ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ ကုန်ဆုံးတော့မယ့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇေယျသူ၊ နိုင်ငံရေးသုတေသီ ကိုအမရသီဟ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက ကိုမြတ်သူတို့နဲ့ မစုမြတ်မွန်က သုံးသပ်ဆွေးနွေးထားပါတယ်။
မစုမြတ်မွန် ။ ။ မင်္ဂလာပါ။ VOA မြန်မာပိုင်းရဲ့ ၂၀၁၇ နှစ်ချုပ်သုံးသပ်ချက် အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေကို သုံးသပ်ပြီးတော့မှ ရှေ့လာမယ့် ၂၀၁၈ ခုနှစ်အတွက် ဘယ်လိုတွေ၊ အကြိုသက်ရောက်မှုတွေ၊ တိုးတက်မှုတွေ ရှိမလဲဆိုတာကို သုံးသပ်ကြမှာ ဖြစ်ပါတယ်။ ဒီနေ့ သုံးသပ်ကြမယ့်၊ ဆွေးနွေးကြမယ့် သူတွေကို မိတ်ဆက်ရရင် ပထမဦးဆုံး ကိုဇေယျသူ - မြန်မာ့နိုင်ငံရေးကို လေ့လာသုံးသပ်နေသူလည်းဖြစ်တယ်။ ကိုအမရသီဟ - အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် မူဝါဒရေးရာတွေကို လေ့လာနေတဲ့ … Center ရဲ့ နိုင်ငံရေးသုတေသီ။ ကိုမြတ်သူ - ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို တည်ထောင်သူနဲ့ နိုင်ငံရေးအခြေအနေတွေကို အမြဲမပြတ် လေ့လာနေသူတို့ ဖြစ်ပါတယ်။
ဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် NLD အကြံပေး ရှေ့နေကြီး ဦးကိုနီ သတ်ဖြတ်ခံရတဲ့ ကိစ္စက စပြီးတော့ ရခိုင်အရေး ပြဿနာ။ အခုလတ်တလောဆိုရင် ရိုက်တာသတင်းထောက်နှစ်ယောက် အဖမ်းခံထားရတဲ့ကိစ္စ။ အဲဒီလိုမျိုး ပြည်တွင်းမှာတင် မဟုတ်ဘူး၊ နိုင်ငံခြားကပါ စိတ်ဝင်တစားနဲ့ နိုင်ငံတကာမှာ ဂယက်ရိုက်စရာ သတင်းတွေ ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို မဆွေးနွေးခင် အရင်ဆုံးတော့ အခု ၂၀၁၇ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့အထဲက တိုးတက်မှုတွေ၊ ဘာတွေရှိတယ်ဆိုတာကို အရင်ဆုံး ဆွေးနွေးကြပါမယ်။ ကိုဇေယျသူ ဦးစွာဆွေးနွေးပေးပါ။
ကိုဇေယျသူ ။ ။ စီးပွားရေးပိုင်းမှာတော့ Company Law ဆိုပြီး အရင်ကတော့ ကုမ္ပဏီဥပဒေက ၁၉၁၄ လောက်က ဥပဒေကို တောက်လျှောက်သုံးလာတယ်။ နှစ် (၁၀၀) ကျော်လောက်မှ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဒီဥပဒေကို အတည်ပြုနိုင်တယ်။ အဲဒီအခါကြတော့ Cooperate Governance ကုမ္ပဏီတွေမှာ လည်ပတ်ပုံအဆင့်အထိ အကုန်အဆင်ပြေသွားနိုင်တယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုအတွက်လည်း (၃၅) ရာခိုင်နှုန်းအထိ နိုင်ငံခြားရင်းနှီးမှု ဝင်ရင်တောင် ပြည်တွင်းကုမ္ပဏီပဲ ဖြစ်နေသေးတယ်ဆိုတဲ့အတွက် ပြည်တွင်းက ကုမ္ပဏီတွေက အရင်းအနှီး ပိုရလာမယ်။ အဲဒါက တခု။
နောက်တခုက နိုင်ငံခြားရင်းနှီးမှုအတွက် နည်းဥပဒေ။ အဲဒီဥပဒေလည်း ဒီနှစ်ထဲမှာ အတည်ပြုလိုက်နိုင်တယ်။ ပြောရမယ်ဆိုရင်တော့ စီးပွားရေးအပိုင်းမှာတော့ Company Law နဲ့ ရင်းနှီးမြုပ်နံှမှု နည်းဥပဒေ - အဲဒီနှစ်ခုကတော့ ထူးခြားတယ်။ အဲဒါ တိုးတက်မှုပိုင်းပါ။
မစုမြတ်မွန် ။ ။ ကိုမြတ်သူက ဘယ်လိုမျိုး သုံးသပ်နိုင်ပါလဲ။ အခု ၂၀၁၇ ခုနှစ်အတွင်းမှာ ရှိခဲ့တဲ့ တိုးတက်မှုဆိုရင်။
ကိုမြတ်သူ ။ ။ စီးပွားရေးပိုင်းမှာတော့ အတိုင်းအတာတခုအထိတော့ တွေ့ရပါတယ်။ တိုးတက်တဲ့အပိုင်း။ အခုနပြောတဲ့ ဥပဒေပိုင်းမှာ တိုးတက်မှုရှိတယ်။ ရှိတယ်ဆိုတဲ့အခါမှာ ဘယ်ဟာကို ဇောင်းပေးတာ တွေ့ရသလဲဆိုတော့ စီးပွားရေးကို လွတ်လွတ်လပ်လပ်နဲ့ စီးပွားရေးလုပ်သူဝတွေက ပိုပြီးတော့ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ ရနိုင်တာနဲ့၊ လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ ရလာနိုင်တဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ နောက်တချက်က လယ်ယာစိုက်ပျိုးရေး ဘာညာဆိုရင်လဲ တချို့ Strategy ကျကျ ချည်းကပ်တာမျိုး တွေ့ရတယ်။ ကုန်ထုတ်လမ်းက စပြီးတော့ ဒီနှစ်ထဲမှာ ကြည့်မယ်ဆိုရင် နိုင်ငံခြားဆန် Export ဆိုရင်လည်း နှစ်ဆလောက် တက်သွားတာ တွေ့ရတယ်။ စီးပွားရေးပိုင်းမှာ တိုးတက်မှုရှိသလို၊ နိုင်ငံရေးပိုင်းမှာလည်း ပြည်သူတွေက ဒါကတော့ ဒီနှစ်အတွင်းမှာ မဟုတ်ဘူး - သူတို့ ဥပဒေတွေ ပြောင်းလဲလိုက်တဲ့နောက်မှာ တသီး ပုဂ္ဂလိက လွတ်လပ်လုံခြုံမှု အပိုင်းတွေမှာ အတိုင်းအတာတခုအထိ တိုးတက်လာတာကို တွေ့ရပါတယ်။
မစုမြတ်မွန် ။ ။ ၂၀၁၇ ခုနှစ်အတွင်းမှာ ကိုအမရသီဟဆိုရင် ဗမာနိုင်ငံထဲမှာတင်မကဘူး၊ အမေရိကန်ပြည်ထောင်စုမှာလည်း သုတေသီတယောက်အနေနဲ့ နေခဲ့တဲ့အချိန်တွေ ရှိတယ်ဆိုတော့ ပြည်ပကအမြင်နဲ့ ဒီမြန်မာနိုင်ငံအပေါ် ဘယ်လို သုံးသပ်မှုတွေ၊ တိုးတက်မှုတွေ ရှိသလဲဆိုတာကို သုံးသပ်နိုင်သလဲ။
ကိုအမရသီဟ ။ ။ အဓိကတော့ လွန်ခဲ့သော လေးငါးနှစ်အတွင်းမှာ အတော်အေးနေတဲ့ မြန်မာ-တရုတ် ဆက်ဆံရေးက ဒီနှစ်ထဲမှာ အတော်လေးပြန်ပြီး အားကောင်းလာတယ်။ အထူးသဖြင့်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံဟာ တနှစ်ထဲမှာ တရုတ်ပြည်ကို နှစ်ခါ သွားတယ်ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ထားရှိခဲ့တဲ့ ကိစ္စတခုပါ။ တချိန်ထဲမှာပဲ ရက်ပိုင်းအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ်လည်း သွားခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံသွားတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးက အရင်ကထက် ရှေ့ကိုပိုရောက်လာတယ်။ နောက် အထူးဆန်းဆုံးကိစ္စဆိုရင် တရုတ်က မြန်မာ့ငြိမ်းချမ်းရေးမှာ ပထမဦးဆုံးအကြိမ် ပေါ်ပေါ်ထင်ထင် လမ်းပြမြေပုံနဲ့ ဝင်ရောက်ပါဝင်ဖို့ကို ကမ်းလှမ်းမှုတွေ၊ ပါဝင်မှုတွေ လုပ်ဆောင်တယ်ဆိုတာ မြန်မာနိုင်ငံနဲ့ တရုတ်ဆက်ဆံရေးမှာ၊ မြန်မာ-တရုတ် ငြိမ်းချမ်းရေးပါ တိုးတက်လာတဲ့ အယူအဆတခုလို့ မြင်ပါတယ်။
မစုမြတ်မွန် ။ ။ ငြိမ်းချမ်းရေးလို့ပြောလို့ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် ဖြစ်ဖို့ကို မြန်မာ့ခေါင်းဆောင်တွေက မျှော်လင့်ခဲ့ကြတယ်။ ပြောလည်းပြောခဲ့ကြတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေကို ကြည့်လို့ရှိရင် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေပြီ။ ကချင်မှာလည်း ကချင်နဲ့တိုက်ပွဲတွေ ရှိတယ်။ ချင်းပြည်နယ်ဘက်မှာလည်း ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ပြောဖို့ မရသေးဘူးလို့ ဆိုလို့ရှိရင် မှားမယ်လို့ သုံးသပ်လို့ရပါလား။
ကိုမြတ်သူ ။ ။ ၂၀၁၇ အတွင်းမှာ အားရတဲ့အပိုင်းကတော့ NLD က သူ့ရဲ့ တိုက်ရိုက်အကျိုးစီးပွားတွေ မပါဘဲနဲ့ စေတနာသန့်သန့်နဲ့ ငြိမ်းချမ်းရေးရအောင် အားထုတ်မှုအပိုင်းမှာတော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့လည်း သိသာမြင်သာတဲ့ NCA မှာ လက်မှတ်ထိုးဖို့ ခက်ခဲနေတာတွေ။ ပြီးတော့ သူတို့လုပ်တဲ့ ပင်လုံညီလာခံမှာလည်း အတိုင်းအတာတခုအထိ ခက်ခဲဖြစ်နေတာတွေ။ နောက်ဆုံး လောလောလတ်လတ် သူတို့ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ ပိတ်ပင်တားဆီးခံရနေတာတွေ ရှိနေပါသေးတယ်။ အဲဒီတော့ စိန်ခေါ်မှုတွေက အများကြီး ရှိပါတယ်။ ဒါက NLD အပေါ် လေးလေးနက်နက် ဆွေးနွေးရမယ်ဆိုရင်တော့ NLD က သူတို့ကိုယ်သူတို့ Positioning ဘယ်လိုနေရာချလည်းဆိုတဲ့အပေါ် မူတည်ပြီးတော့ ဒီလို အခက်အခဲတွေ ရှိနေတယ်လို့ မြင်ပါတယ်။
မစုမြတ်မွန် ။ ။ ကိုအမရသီဟ ဒီအပေါ် ဘယ်လိုပြောချင်လဲ။
ကိုအမရသီဟ ။ ။ ကျနော်တို့အနေနဲ့ ကျနော် အရင် NCA တလျှောက်လုံး Negotiation မှာလည်းပါတယ်။ ရှေ့ပိုင်း နှစ်ဘက်သဘောတူညီချက်မှာလည်း ကြည့်ခဲ့တယ်ဆိုတော့ ကျနော်တို့အမြင်မှာ ငြိမ်းချမ်းရေးဆိုတာက Dialogue တွေ ဆက်ရှိနေတယ်။ နှစ်ဦးနှစ်ဘက် ဆက်ပြီးတော့ ဆွေးနွေးနေတယ် ဆိုကတည်းက အတိုင်းအတာတခုအထိ အောင်မြင်တယ်လို့ ယုံကြည်တယ်။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အရင်က သူတို့နဲ့ ဆွေးနွေးမှုတွေ မရှိခဲ့ဘူးဆိုတဲ့ အတိုင်းအတာတခုကနေ အခုအခါမှာ ပင်လုံညီလာခံကို ဖိတ်ဖို့ကြိုးစားခဲ့တယ်။ တရုတ်ရဲ့ အကူအညီတွေပါတယ်။ နောက် အခုအချိန်မှာ နိုင်ငံရေးစကားပြောဖို့အတွက် ညှိနှိုင်းတဲ့အဆင့်လည်းရှိတယ်။ … ဆက်ရှိနေတယ်။ ပြီးတော့ တိုးတက်မှု ရှိတယ်မရှိဘူးဆိုတာထက် ဒီ Process ကြီးက ဆက်သွားနေတယ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တာထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးက မပြိုသေးဘူး။ ဆက်သွားလို့ရတယ်ဆိုတဲ့ အတိုင်းအတာတခုကတော့ ကျနော့်အနေနဲ့ အကောင်းဘက်ကို သွားတယ်လို့ မြင်ပါတယ်။
မစုမြတ်မွန် ။ ။ ကိုဇေယျသူအနေနဲ့ ဒီအပေါ်မှာ လက်ခံပါလား။
ကိုဇေယျသူ ။ ။ ကျနော်တို့ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် - အဲဒီဟာက ပျက်မသွားဘူး။ ပျက်မယ့်အခြေအနေတောင် တချို့ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ပျက်မသွားဘူးဆိုတော့ ဒါကိုက အောင်မြင်မှုပေါ့။ နောက်တခုက ကျနော်တို့နိုင်ငံရဲ့ အချုပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ငြိမ်းချမ်းရေးကလည်း လည်ပတ်နေတယ်ဆိုတော့ သူကိုယ်တိုင်က လေးနာရီ၊ ငါးနာရီ ဆက်တိုက်ထိုင်တဲ့ အစည်းအဝေးက ကျနော် သိသလောက် မရှိခဲ့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတုန်းက ရှိခဲ့တယ်။ ကျနော်လည်း အခု (၂၁) ရာစု ပင်လုံညီလာခံမှာပါတဲ့အခါကြတော့ ဘာသွားတွေ့ရလဲဆိုတော့ ဆွေးနွေးဘက်တွေက စိတ်အားထက်သန်စွာ ဆွေးနွေးကြတယ်။ ဆိုလိုတာကတော့ ဆွေးနွေးပွဲတွေက ဘာမှအလုပ်မဖြစ်ဘူးဆိုရင် သိပ်ပြီးစိတ်အားထက်သန်စွာ ဆွေးနွေးမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ခေါင်းငြိမ့်။ ပြီးမှ ပြောချင်တာ ပြောကြမှာ။ ဟိုမှာတော့ ဒါက သူတို့အတွက် တကယ့်ကို Survivial လို့ ပုံစံမျိုး တပ်ဘက်ကလည်း ဆွေးနွေးတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဆွေးနွေးတယ်။ ဆိုလိုတာက သူတို့ ပြင်လာတာကို တွေ့ရတယ်။ အဲဒါကို ကြည့်တယ်ဆိုရင်တော့ ကျနော့်အနေနဲ့ ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်လို့ ပြောဖို့တော့ခက်တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို ဒီထက် ပိုပြီးတော့ ကျမသွားအောင် ထိန်းထားနိုင်တယ်။ အထူးသဖြင့်တော့ နှစ်တွေထဲမှာတော့ ဒုတိယနှစ်တွေက ခက်တတ်ပါတယ်။ ဆိုတဲ့အခါကြတော့ ဒီဒုတိယနှစ်မှာ ဒီလောက်ထိန်းထားနိုင်တာက အောင်မြင်တယ်။ ကျနော့်အနေနဲ့ သူတို့ Informal ဆွေးနွေးတာ နည်းနေတယ်။ Formal စည်းဝေးထဲမှာ ဆွေးနွေးနေတာ များနေတဲ့အခါကြတော့ အဆင်မပြေတာတွေ အဲဒီအချိန်မှာ ဆွေးနွေးကြတော့ နည်းနည်းလေး ခက်သွားတယ်။ Informal meeting ဒီထက် ပိုခေါ်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။
မစုမြတ်မွန် ။ ။ တဆက်တည်းမှာ တရားဥပဒေ စိုးမိုးရေးဘက်ကို တချက်ကြည့်ကြရအောင်ပါ။ ၂၀၁၇ နှစ်စမှာပဲ NLD ရဲ့ ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရတယ်။ နောက်တခါ ဒီနှစ်ထဲမှာပဲ ထူးထူးခြားခြား နိုင်ငံတကာနဲ့ ပြည်တွင်းမှာ စိတ်ဝင်တစားဖြစ်တဲ့ သတင်းကတော့ လက်နက်တွေနဲ့ ACE ကုမ္ပဏီအကြီးအကဲ ဦးဖြိုးကိုကိုတင့်ဆန်း အဖမ်းခံရတယ်။ အဲဒီလိုမျိုး ကိစ္စ၊ အမှုတွေက အခုအချိန်အထိ နှစ်ကုန်တော့မယ် ဖြစ်ပြီးတော့ အချိန်နည်းနည်း ကြာလာတဲ့အထိ သိပ်ပြီးတော့ တိုးတက်မှု မကြားရဘူး။ ပြည်သူကို မထုတ်ပြန်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ အများပြည်သူအနေနဲ့ သိရှိနိုင်တဲ့ဟာ အားနည်းတယ်ဆိုတော့ အဲဒီအပေါ်မှာ တရားဥပဒေ စိုးမိုးမှုအပိုင်းနဲ့ ပွင့်လင်းမြင်သာမှုအပိုင်းကို ဘယ်လိုမျိုး သုံးသပ်လို့ရမလဲ။
ကိုအမရသီဟ ။ ။ ပုံမှန်ကတော့ ဟုတ်ပါတယ်။ ကျနော်တို့ တွက်ကြည့်လိုက်ရင် အတော်လေး နှေးတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ပြန်ကြည့်ရမှာက လုပ်ထုံးလုပ်နည်းက အဆင့်ဆင့် သွားပုံသွားနည်းရှိတယ်။ နောက်တခုက ဥပမာ လက်နက်ကိစ္စလိုဟာမျိုးဆိုရင် ဘယ်သူက တာဝန်ခံပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်မှာလဲ။ တဆင့်ချင်းဆက်ပြီးတော့ သွားတဲ့အခါမျိုးမှာ သူတို့ရဲ့ နောက်ကွယ်ကလိုက်တဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လေ့လာမှုတွေရှိတယ်။ ပြီးနောက် အဲဒီစာတွေကို အချင်းချင်းဌာနဆိုင်ရာအတွင်း အပြန်အလှန် စစ်ဆေးမေးမြန်းမှုတွေ ရှိတဲ့အတွက် ပုံမှန်ထက် နှေးကွေးတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တခုက ဌာနဆိုင်ရာ လုပ်ငန်းတွေပါတဲ့အခါမှာ Classification ဖြစ်သွားတဲ့အတွက် Declassified လုပ်ဖို့အဆင့်က ကြာလာတာရှိမယ်။ နောက်ဆုံးအဆင့် အရေးကြီးဆုံးက ဒီဟာကို သတင်း ဘယ်လိုထုတ်ပြန်မလဲ။ ပြီးတော့ အခုလောလောဆယ် လိုအပ်တာကလည်း တရားဥပဒေ စိုးမိုးရေးမှာ လိုအပ်တဲ့ ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့က Case by case ဒါကို သတင်းထုတ်ပြန်မယ့်လူ မရှိတာလည်း ဒါဟာ နှောင့်နှေးနေတဲ့ပုံစံ ဖြစ်နေတာပါ။ ဒါပေမဲ့ Process ကတော့ သွားနေတယ်လို့ ထင်ပါတယ်။
မစုမြတ်မွန် ။ ။ အဲဒီလိုမျိုး နှောင့်နှေးနေတဲ့အပေါ်မှာ ပြည်သူတွေဘက်ကတော့ အားမလိုအားမရ ဖြစ်တာပေါ့။ ဆိုတော့ သက်ဆိုင်ရာဘက်က ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီကို ပိုပြီးရအောင် ထုတ်သင့်တယ်လို့ ပြောလိုရလား။
ကိုမြတ်သူ ။ ။ ထုတ်ဖို့ကြိုးစားသည့်တိုင်အောင် အခြေခံဥပဒေအရကော၊ Institution ရှုထောင့်က ကြည့်မယ်ဆိုရင် အခက်ခဲတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထဲရေးတို့ ဘာတို့ဆိုတာ အားလုံးသိတဲ့အတိုင်း တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်တယ်။ အဲဒီတော့ ဒီဝန်ကြီးဌာန (၃) ခုက အရပ်သားရဲ့အမိန့်ကို ဘယ်လောက် အတိုင်းအတာအထိ နာခံမလဲ။ လက်တွေ့မှာလည်း သိပ်အားရစရာ မကောင်းတဲ့အနေအထားတွေ တွေ့ရတယ်။ ဒါကတော့ အရပ်သားအစိုးရဘက်အပိုင်း မဟုတ်ဘူး။ ဒါကတော့ စင်ပြိုင်ဖြစ်နေတဲ့ Institution တွေပေါ်မှာ အစိုးရနဲ့ တပ်အပိုင်းရဲ့ ကြားထဲက အချိတ်အဆက်ကိုက ပြဿနာ ဖြစ်နေတော့ ဒါက သူတို့ ကြိုးစားသည့်တိုင်အောင် အခက်အခဲကတော့ အတိုင်းအတာတခုအထိ ရှိနေမှာဖြစ်မယ်။ အရပ်သား အစိုးရပိုင်းကတော့ ကြိုးစားကောင်း ကြိုးစားမယ်။ ဒါပေမဲ့လဲ Command က နည်းနည်းလေး ရှုပ်ထွေးစရာ အနေအထားတွေ ရှိနေတော့ ဒီအပိုင်းမှာတော့ အားနည်းချက်ကတော့ ရှိနေမှာပါ။
မစုမြတ်မွန် ။ ။ တရားဥပဒေ စိုးမိုးမှုအပိုင်းနဲ့ ပတ်သက်တဲ့ ၂၀၁၇ နှစ်မှာ အကြီးအကျယ်ဆုံး ပြောစရာကတော့ ရခိုင်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်တဲ့ အတိုက်ခံရတဲ့ကိစ္စကတော့ မြန်မာပြည်တွင်းမှာမက နိုင်ငံတကာမှာပါ ဂယက်ရိုက်တဲ့ကိစ္စပေါ့။ နောက်ဆက်တွဲအနေနနဲ့ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေလုပ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီးတော့ အဲဒီဘက်က အာစ္စလမ်ဘာသာဝင် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်သွားတယ်။ ဒါတွေက တကယ့်ကို မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေရှိတဲ့ ဖြစ်စဉ်တခုပေါ့။ ဒီကိစ္စကြောင့်ပဲ တိုင်းပြည်ခေါင်းဆောင်တွေအပေါ် ထိခိုက်မှုတွေ ရှိသလို။ ဒီတိုင်းပြည်ပေါ်လည်း ထိခိုက်မှုတွေ ရှိတယ်ဆိုတော့ ဒီကိစ္စတွေ ဖြစ်တဲ့အချိန်မှာ ကိုအမရသီဟအနေနဲ့ အမေရိကမှာ ရောက်နေပါတယ်။ ဆိုတော့ အပြင်ဘက် ရောက်နေသူအနေနဲ့ နိုင်ငံတကာမှာ ရခိုင်မြောက်ပိုင်းကိစ္စအပေါ် ဘယ်လောက်အထိ စိတ်ဝင်စားမှု၊ အာရုံစိုက်မှု ရှိနေတယ်လို့ ပြောနိုင်လဲ။
ကိုအမရသီဟ ။ ။ အာရုံစိုက်မှုက စဖြစ်ကတည်းက အာရုံစိုက်မှု ရှိတယ်။ ပြဿနာက ဘယ်မှာစပြီး ပိုဆိုးလာလည်းဆိုတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ ဘာဖြစ်နေလဲဆိုတာကို အပြင်ကို ထုတ်မပြောဘူး။ အဲဒီလို ထုတ်မပြောတဲ့အခါမှာ ဘာတွေဖြစ်လာလဲဆိုတော့ တဘက်ကိုသွားခဲ့တဲ့ Victims ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် Immigrants ဖြစ်ချင်ဖြစ်မယ်။ အဲဒီအဖွဲ့တွေက လူတွေက သူတို့ရဲ့ Testimony ကိုပဲ အခြေခံပြီးတော့ ရေးတဲ့ Report တွေကို အခြေခံပြီးတော့ ကျနော်တို့က Hearing တွေ လုပ်ကြတယ်။ အထက်လွှတ်တော် Hearing, အောက်လွှတ်တော် Hearing အားလုံးမှာ အဲဒီဒေသတွေမှာ လုပ်ငန်းလုပ်ဆောင်နေတဲ့ NGOs, INGOs တွေဖြစ်မယ်။ များသောအားဖြင့် ဒါကာမှာ အခြေစိုက်တဲ့လူတွေကပဲ Hearing ကို တက်လုပ်ရတဲ့အပိုင်းမှာ ရရှိတဲ့အချက်အလက်တွေက ပြည့်စုံတာ ရှိသလို၊ တချို့ဟာတွေလည်း မပြည့်စုံဘူး။ ဒီအခြေအနေမှာ ကျနော်တို့အနေနဲ့ လိုအပ်တာက ဘာလဲဆိုတော့ ဘာဖြစ်လဲဆိုတာကိုပြဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့။ ပြီးတော့ မြန်မာနိုင်ငံမှာ ဒီအချက်အလက်တွေက ဟုတ်လားမဟုတ်လား ပြောမယ်ဆိုမယ်လို လိုအပ်ပါတယ်။ အဲဒါမှ မရှိဘူးဆိုရင် ကျနော်တို့က ဒါကို Deny လုပ်ရုံသက်သက်နဲ့ အခြေအနေက ပြီးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်အချက်အလက်တွေက အမှန်ပါဆိုတာကို ပြသဖို့အတွက်နဲ့ ပွင့်လင်းမြင်သာတဲ့အချက်ကို ဖန်ဆင်ပေးမှသာ ဒါက ပိုပြီးတော့ကောင်းတဲ့ Positive impact ရလာမှာပါ။ နို့မို့ရင် အဆင်မပြေပါဘူး။
မစုမြတ်မွန် ။ ။ ကိုဇေယျသူကော ဒီအပေါ်မှာ သဘောတူလား။
ကိုဇေယျသူ ။ ။ ကျနော်တို့က ပြင်ဆင်မှု အားနည်းတာပေါ့။ ဒီဖြစ်စဉ်က ၂၀၁၇ မှာ ဖြစ်တယ်ဆိုရင် ၂၀၁၆ ကလည်း တခါ ဖြစ်ပြီးသွားပြီ။ အဲဒီတုန်းကလည်း ကိုအမရသီဟ ပြောတဲ့ဟာတွေ ကြုံခဲ့ပြီးပြီ။ အဲဒီဟာကို လက်ရှိအစိုးရက သင်ခန်းစာ မယူနိုင်ဘူး။ မယူနိုင်တဲ့အခါမှာ တောက်လျှောက် Trigger ဖြစ်သွားတာပေါ့။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဘက်မှာ ပြည်တွင်းကိစ္စနဲ့ဆိုတော့ အထွေထွေညီလာခံ မတက်ဖြစ်လိုက်တာ အဲဒါလဲ အားနည်းသွားတယ်။ နောက်ပိုင်းတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲ နဲ့ အာဆီယံနဲ့ အေပက်တို့ ထိပ်သီးဆွေးနွေးပွဲတွေ သွားလိုက်ပေမယ့် နည်းနည်းလေး နောက်ကျသွားတယ်။ ဆိုတဲ့အခါကြတော့ အခုကတော့ ၂၀၁၇ နှစ်က မြန်မာပြည်နှစ်က ရခိုင်ပြည်နှစ်လို့ ပြောရမယ့်အခြေအနေ ရောက်သွားတယ်။
မစုမြတ်မွန် ။ ။ လက်ရှိမှာ အစိုးရကတော့ သူတို့ ရခိုင်ကိစ္စကို ဖြေရှင်းနေပါတယ်ဆိုတာကို သက်သေပြဖို့အတွက် အခုတော့ အမျိုးစုံတော့ ကြိုးစားနေပါတယ်။ အခုလောလောလတ်ပဲဆိုရင် နိုင်ငံတကာက တတ်သိပညာရှင်တွေပါတဲ့ အကြံပေးတဖွဲ့ကို ထပ်ဖွဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် လောလောလတ်လတ် ကျနေတဲ့ အရိပ်မဲကြီးက တော်တော်လေးကြီးတယ်ဆိုတော့ နိုင်ငံတကာကို ပေါက်ရောက်တဲ့ အဖွဲ့ဖွဲ့ပေမယ့် သူတို့အနေနဲ့ ဒီအရိပ်မဲကို ဖယ်နိုင်ဖို့အတွက်က စိန်ခေါ်မှုတွေ တော်တော်လေးများမယ် ထင်ပါတယ်။ ကိုမြတ်သူ ဘယ်လို ထင်ပါလဲ။
ကိုမြတ်သူ ။ ။ အဓိကအကျဆုံး စိန်ခေါ်မှုကတော့ သူက တဘက်က စွပ်စွဲနေတယ်ဆိုရင် သူကို သက်သေပြဖို့ အခွင့်အရေး ပေးရမှာပေါ့။ ဒါမှမဟုတ်ရင် ယုတ်တိမကျဘူး။ မရှိဘူးပြောတယ်။ တယောက်မှာလည်း မမေးနဲ့၊ တယောက်မှာလည်း စုံစမ်းမှု မလုပ်နဲ့ဟာက ယုတ်တိမကျတော့ဘူး။ နိုင်ငံတကာက အဲဒါကို လက်မခံတော့၊ သီးသန့်စုံစမ်းမှုတွေလုပ်တော့ - ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ လူခြောက်သိန်းကျော် ဟိုဘက်ကို ထွက်သွားတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ MSF ရဲ့ အချက်အလက်က မှန်ခဲ့မယ်ဆိုရင် လူခြောက်ထောင်ခုနှစ်ရာ အသတ်ခံရတယ်ဆိုတဲ့ အချက်အလက်တွေက ကြောက်စရာ အချက်အလက်တွေ ဖြစ်နေတယ်။ ကြောက်စရာ အချက်အလက်တွေက လောလောဆယ်မှာ Security Council က အတည်မဖြစ်ခဲ့သည့်တိုင်အောင် တခြား Mechanism တွေဖြစ်တဲ့ Human Rights, ICC တွေရှိတယ်။ အဲဒါတွေက အခုတော့ မဟုတ်ဘူး။ ရေရှည်မှာ ဘာဖြစ်မလဲဆိုတဲ့ဟာက အရမ်းစိုးရိမ်စရာ ဖြစ်တယ်။ ဒီအပေါ်မှာ မူတည်ပြီးမှ တပ်မတော်ကလည်း စိုးရိမ်မှု လွန်ကဲပြီးတော့ တုံ့ပြန်တဲ့ဟာတွေလည်း တွေ့လာနိုင်တယ်။ အဲဒီတော့ ကောင်းတာထက် လောလောဆယ်မှာကြည့် ရိုက်တာသတင်းသမားနှစ်ယောက် အဖမ်းခံရတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ရှမ်းပြည်သွားပြီး နှောင့်ယှက်ခံရတာတွေရှိတော့ ဒါတွေက ဒီအပေါ်မှာ မူတည်ပြီး တုံ့ပြန်မှုတွေ ဖြစ်လာတော့ နည်းနည်းလေး ဒီဘက်အပိုင်းမှာတော့ နည်းနည်းအဆိုးဘက်ကို သွားနေတယ်လို့ ခံစားရပါတယ်။
မစုမြတ်မွန် ။ ။ ကိုအမရသီဟကော အဲဒီလိုမြင်လား။ အဆိုးဘက်ကို သွားနေတယ်လို့။
ကိုအမရသီဟ ။ ။ ဟုတ်ပါတယ်။ အဆိုးဘက်ဆိုတာထက် ထိရောက်တဲ့ Positive ဘက်ရောက်အောင် တွန့်ပို့တာ မရှိဘူး။ ကျနော်အနေနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက လူတွေပါတဲ့ ကော်မတီဖွဲ့တယ်။ Legitmate ယူပြီးတော့ အပြင်ကို ပြန်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်အချက်အလက်ကို အခြေခံမှာလဲ။ အောက်ခြေက ဘယ်အချက်အလက်ကို Collect လုပ်တာလဲ။ ပြီးတော့ ဒီအချက်အလက်တွေက တကယ်ပဲ မှန်လားမှားလား။ ပြီးတော့ စွပ်စွဲတဲ့လူတွေကို မေးကြည့်ခွင့်ရှိလားဆိုတာမျိုးတွေက တကယ် အဖြေပေးသွားမှာပေါ့။ နို့မို့ဆိုရင် လူသားပြောင်းသွားပြီး Report ပြောင်းထွက်သလို ဖြစ်နေရင်တော့ ဒီကော်မရှင်မှာပါတဲ့ လူတွေကိုတိုင် ကြာကြာဖြေရှင်းနိုင်မယ်လို့ မထင်ဘူး။
မစုမြတ်မွန် ။ ။ အခု ဆွေးနွေးခဲ့တာလည်း တော်တော်လေး ဆွေးနွေးလို့ကောင်းပါတယ်။ ဒါပေမဲ့ အချိန်က ဆွေးနွေးခန်းမပြီးခင်မှာ နောက်ဆုံး အားလုံးရဲ့ သုံးသပ်ချက် ၂၀၁၈ မှာ မြန်မာပြည် ၂၀၁၇ မှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေအတွက် အားတက်စရာ၊ မျှော်လင့်ချက် ဘာရှိတယ်လို့ ပြောလို့ရလဲ။
ကိုမြတ်သူ ။ ။ တိုးတက်မှု အနည်းငယ်ရှိတယ်။ ဒါပေမဲ့လဲ စိန်ခေါ်မှုတွေကတော့ ပိုများနေသေးတယ်။ ပိုများနေတော့ ပြည်သူတွေအတွက် အားတက်ဖို့ကတော့ လောလောဆယ်တော့ ရခိုင်ကိစ္စဆိုလည်း အတိုင်းအတာတခုအထိ ငြိမ်သွားတဲ့ အနေအထားမှာ ဖြစ်လာပြီ။ နောက်ဆက်တွဲတွေကတော့ တပိုင်းပေါ့။ စီးပွားရေးပိုင်းမှာတော့ အတိုင်းအတာတခုအထိ တိုးတက်ဖို့အတွက် ဥပဒေတွေပိုင်း ကြည့်မယ်ဆိုရင် ပြောလာလို့ရတယ်။ ငြိမ်းချမ်းရေးကလည်း ဆက်သွားနေတယ်။ ဘယ်လိုခေါ်မလဲ ဒီအစိုးရသစ် အရပ်သားအစိုးရ ဆက်ရှိနေတာကိုက ဘာပဲပြောပြော မျှော်လင့်ချက်လေးတွေတော့ ရှိနေပါသေးတယ်။
ကိုအမရသီဟ ။ ။ ကျနော့်အနေနဲ့ မနှစ်ကစပြီး လုပ်လိုက်တဲ့ Tax Reform တွေက အခုဆိုရင် အသားကျလာပြီ။ ပြီးတော့ Economic Institution တွေက တဖြည်းဖြည်းနဲ့ ပိုအားကောင်းလာမယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ပိုက်ဆံဝင်အောင် လုပ်နိုင်မလဲဆိုတာ တပိုင်းပေါ့။ ဒါပေမဲ့ Tax Reform Institution က ပိုပြီအားကောင်းလာတယ်။ တချိန်တည်းမှာ ပြန်ကြည့်တဲ့အခါမှာ Construction နဲ့ဆိုင်တဲ့ အစိုးရ Construction တွေကလည်း On track ပေါ့။ ပိုပြီးတော့ Comply ဖြစ်လာတယ်ဆိုတော့ ဒါကတော့ ရှေ့ကောင်းလာမယ့်ဟာမျိုးပေါ့။ ဒါပေမဲ့ ရခိုင်ကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော့်အနေနဲ့ ရှေ့လျှောက်လာမယ့်ဟာက အရင်ကြုံလာတာနဲ့ ပိုပြီးခက်ခဲမယ်လို့ ကျနော် ထင်ပါတယ်။
ကိုဇေယျသူ ။ ။ ၂၀၁၇ ကတော့ သင်ခန်းစာတွေ ရလိုက်တယ်။ အဲဒီ သင်ခန်းစာကို အသုံးချပြီးတော့ ၂၀၁၈ မှာတော့ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကော တက်အောင် လုပ်ရမယ့်အချိန် ဖြစ်နေတယ်။ ရခိုင်ကတော့ ပြည်တွင်းမှာဖြစ်တဲ့ အဆိုးဆုံးတော့ ကျော်သွားပြီ။ ကျော်သွားပြီဆိုတော့ ပြဿနာကို ဖြေရှင်းဖို့ဘက်ကိုသွားဖို့ လိုတယ်။ အခုန ကုမ္ပဏီဥပဒေဟာမျိုးက ဒီနှစ် ဒီဇင်ဘာလလောက်မှာ အတည်ပြုနိုင်တဲ့အခါကြတော့ သက်ရောက်မှုကတော့ ၂၀၁၈ ထဲမှာ ဖြစ်လိမ့်မယ်ဆိုတဲ့အခါကြတော့ ၂၀၁၈ ကတော့ အဓိကပြောရရင် အလုပ်လုပ်ရမယ့် နှစ်ပါ။ ညာလို့လည်း မရတော့ဘူး။ အခြေအနေလည်း အကုန်သိသွားကြပြီ။
မစုမြတ်မွန် ။ ။ အခုလိုမျိုး ဝိုင်းပြီးတော့ ဆွေးနွေးပေးခဲ့ကြတဲ့ ကိုဇေယျသူ၊ ကိုအမရသီဟ နဲ့ ကိုမြတ်သူတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဆိုတော့ VOA ပရိသတ်တွေလည်း ၂၀၁၈ မှာ ဒီဝမ်းသာစရာ သတင်းကောင်းတွေကို ကြားရပါစေလို့ VOA မိသားစုအနေနဲ့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။