သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Reuters သတင်းထောက်တွေအယူခံ တရားလွှတ်တော်ချုပ် ပယ်ချ


ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (သြဂုတ်၊ ၂၀၊ ၂၀၁၈)

ရိုက်တာသတင်းထောက်တွေရဲ့ နောက်ဆုံးအယူခံကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ် လိုက်ပါတယ်။ မိသားစုဝင်တွေက အယူခံအောင်မြင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပယ်ချလိုက်တာဟာ သတင်းရယူခွင့်တွေအတွက် အဟန့်အတားဖြစ်သွားစေသလို သူတို့ လွတ်မြောက်ဖို့ နောက်ထပ်တရားဝင် နည်းလမ်းတွေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ အကျိုးဆောင်ရှေ့နေတွေက ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် တရားစီရင်ရေးအရ နောက်ဆုံးလမ်းကြောင်းလို့ဆိုရမယ့် နောက်ဆုံး ပြင်ဆင်ချက်အယူခံကို ဒီကနေ့ နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ ၂ဦးကို ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တာဖြစ် ပါတယ်။ ချမှတ်လိုက်တဲ့ အမိန့်ကို တိုင်းတရားရုံးမှာ အယူခံဝင်ပေမယ့် ပလပ်လိုက်တဲ့အတွက် အခုလို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ပြင်ဆင်ချက် အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြင်ဆင်ချက်အယူခံပလပ်လိုက်တာဟာ မြန်မာနိုင်ငံမှာ သတင်းရယူဖြန့်ဖြူးခွင့်အတွက် အဟန့်အတား ဖြစ်သွားစေတယ်လို့ တရားရုံးအထွက်မှာ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

"အခြေအနေကတော့ ပြင်ဆင်မှုအယူခံကို ပလပ်လိုက်ပါတယ်။ အောက်ရုံး ၂ ရုံးရဲ့ အမိန့်တွေကို အတည်ပြု လိုက်ပါတယ်။ သူတို့ကို ဆက်ပြီးတော့ အပြစ်ပေးတယ်ပေါ့ဗျာ။ ဒီအပေါ်မှာတော့ ကျနော်တို့က ဒီအဆုံး အဖြတ်နဲ့ ပတ်သက်ပြီး စိတ်ပျက်တယ်လို့ ပြောချင်တယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး လွတ်လပ်ခွင့် နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ခင်ဗျားတို့ အပါအ၀င်ပေါ့နော် Press Freedom ပေါ့ လွတ်လပ်စွာ သတင်းရှာဖွေခွင့် ဖြန့်ဖြူးခွင့် အဲ့ဒါတွေအကုန်လုံးကို အင်မတန် ကြောက်စရာကောင်းလောက်အောင် အတားအမြစ် အဟန့်အတားကြီး ဖြစ်သွားစေတယ်လို့ ကျနော် ယူဆပါတယ်။"

နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ပြင်ဆင်ချက်အယူခံကို ပလပ်လိုက်ပေမယ့် သူတို့ ၂ ဦးလွတ်မြောက်ဖို့အတွက် နောက်ထပ်နည်းလမ်းတွေရှိသေးတာမို့ လွတ်မြောက်ရေး ဆက်ကြိုးစားသွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"သွားနိုင်တဲ့အဆင့် ၃ ဆင့်က တရားရေးအရ အထူးအယူခံတို့ စာချွန်တော်တို့ ရှိတယ်။ သို့သော် အဲ့ဒီဥစ္စာနဲ့ ပတ်သက်ပြီး သူတို့က ကျနော်တို့ကို တရားရေးနဲ့ ပတ်သက်ပြီး ဆက်လက်ပြီးသွားဖို့ သူတို့ဆန္ဒမရှိဘူးလို့ ပြောတယ်။ အဲ့ဒါအတွက်ကြောင့် ကျန်တဲ့ ၂ ဘက်ရှိတယ်။ လမ်းကြောင်း ၂ ခုပေါ့ဗျာ။ ကျန်တဲ့လမ်းကြောင်း ၂ ခုရှိတယ်။ အဲ့ဒါက အုပ်ချုပ်ရေး စီမံခန့်ခွဲရေး လမ်းကြောင်းရယ် ဥပဒေပြုရေး လမ်းကြောင်း အုပ်ချုပ်ရေး စီမံခန့်ခွဲရေး လမ်းကြောင်းမှာက သမ္မတရဲ့ လွတ်ငြိမ်းခွင့်ရှိမယ်။

သမ္မတကနေပြီးမှ ရှေ့နေချုပ်က တဆင့် ၀င်ရောက်ပြီးတော့ ရှေ့နေချုပ်ရဲ့ ၀င်ရောက်ဖြေရှင်းဖို့ လုပ်နိုင်တာတွေရှိတယ်။ နောက်တခါ ဥပဒေပြုရေး လမ်းကြောင်းကတော့ လွှတ်တော်မှာရှိတဲ့ ကော်မတီကနေပြီး တဆင့် အဲ့ဒါကို ဆုံးဖြတ်ဖို့ သဘောထား မှတ်ချက်ပြုဖို့ လုပ်ရတာ ရှိတယ်ပေါ့ဗျာ။"

ဒီနေ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကိုဝလုံးရဲ့ အမျိုးသမီးဖြစ်သူ မပန်းအိမွန်က အခုလို မှတ်ချက်ပြုပါတယ်။

"ကိုယ်ကတော့ တခုခု ပြောင်းလဲလာလိမ့်မယ်လို့လည်း ထင်တယ်။ အကောင်းကိုလည်း မျှော်လင့်ထားတာ ပေါ့နော်။ ဒါပေမယ့် ဒီနေ့ဆုံးဖြတ်တဲ့ဟာက ကိုယ်ထင်သလို ဖြစ်မလာတော့ စိတ်ထဲမှာတော့ တော်တော် ၀မ်းနည်းတယ်။ ကိုယ်ကတော့ မိသားစုဝင်အနေနဲ့ကတော့ စိတ်တော်တော် မကောင်းဘူးပေါ့နော်။ ကိုယ့်အမျိုးသားတွေက လူကောင်းတွေဆိုတော့ သူတို့အမြန်ဆုံး လွတ်မြောက်လာစေချင်တယ်။"

ဒီကနေ့ ရိုက်တာသတင်းထောက်တွေရဲ့အယူခံကို ပလပ်ခံလိုက်တဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အထူး စိတ်ပျက်ရကြောင်း ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်သလို၊ ဒီဖြစ်ရပ်က မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေး နည်းပါးလာနေတာကို ဖော်ပြလိုက်တာပဲလို့ သံရုံးအရာရှိတဦးက ပြောပါတယ်။

“ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ရဲ့ အမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို များစွာစိတ်ပျက်မိပါတယ်။ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်တွေကိုလည်း မကြာသေးခင်က ဖမ်းဆီးခဲ့တာ အယ်ဒီတာ ဦးရဲနည်နဲ့ တခြားသော သတင်းထောက်တွေကို မကြာခင်တုန်းက တရားစွဲဆိုခဲ့တာတွေလို ပြစ်ဒဏ် စီရင်မှုတွေက မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ပြောဆိုခွင့်အတွက် သည်းခံမှုမရှိတဲ့ အခြေအနေ ပိုဆိုးလာနေတာကို ထောက်ပြနေပါတယ်။ သတင်းစာ၊ သရော်စာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတာနဲ့ အခြားသော တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေဟာ ဒီမိုကရက်တစ် လူ့ဘောင်အဖွဲ့အစည်း တရပ်အတွင်းမှာ ပြစ်မှု မဖြစ်သင့်ပါဘူး။”

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ သတင်းရယူဖို့ ကြိုးစားရင်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး သူတို့ ၂ ဦးအမှုကိုတော့ ၉ လအကြာ စစ်ဆေးခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

သတင်းထောက် ၂ ယောက် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ တရားလိုပြ သက်သေတဦးဖြစ်တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင် တရားခွင်မှာ ထွက်ဆို ခဲ့ပါသေးတယ်။

ဒီထွက်ဆိုချက်ကြောင့် သတင်းထောက် ၂ ယောက်အပေါ် တရားစီရင်တာနဲ့ပတ်သက်လို့ မျှတမှုမရှိဘူးလို့ ဝေဖန်မှုတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်ခဲ့သလို NLD အရပ်သားအစိုးရ လက်ထက်မှာ သတင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိပါတယ်။

နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး CPJ အပါအ၀င် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေ ကလည်း သူတို့ ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ အရင်နှစ်တွေကထက် ၁ ဆင့်လျော့ကျသွားပြီး အခုလို လျော့ကျတာဟာ ဒီ သတင်းထောက် ၂ ယောက်အပေါ် ထောင်ဒဏ် ချမှတ်လိုက်တာကြောင့်လို့လည်း ထုတ်ပြန်ထားပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG