သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်အမှု အဆုံးအဖြတ်ပေးဖို့ ရုံးထပ်ချိန်း


နိူင်ငံတော် လ ျှို့ဝှက် အက်ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် တွေရဲ့ အမှု အပြီးသတ်စီရင်ချက် ချဖို့ တရားရုံးက ဒီနေ ကြေညာထားပေမဲ့ တရားသူကြီး မကျန်းမာတဲ့အတွက်ဆိုပြီး စက်တင်လာလ (၃) ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ သတင်းထောက်တွေရဲ့ ရှေ့နေတွေကတော့ တကယ်လို့ သတင်းထောက်တွေမှာ အပြစ်ရှိတယ်ဆိုပြီး တရားရုံးက အမိန့်ချမှတ်ခဲ့ရင်တောင် ပြန်လည်လွတ်မြောက်ရေး နည်လမ်းပေါင်းစုံနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ VOA သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်ကတော့ တရားရုံးက ဘယ်လို ပဲ ဆုံးဖြတ်ဆုံးဖြတ် ရဲရဲရင့်ရင့် ရင်ဆိုင်သွားမယ်လို့ ဒီနေ့ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးကို ရောက်လာတဲ့အချိန်မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

"အဓိကကတော့ ကျနော်တို့ဘယ်လို အခြေအနေမျိုးဘဲရောက်ရောက် ဘယ်လိုအမိန့်မျိုးဘဲချမှတ် ချမှတ် ကျနော်တို့ကတော့ ကြောက်ရွံ့တုန်လှုပ်မှာ မဟုတ်ဘူး။ ဘာမှတုန်လှုပ်သွားမှာ ကြောက်ရွံ့သွားမှာ ယိုင်နဲ့သွားမှာ မဟုတ်ပါဘူး။ အမှန်တရားကတော့ ရှိနေမှာဘဲ။"

ရိုက်တာရှေ့နေတဦး ဖြစ်တဲ့ ဦးခင်မောင်ဇော်ကတော့ လာမယ့် စက်တင်ဘာ ၃ ရက်နေ့ ချမှတ်မဲ့ အပြီးသတ် စီရင်ချက်ကို စောင့်ဆိုင်းပြီးမှသာ၊ လိုအပ်သလို ဆက်လက်ဆောင်ရွက်မယ်လို့ VOA ကို ပြောပါတယ်။

"ကျနော်တို့ကတော့ အမိန့်မချမချင်း အမိန့်ကိုနားထောင်ရမယ်။ အမိန့်ကိုစောင့်ရမှာပါဘဲလေ။ ၃ရက်နေ့ ပြီးမှ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဘာဖြစ်မလဲကြည့်ရမှာပါ။ အဲဆုံးဖြတ်ချက်က ကောင်းရင် တော့ ပြီးသွားမှာပေါ့။ မကောင်းရင်တော့ ၃ရက်နေ့က ကျနော့်လူတွေကျသွားရင် ဘယ်လောက်ဘဲကျ ကျပေါ့ ကျနော်တို့ကတော့တက်မှာဘဲ။ အနီးဆုံးကတော့ မန္တလေးတရားတိုင်းဒေသကြီး တရားလွှတ် တော်ကို တက်မှာပါ။"

ကိုးလကြာ စစ်ဆေးခဲ့တဲ့ အမှုမှာ ဒီနေ့ဟာ ၃၆ ကြိမ် ရုံးချိန်း ခေါ်ဆိုတာ ဖြစ်တဲ့အကြောင်း သတင်းသမားတွေရဲ့ ရှေ့နေဦးသန်းဇော်အောင်က VOA ကို ပြောပါတယ်။ သတင်းထောက်တွေနဲ့ အမှုမှာ ဥပဒေကြောင်းအရ သွားမယ်ဆိုရင် မလွတ်မြောက်စရာ အကြောင်း မရှိဘူးလို့လည်း သူက VOA ပြောပါတယ်။

" ကျနော်တို့ဘက်က အမှုလွတ်မြောက်ရေးအစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အမှုစဖြစ်ထဲက လွတ်မြောက် ရေးမျှော်လင့်ခဲ့ပါတယ်။ အခြေအနေကတော့ ၂ပိုင်းရှိတယ်။ ဥပဒေကြောင်းအရဆိုရင်တော့ ဒီအမှုက လွှတ်ကိုလွှတ်ပေးရမယ့် အမှုပါ။ တခြားသောနိုင်ငံရေးနောက်ခံတစုံတရာရှိသေးတော့ ဒါကလည်း နောက်ခံ သက်ရောက်မှုတစုံတရာတော့ ရှိမှာပါ"

သတင်းထောက်တွေရဲ့ အမှု အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မယ်လို့ ကြေညာထားတဲ့နေ့ ဖြစ်တဲ့အတွက် ဒီနေ့ မြောက်ပိုင်းခရိုင် တရားရုံးကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel အပါအဝင် နိုင်ငံခြားသံတမန်တွေ၊ သတင်းထောက်တွေ၊ တခြား သတင်းလွတ်လပ်ခွင့် အခွင့်အရေး လှုပ်ရှားသူတွေ တော်တော်များများ ရောက်လာကြပါတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဒီ သတင်းထောက်နှစ်ယောက်နဲ့ ပတ်သက်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည် ဒီမိုကရေစီရေး အပြောင်းအလဲအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။

"နံပါတ် ၁ကတော့ မီဒီယာလွတ်လပ်ခွင့်ပေါ့။ နောက်တခုကတော့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုမီဒီယာဘက်က ရေးခွင့်မရှိဘူးလားမေးခွန်းတွေပေါ်လာလိမ့်မယ်။ ဒီလို လူ့အခွင့်အရေးချိုးဖောက် တာကို ထုတ်ဖော်ရေးသားတာကို နိုင်ငံအစိုးရဘက်က ဘယ်လောက်ကာကွယ်ပေးမလဲဆိုတဲ့ မေးခွန်း တွေပေါ်လာပါလိမ့်မယ်။ ဒီဟာတွေက နိုင်ငံတကာဖိအားတွေ ဖြစ်လာမယ်ဆိုတာ ကျနော်တို့ နား လည်ထားသလို သံရုံးတွေ နိုင်ငံတကာတွေဘက်ကလည်း စာတွေထုတ်ထားတယ်။ ဒီအပေါ်အစိုးရအနေနဲ့ နားလည်သင့်တယ်လို့ ကျနော်ထင်ပါတယ်"

ရိုက်တာ သတင်းှဌာနကတော့ ကိုဝလုံးတို့ ၂ဦးဟာ သူတို့မကျူးလွန်တဲ့ ပြစ်မှု အတွက် အကျဉ်းထောင်မှာ ရှစ်လကျော်ကြာ နေခဲ့ပြီးပြီဖြစ်ကြောင်း၊ ဒီနေ့တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက်မချနိုင်တဲ့အပေါ်စိတ် ပျက်မိကြောင်း၊ ကြေညာချက်တစောင်ထုတ်ပြန်ထားပါတယ် သူတိူ့အပေါ်စွဲထားတဲ့ အမှုတွေကို ရုပ်သိမ်း ပြီး ရှေ့လာမယ့် သီတင်းပတ်မှ မိသားစုနဲ့အတူ ပြန်ဆုံဖိူု့ လွတ်မြောက်မယ်လို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာဖော်ပြထားပါတယ်၊

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG