သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ကျဉ်းတွေ ပြန်လွတ်ရေး မြန်မာကို ဖိအားပေးဖို့ ကန်အောက်လွှတ်တော် ဥပဒေကြမ်းတင်သွင်း


ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်၂ဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး NLD အရပ်သားအစိုးရကို ဖိအားပေးဖို့ အမေရိကန်အောက်လွှတ်တော်အမတ်တွေက ဥပဒေမူကြမ်းတခုကို တင်သွင်းလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အမတ် Andy Levin နဲ့ ရီပါပလင်ကန် အမတ် Ann Wagner တို့ ပူးတွဲပြီး မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ဧပြီလ (၁၉) ရက် သောကြာနေ့က အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin နဲ့ Missouri ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Ann Wagner တို့ကနေ မနေ့က အဆိုပြုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ညှင်းပန်းဖိနှိပ်မှုတွေကို စုံစမ်းဖေါ်ထုတ် ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးအပါအ၀င် မြန်မာနိုင်ငံမှာ မတရား ထိန်းသိမ်းခံနေရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အမေရိကန်ပြည်ထောင်စုဘက်က ကူညီဆောင်ရွက်နိုင်တဲ့ နည်းလမ်း ရှာဖွေတဲ့အနေနဲ့ အခုလို ဥပဒေကြမ်းကို တင်သွင်းရတာ ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် Levin ကပြောပါတယ်။ ဒါအပြင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် မြန်မာအစိုးရကို အမေရိကန် သမ္မတ ထရမ့်အစိုးရက ပိုမိုဖိအားပေးဆောင်ရွက်ဖို့လည်း အဲဒီ ဥပဒေကြမ်းမှာ ပြဌာန်းထားကြောင်း Mr. Levin ကဆိုပါတယ်။

မြန်မာနှစ်သစ်ကူး အတွက် သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ရက်ပိုင်းအတွင်း အခုလို အမေရိကန် အောက်လွှတ်တော်အမတ်တွေ ဘက်က မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်တဲ့ ဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအခြေစိုက် AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းကောက်ယူချက်အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် လွတ်လာတဲ့ အကျဉ်းသား ၉၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ဦးပဲ ပါဝင်ခဲ့တဲ့အပြင် စစ်တပ်ကို ဝေဖန်ခဲ့တဲ့ သင်္ကြန်သံချပ်တွေကြောင့် ဒီရက်ပိုင်းအတွင်း လူငယ်အများအပြားကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေး ဖိအားပေးဆောင်ရွက်လာတဲ့ အမေရိကန်အောက်လွှတ်တော်အမတ်တွေရဲ့ ဥပဒေမူကြမ်းကို ကြိုဆိုကြောင်း နယူးရောက် အခြေစိုက် HRW နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာအာဏာပိုင်တွေက လူတွေ လိုက်လံဖမ်းဆီးခဲ့ချိန်မှာ အခုဒီ ဥပဒေကြမ်း ထွက်လာတာဖြစ်ပါတယ်။ စစ်တပ်ကို ဝေဖန်သရော်ခဲ့လို့ ပုဒ်မ ၆၆ (ဃ)နဲ့ လူတွေ ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ မန္တလေးက သံချပ် ဖျော်ဖြေမှုကိုလည်း ပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးခဲ့ပါတယ်။ တချို့ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ရဲ့ ပါဝင်မှုပြောင်းလဲဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံကြရပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူတွေ လိုက်လံဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့ အရေးကြီးနေသလို နိုင်ငံရေးအကျဉ်းသားတွေ စတင်လွှတ်ပေးဖို့ လိုအပ်နေပါတယ်။ အောက်လွှတ်တော်အမတ် Levin ရဲ့ ဥပဒေမူကြမ်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ အခြား လူထုအခြေပြုအဖွဲ့အစည်းတွေကို ရံပုံငွေ ပံပိုးကူညီဖို့ အမေရိကန်အစိုးရကို ဖိအားအမြင့်ဆုံးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဥပဒေကြမ်းကို ကျနော်တို့ ကြိုဆိုပါတယ်။"

တဖက်မှာလည်း အမေရိကန်လွှတ်တော်နဲ့ အစိုးရက မြန်မာ့အရေး ဖိအားပေးဆောင်ရွက်မှုတွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပါပလင်ကန် အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့ ကန့်သတ်မှုတားဆီးမှုတွေကြောင့် ထိရောက်မှု ရှိသင့်သလောက် မရှိဖြစ်နေရတယ်လို့ Brad Adams ကပြောပါတယ်။

မနေ့က အမေရိကန်အောက်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ မြန်မာ့အရေး ဥပဒေမူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား အဖြစ် ဖမ်းဆီးတာမျိုး မရှိစေရဘူးလို့ ကတိပေးခဲ့ပေမယ့် တကယ်တမ်း ၂၀၁၆ခုနှစ် ဧပြီလမှာ အစိုးရအာဏာရခဲ့ပြီးနောက် အဲဒီကတိ မတည်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒါအပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီပံပိုးဖို့ ဒီဥပဒေကြမ်းမှာ ထည့်သွင်းထားကြောင်း လွှတ်တော်အမတ် Andy Levin ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကတော့ ဒီမိုကရက်နဲ့ ရီပါပလင်ကန် ၂ပါတီလုံးပါဝင်တဲ့ အမေရိကန်အထက်လွှတ်တော်အမတ်တွေက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို နှိမ်နှင်းခဲ့မှုမှာ တာဝန်ရှိတဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အကြီးတန်းအရာရှိတွေကို အရေးယူဒဏ်ခတ်တဲ့ ၂၀၁၈ ခုနှစ်က ပြဌာန်းခဲ့တဲ့ အမေရိကန် လွှတ်တော်ရဲ့ ဥပဒေကို နောက်ထပ် တနှစ် သက်တမ်းတိုးပြဌာန်းဖို့ အဆိုပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG