သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး NLD စိတ်ဝင်စားမှုနည်းဟု တရားလိုရှေ့နေသုံးသပ်


ဦးကိုနီ အလုပ်ကြံခံရတဲ့နေ့က လေဆိပ်မှာ ဖခင်ဖြစ်သူကို သွားရောက် ကြိုခဲ့တဲ့ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဒီကနေ့မှာ တရားလိုပြ သက်သေအဖြစ် ရုံးတင်စစ်ဆေး။
ဦးကိုနီ အလုပ်ကြံခံရတဲ့နေ့က လေဆိပ်မှာ ဖခင်ဖြစ်သူကို သွားရောက် ကြိုခဲ့တဲ့ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဒီကနေ့မှာ တရားလိုပြ သက်သေအဖြစ် ရုံးတင်စစ်ဆေး။

တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီး အရေးယူနိုင်ရေးအတွက် NLD အစိုးရဘက် စိတ်ဝင်စားမှု နည်းနေတယ်လို့ဦးကိုနီရဲ့ အကျိုးဆောင် ရှေ့နေဦးနေလက ပြောဆိုလိုက်သလို စုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့လည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မိသားစု ဘက်ကလည်း လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကို အမှန်အတိုင်း အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တိုက်တွန်းခဲ့ ပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခကပေးပို့ထားပါတယ်။

ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ရာမှာ ဦးကိုနီရဲ့အကျိုးဆောင် ရှေ့နေ ဦးနေလက အခုလို တောင်းဆို လိုက်တာပါ။ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီးရမိပြီး ထိုက်သင့်သလို အရေးယူ နိုင်ရေးအတွက် အာဏာပိုင်တွေ ဘက်က ဒီထက်ပို အားထုတ်ပေးဖို့ တိုက်တွန်း လိုက်တာပါ။

" အဓိကအားဖြင့် လက်ရှိအစိုးရရဲ့ NLD ပါတီကို မေတ္တာရပ်ခံချင်တာက အသတ်ခံရတဲ့သူကတော့ ပြန်မရှင်လာနိုင်ဘူး။ ဒါပေမဲ့ ဘာကြောင့်မို့လို့ လုပ်ကြံသတ်ဖြတ်တာလည်း နိုင်ငံရေး ပရောဂကြောင့်လား အခြား ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ကိစ္စကို ဖော်ထုတ်ပေးဖို့ ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ NLD အစိုးရအပေါ်မှာ ပြောလိုတယ်ပေါ့။ ဒါပေမဲ့ NLD အစိုးရရဲ့ NLD ပါတီတွေရဲ့ ဒီအမှုအပေါ် စိတ်ဝင်စားမှုဟာ ဆရာတို့ဘက်က ပြောမယ်ဆိုရင် မမြင်မတွေ့ရသေးဘူးပဲပြောလို့ရမှာဖြစ်ပါတယ်။"

ဦးကိုနီ လုပ်ကြံခံ ခဲ့ရတာဟာ ၈လ နီးပါး ကြာလာ ပြီဖြစ်ပေမယ့် လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ သံသယ ရှိသူကို ခုထိဖမ်း ဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဦးကိုနီ အလုပ်ကြံခံရတဲ့နေ့က လေဆိပ်မှာ ဖခင်ဖြစ်သူကို သွားရောက် ကြိုခဲ့တဲ့ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဒီကနေ့မှာ တရားလိုပြ သက်သေအဖြစ် ရုံးတင်စစ်ဆေးခဲ့တာပါ။

တရားရုံး ထွက်ဆိုချက် အပြီး သတင်းထောက်တွေက ဒေါက်တာယဉ်နွယ်ခိုင်ကို မေးမြန်းရာမှာ ဖခင် အလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်တိုင်း တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ပေးဖို့ လိုလားကြောင်း ပြောကြားခဲ့သလို အမှန်တရား ပေါ်ပေါက်ရေးဟာ မိသားစုအတွက် သာမက မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးအတွက်ပါ အရေးတကြီး လိုအပ်တဲ့ ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

" ဘာကြောင့်လဲဆိုတာ သိချင်တယ် ဘယ်သူလုပ်တာလဲဆိုတာ ကျမတို့ သေချာပေါက် သိချင်တာပေါ့ ကျမတို့ပြောတဲ့ အမှန်တရားဆိုတာ အဲ့တာပဲ့လုပ်တာလဲ ဘယ်သူတွေ လုပ်တာလဲ အဲ့တာတွေအကုန် ကျမတို့သိချင်ပါတယ်။ သေသွားတဲ့သူက ကျမတို့ ဘာမှ ပြန်ရစရာအကြောင်းမရှိဘူး ကျမတို့မှာ မျှော်လင့်စရာက အမှန်တရားတခုပဲရှိတယ်။ အဲ့ဒီ့အမှန်တရားက ကျမတို့မိသားစုထက်ကို နိုင်ငံအတွက်ရော ဥပဒေရေးရာတွေ အတွက်ရော သိပ်ကို လိုအပ်တယ်လို့ ကျမထင်တယ်။ အမှန်တရားထွက်မှာဖြစ်မယ် မထွက်ဘူးဆိုရင် ကျမတို့နိုင်ငံအတွက်ရော ဥပဒေရေးရာအတွက်ရော အရမ်းကို လက်ညိုးထိုးစရာ ဖြစ်သွားလိုက်မယ်။"

ဦးကိုနီအမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူအဖြစ် အစွပ်စွဲခံနေရသူ ဦးအောင်ဝင်းခိုင် ကို ဖမ်းဆီးရမိနိုင်မယ်လို့ ယုံကြည်နေတဲ့ ရှေ့နေဦးနေလကတော့ သံသယ ရှိသူဟာ မြန်မာနိုင်ငံတွင်းမှာသာရှိနေတာမို့ မကြာခင်မှာပဲ အမှုအခြေအနေ ထူးခြားမှု ရှိလာမယ်လို့ ယူဆကြောင်း ပြောပါတယ်။

"မကြာမှီ ရုံးချိန်း နှစ်ချိန်း သုံးချိန်းလောက်ဆိုရင် ဒီအမှုရဲ့ ရုပ်လုံးက ပိုပေါ်လာမယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။ နောက်တခုက ဘာလဲဆိုတော့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးမရှိတဲ့ အတွက်ကြောင့်မို့လို့ ဘာကြောင့်မို့လို့ သတ်ခဲ့တယ်ဆိုတဲ့ အကြောင်းခြင်းရာ မသိရသေးဘူး။ မသိသေးရသေးတဲ့အတွက် အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး အတွက် မိသားစုကိုယ်စား အားလုံးကို မေတ္တာရပ်ခံရမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး ကြိုးစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။"

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီလ (၂၉) ရက်နေ့က အင်ဒိုနီးရှားက အပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ ခံခဲ့ရ တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အပတ်စဉ် သောကြာနေ့တိုင်းမှာ ရုံးထုတ်စစ်ဆေး နေတာ ဖြစ်ပြီး အခုချိန် အထိတော့ အဓိကတရားခံအဖြစ် သံသယရှိသူ ဦးအောင်ဝင်းခိုင်ဟာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့မှုနဲ့သံသယရှိသူ ဦးကြည်လင်း နေခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော် အပါအဝင် သက်သေ ၇ ယောက် ကို စစ်မေးခဲ့ တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG