သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

UNSECO သတင်းလွတ်လပ်ခွင့်ဆုရှင် ရိုက်တာသတင်းထောက် ၂ ဦး ပြစ်ဒဏ် ပြန်သုံးသပ်သင့်ဟု မီဒီယာကောင်စီယူဆ


Guillermo Cano ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု

ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်အတွက် အန္တရာယ်ကြားက သတင်းလွတ်လပ်ခွင့်ရအောင် သတ္တိရှိရှိ စွမ်းဆောင်နိုင်ခဲ့သူတွေအဖြစ် ကုလသမဂ္ဂ UNSECO ကနေ Guillermo Cano ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်လိုက်တဲ့အပေါ် ဂုဏ်ယူကြိုဆိုကြောင်းနဲ့ သူတို့အပေါ် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ထားတာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ကို မြန်မာ သတင်းမီဒီယာ ကောင်စီဝင်နဲ့ သူတို့ ၂ ဦးရဲ့ အကျိုးဆောင်ရှေ့နေက တောင်းဆိုလိုက်ကြပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးအမှု နောက်ဆုံးအယူခံ ဝင်ထားပေမဲ့လည်း အခုအချိန်အထိ အကျိုးအကြောင်း တစုံတရာ မသိရသေးပေမဲ့ အမှုအတွက် မျှော်လင့်ချက်တော့ အပြည့်ရှိပါတယ်လို့လည်း ရှေ့နေက ပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက သတင်းတွေ ရယူခဲ့တဲ့လို့ နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတကာမှာ သတင်း လွတ်လပ်ခွင့်တွေကို အသက်အန္တရာယ်ကြားကနေ သတ္တိရှိရှိ စွမ်းဆောင်နိုင်သူတွေကို ရွေးချယ်ပေးအပ်တဲ့ Guillermo Cano သတင်းလွတ်လပ်ခွင့်ဆု - UNESCO/Guillermo Cano Press Freedom Prize ဆုကို ကုလသမဂ္ဂ လက်အောက်ခံ UNESCO က ချီးမြှင့်လိုက်တာဖြစ်ပါတယ်။ သူတို့ဟာ ဒီဆုနဲ့ထိုက်တန်သူတွေအဖြစ်နဲ့ နိုင်ငံတကာက သတင်းမီဒီယာသမားများအဖွဲ့က အဆိုပြု တင်သွင်းခဲ့တာပါ။

သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရကြောင်း၊ သူတို့ရဲ့ သတ္တိပြောင်မြောက်မှု၊ တော်လှန်လိုစိတ်ရှိမှု၊ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ဒီဆုကိုပေးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေး ခုံသမာဓိအဖွဲ့ ဥက္ကဋ္ဌ Wojciech Tochman က ပြောဆိုထားပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုန်းကွယ်ထားတာတွေကို အများသိအောင် စွမ်းဆောင်ပြနိုင်တဲ့ သတင်းသမားတွေအဖြစ် ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို အသိအမှတ်ပြု ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ဆုချီးမြှင့်တဲ့အပေါ် ကြိုဆိုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး(၁) ကိုမြင့်ကျော်က အခုလို ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် တဦးချင်းစီအနေနဲ့ ဒီလိုအသိအမှတ်ပြု ပေးအပ်တာကို ကြိုဆိုတယ်။ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ရေးသားတာပေါ့လေ ဆိုလိုတာက မီဒီယာအနေနဲ့ ဖုန်းကွယ်ထားတဲ့ ကိစ္စတခုကို အများသိသင့်သိထိုက်တဲ့ ကိစ္စတခုကို ဖော်ထုတ်ရေးသားတာကို ဂုဏ်ပြုတယ်ဆိုတာကို ကျနော်တို့အနေနဲ့ ကြိုဆိုတယ်။ နောက် တပြိုင်နက်တည်းမှာပဲ ဒီလို သူတို့ကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးထားတာကိုလည်း မဖြစ်သင့်ဘူးလို့ ယူဆတယ်။ ဒီကိစ္စမှာ နိုင်ငံရေး ရည်ရွယ်ချက်တွေကြောင့် ဒီလိုပြစ်ဒဏ်ခံရတယ်လို့ ကျနော် ကောက်ချက်ချတယ်။ တလျှောက်လုံး ဖမ်းဆီးတဲ့အချိန်ကနေ စစ်ဆေးတဲ့အချိန်အထိ ပုဒ်မတွေ တပ်တဲ့အထိ ဒီလိုလုပ်တာ မတရားဘူးလို့ အမြဲထုတ်ဖော်ပြောခဲ့ကြတယ်။ ဒီလိုကိစ္စမျိုးကို နောင် မီဒီယာတွေ မလုပ်ရဲအောင် မလုပ်အောင်ဆိုတဲ့သဘောမျိုး မြင်ပါတယ်။”

ကြီးလေးတဲ့ ထောင်ဒဏ်ချခံထားရတဲ့ ရိုက်တာသတင်းထောက်၂ ဦး အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ နောက်ဆုံးအယူခံ ဝင်ထားပေမဲ့လည်း အခုအချိန်အထိ အကျိုးအကြောင်း တစုံတရာ မသိရသေးချိန် အခုလို သတင်းသမားနှစ်ဦးကို ကုလသမဂ္ဂက ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ဆု ဆုချီးမြှင့်တဲ့အတွက် အမှုသည်တွေအတွက် အားတက်ရသလို သူတို့နှစ်ဦးအတွက်လည်း စိတ်ဓာတ်ခွန်အားတွေ ရစေပါတယ်လို့ ရိုက်တာသတင်းထောက်နှစ်ဦးအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ကျနော်က အင်မတန်ကို အားလည်းတက်တာပေါ့နော် ရှေ့နေအနေနဲ့။ နောက် ဂုဏ်လည်း ယူတာပေါ့။ တကယ်လည်း ပေးသင့်ပေးထိုက်တာပါပဲ။ အရင်တုန်းကလည်း Pen Americanတို့ ဘာတို့ကလည်း ပေးခဲ့တယ်လေ။ နောက် အမေရိကန် ဂျာနယ်လစ်တွေကလည်း ပေးတာရှိတယ်။ အဲ့ဆုတွေပေးတာတွေ မှန်သမျှကု သူတို့ကိုလည်း Encourage ပေးတာ Encourage လုပ်တာပေါ့ဗျာ။ ကောင်းပါတယ် အများကြီးကောင်းပါတယ်။”

NLD အရပ်သား အစိုးရအနေနဲ့ အခုလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဘက်က ဒီရိုက်တာသတင်းထောက်၂ ဦး အမှုအပေါ် အခြေခံပြီး မြန်မာ့သတင်း မီဒီယာလွတ်လပ်ခွင့်ကို ဝေဖန်စိုးရိမ်နေကြတဲ့အပေါ် အလေးအနက်ထားဖို့လိုပြီး အခုလိုသတင်းသမားတွေအပေါ် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ထားတဲ့အပေါ် ပြန်လည်သုံးသပ်ဖို့လိုပြီလို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတွဲဖက် အတွင်းရေးမှူး(၁)က အကြံပြုပါတယ်။

“တကယ်တမ်းကျတော့ ဒီလိုမျိုး နိုင်ငံတကာက ပြောဆိုတဲ့ဟာတွေကို ပြန်သုံးသပ်သင့်တယ်လို့ ထင်တယ်လေ။ တရားစီရင်ရေးစနစ်ကို မစွက်ဖက်ဘူးလို့ ပြောတာကို စွက်ဖက်ပေးဖို့ ပြောတာမဟုတ်ဘူး။ မီဒီယာ လွတ်လပ်ခွင့်ရှု့ထောင့်က ကြည့်ရင်တော့ ဖြစ်သင့်ဖြစ်ထိုက်တာဖြစ်ဖို့အတွက်က အသနားခံတယ်ဆိုတာထက် ဖြစ်သင့်တဲ့လမ်းကြောင်း ဖြစ်သင့်တာကို ပြန်သုံးသပ်သင့် တယ်လို့မြင်ပါတယ်။”

ထောင်ဒဏ် ၇ နှစ်ချခံထားရတဲ့ ရိုက်တာသတင်းသမား၂ ဦး အမှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့က နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အယူခံတင်ထားပြီး သူတို့အမှုအပေါ် မျှော်လင့်ချက်နဲ့ အမှု နောက်ဆုံးအခြေအနေကိုလည်း သတင်းသမားတွေရဲ့ ရှေ့နေဦးခင်မောင်ဇော်က အခုလိုရှင်းပြပါတယ်။

“အခုနောက်ဆုံး အယူခံ ဝင်ထားတာကတော့ အမိန့်ချဖို့ပါပဲ။ အယူခံကို လက်ခံသလား လက်မခံဘူးလားပေါ့... အခုထိတော့ အဖြေမပေါ်သေးဘူး သောကြာတိုင်းမှာ အမိန့်ချမယ့်စာရင်းတွေ ထွက်တယ်ဗျ အဲ့ဒီ့အမိန့်ချမယ့်စာရင်းထဲ မပါသေးဘူးပေါ့ဗျာ သင်္ကြန်ကျော်လောက် အမိန့်ကချမလားပဲ။ အခု အခြေအနေ အလားအလာကတော့ ၃ ခုရှိတယ်။ တခုက ကျနော်တို့ပြောတာကို လက်ခံပြီးတော့ အယူခံကို အတည်ပြုပြီးတော့ အောက်ရုံးအမိန့်ကို ဖျက်ပြီး အပြီးအပြတ် လွှတ်မယ်ပေါ့။ နှစ်က အယူခံကို ပယ်ပြီးတော့ အောက်ရုံးအမိန့်ကို အတည်ပြုမယ်။ တတိယက အယူခံကို တပိုင်းတစ လက်ခံပြီး အောက်ရုံးရဲ့ ပြစ်မှု ထင်ရှားတွေ့ရှိချက်ကို ပြစ်ဒဏ်ကို လျှော့မယ်။ အဲ့သုံးမျိုးထဲက တမျိုးမျိုးပေါ့။ လွတ်ဖို့ မျှော်လင့်ပါတယ်။”

သူတို့ ၂ ဦး ရရှိခဲ့တဲ့ ဒီ Guillermo Cano သတင်း လွတ်လပ်ခွင့်ဆု ချီးမြင့်ပွဲကို လာမယ့်မေလ ၂ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါဟာ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကျင်းပမယ့် အီသီယိုးပီးယားနိုင်ငံမှာ ဆုချီးမြင့်ပွဲကို ကျင်းပမှာ ဖြစ်ပြီး ဒီဆုဟာ ကိုလံဘီယာနိုင်ငံ Bogota မြို့မှာ ၁၉၈၆ ခုနှစ်က သူ့ရဲ့ သတင်းစာတိုက်ရှေ့မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ကိုလံဘီယာ သတင်းထောက် Guillermo Cano Isaza ကို အစွဲပြုပြီး ချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Pen American အဖွဲ့က ချီးမြှင့်တဲ့ Pen/Barbey Freedom to Write Award ဆု၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk တို့ကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG