝန်းရံထောက်ခံသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ပေးဖို့ လာမယ့် သီတင်းပတ်မှာ တင်ပြတောင်းဆိုသွားမယ်လို့ မြန်မာနိုင်ငံ ရှေ့နေကွန်ယက်ဥက္ကဌ ဦးမောင်မောင်စိုးက VOA ကို ပြောပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ဖြစ်တာက အများနဲ့ဆိုင်တဲ့ ကျူးလွန်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်။ ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၁၉ ပေါ့နော် ၁၉(က) မှာ ဥပဒေနဲ့ အညီ တရားစီရင်ရေးကို အနှောင့်အယှက် ဟန့်တားပြုတယ်လို့ ဒါကို ကျနော်တို့က အဓိက တင်ပြချင်တယ်။ လူသတ်သမား ဦးကြည်လင်းကို လာတွေ့တာ မည်သူမဆို တွေ့နိုင်ပါတယ် ဆွေမျိုးသားချင်းလည်း တွေ့နိုင်တယ်၊ မိတ်ဆွေလည်း တွေ့နိုင်တယ်၊ ဒါပေမယ့် "မင်းတို့ ထမင်းဝအောင် စားထား"ဆိုတာက အကုန်လုံးအတွက် ရည်ညွန်းတာ။ မင်းတို့ ထမင်းစား ဆိုတာ မင်းတို့ လုပ်ရဲလုပ်ကြည့်လို့လည်းပြောနိုင်တယ်။ မင်းတို့ မထိနဲ့ လို့လည်း ပြောနိုင်တယ်။ အဲဒီအတွက် ဒါက ကျနော်တို့ တရားစီရင်ရေးကို တိုက်ရိုက် နှောင့်ယှက်တယ်လို့ ယူဆနိုင်တယ်။ ကျနော်တို့ ရှေ့အပတ်ထဲမှာ တောက်လျောက်တင်ပြမယ်။ တင်လည်းတင်၊ တိုင်လည်းတိုင်မယ်။ အရေးယူဖို့ပေါ့လေ ကျနော်တို့ သူတို့ကို တင်ပြမယ်။"

အခုလို အရေးယူပေးဖို့ တိုင်ကြားမယ့်ကိစ္စကို ရှေ့နေအဖွဲ့အစည်းတွေဖြစ်တဲ့မြန်မာနိုင်ငံရှေ့နေကွန်ယက်၊ မြန်မာနိုင်ငံရှေ့နေများအသင်း၊ မြန်မာနိုင်ငံ မီဒီယာရှေ့နေကွန်ယက်၊ ရန်ကုန် ရှေ့နေအသင်းတို့က စုပေါင်းတိုင်ကြားတာ ဖြစ်ပါတယ်။ ရှေ့နေဦးကိုနီအမှုနဲ့ ပတ်သက်လို့ တရားခွင်မှာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာတဲ့အထိ စိုးရိမ်ဖွယ်အခြေအနေတွေ ရှိလာကြောင်း ရှေ့နေ ဦးမောင်မောင်စိုးက ပြောပါတယ်။

"ကျနော်တို့လည်း တရားစီရင်ရေးမှာ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိတဲ့အတွက်ကြောင့် "ထမင်းဝအောင်စားထား"ဆိုတဲ့ စကားလုံးက ကျနော်တို့ကို သေစေနိုင်တဲ့ အချက်ပေါ့ ဒီလိုခြိမ်းခြောက်တာ ပြင်းပြင်းထန်ထန် ၊ အမှုန့်ချေမယ် ဆိုတဲ့ ပုံစံမျိုး ကျနော်ခံစားရပါတယ်။"

လူငယ်တစုက "မင်းတို့ ထမင်းဝအောင်စားထား"ဆိုတဲ့ တရားရုံးရှေ့ လှုပ်ရှားမှုဟာ လွတ်လပ်တဲ့ တရားစီရင်ရေးကိုရော ရှေ့နေတွေ၊ သတင်း မီဒီယာတွေနဲ့ လူထုကိုပါ ခြိမ်းခြောက်လာတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အရေးယူသင့်တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ဝင် ဒေါ်နော်အုံးလှက ပြောပါတယ်။

"ဦးကိုနီကို လုပ်ကြံတာက ကြည်လင်း၊ ဒါပေမယ့် ကြည်လင်းကိုမိအောင်ဖမ်းတာက ပြည်သူ။ ဒီလိုမျိုး မတရားမှုတွေမှာ ပြည်သူတွေကပဲ လုပ်ပေးခဲ့တယ်။ "ထမင်းဝအောင်စားထား"ဆိုတာက လူထုကို စော်ကားတဲ့ ပုံစံရောက်တယ်လို့ ကျမ မြင်တယ်လေ။"

ဦးကိုနီကို လုပ်ကြံသူ လူသတ်သမား ကြည်လင်းနဲ့ သူ့အပေါင်းအပါတွေကို ထောက်ခံဝန်းရံတယ်ဆိုပြီး မြောက်ပိုင်းခရိုင် တရားရုံးရှေ့ ရောက်လာကြတဲ့ လူငယ်တစုဟာ အမျိုးသားရေးအစွန်းရောက် အုပ်စုတွေဖြစ်ကြောင်း ပြည်တွင်းသတင်းတွေမှာ ဖေါ်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG