သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံးဇနီး ပန်းအိမွန် ခင်ပွန်းပြန်လွတ်လာမှုအတွက် ကျေးဇူးတင်စကားပြောကြား


ရိုက်တာသတင်းထောက် ကိုဝလုံး၊ ဇနီး ပန်းအိမွန်နဲ့ သမီး သက်ထားအိန်ဂျယ်လ်
ရိုက်တာသတင်းထောက် ကိုဝလုံး၊ ဇနီး ပန်းအိမွန်နဲ့ သမီး သက်ထားအိန်ဂျယ်လ်

ရိုက်တာသတင်းထောက် နှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို အထူးကျေးဇူးတင်ကြောင်း ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန် က ပြောပါတယ်။

မိသားစုတွေ ပြန်ဆုံစည်းခွင့်ရခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းမြောက်မိကြောင်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ မပန်းအိမွန်က အခုလို စပြောပါတယ်။

“ အတိုင်းမသိအောင် ဝမ်းသာတယ်။ အရင်အင်တာဗျူးတွေမှာလည်း ဖြေဘူးတယ်။ ဘယ်တော့မှ ထီ မထိုးဘူး။ ထီပေါက်တဲ့ ဝမ်းသာမှုမျိုးလိုချင်လို့ဆိုပြီး။ ဘဝမှာ တခါမှ ဝမ်းသာတာမျိုး မကြုံခဲ့ဖူးဘူး။ တော်တော်ကို ဝမ်းသာတယ်။”

အင်ကြင်းနိုင်။ ။ ရိုက်တာသတင်းထောက်တွေ လွတ်မြောက်လာတဲ့အပေါ်မှာ အမေရိကန် ဒုသမ္မတကိုယ်တိုင် ထုတ်ပြောတာ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင်ကလည်း ဝမ်းမြောက်တယ်၊ တကယ့်ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေအပါအဝင် သတင်းလွတ်လပ်ခွင့် အတွက် ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်းအားလုံးကလည်း တော်တော်လေး ဝမ်းမြောက်ဝမ်းသာဖြစ်တယ်၊ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြခံရတော့ ဒီအပေါ်မှာ ပန်းအိအနေနဲ့ ဘယ်လိုမြင်လဲရှင့်။

ပန်းအိမွန်။ ။ ညီမအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကုန်လုံးကိုရော၊ သူ့အပေါင်းအသင်းတွေရော၊ သူတို့လွတ်မြောက်ဖို့ ကြိုးစားပေးတဲ့သူတွေရော၊ သူတို့ လွတ်မြောက်လာတဲ့အတွက် ဝမ်းသာပေးတဲ့သူတွေရော အားလုံးကို တကယ့်ကို ရင်ထဲကနေ ကျေးဇူးတင်တယ်။ ညီမတို့လည်း အဲဒီအားတွေနဲ့အတူ ရပ်တည်ခဲ့ရတာ။ ပြီးတော့ လွတ်ငြိမ်းချမ်းသာပေးတဲ့ နိုင်ငံတော် သမ္မတကြီးရော၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော အကုန်လုံးကို ညီမက တကယ့်ကို ကျေးဇူးအထူးတင်တယ်။ ညီမတို့ မိသားစုတွေကို ပြန်ဆုံစည်းခွင့်ပေးတဲ့အတွက် ကြောင့်ပါ။

အင်ကြင်းနိုင်။ ။ ထောင်ထဲမှာ ကိုဝလုံးကို ထိန်းသိမ်းခံထားရချိန်မှာ သူ့သမီးကို မွေးခဲ့တာဆိုတော့ သူလွတ်မြောက်လာတဲ့နေ့မှာ အဖေကို အခုမှ သေသေချာချာ တွေ့ရတဲ့ သမီးရဲ့ တုန့်ပြန်မှုကို ဘယ်လိုမြင်ရလဲ။

ပန်းအိမွန်။ ။ ဒီလ (၁၀)ရက်နေ့ဆိုရင် သမီးက (၉)လပြည့်မယ်။ ကိုယ်က အမြဲတမ်းစိုးရိမ်တာ တခုရှိတယ်။ သူ့အဖေနဲ့ တွေ့တဲ့အချိန်မှာ သမီးလေးက သူ့အဖေပေါ်မှာ စိမ်းနေမှာ၊ အဲဒီလိုဖြစ်သွားလို့ရှိရင် သူ့အဖေ စိတ်မကောင်းဖြစ်မှာကို အမြဲတမ်းတွေးတယ်။ အရင်တုန်းကလည်း ထောင်မှာ သံတမန်ခန်းမှာ တွေ့ရတဲ့အခါကျတော့ အချိန်အကန့်အသတ်နဲ့ တွေ့ရတဲ့အခါကျတော့ သူတို့ရဲ့ ရင်းနှီးမှုက သိပ်ပြီး ခန့်မှန်းလို့ မရဘူး။ အဲဒီလို အမြဲစိုးရိမ်နေတဲ့ အရာလေးက အခုကျတော့ ကိုယ်စိုးရိမ်စရာမလိုတော့ဘူးပေါ့နော်။ မနေ့ကဆိုရင် လွတ်လာလာချင်းမှာပဲ သူ့အဖေမျက်နှာလေးကို ကိုင်ပြီးသေချာကြည့်နေတဲ့အခါကျတော့ စိမ်းမနေဘူး။ သူတို့ သားအဖနှစ်ယောက်ကို မြင်ရတာ တကယ့်ကို စိတ်ချမ်းသာတယ်။

အင်ကြင်းနိုင်။ ။ ကိုဝလုံး သတင်းသမားတယောက်အနေနဲ့ ရပ်တည်ချက်ကို နိုင်ငံတကာကလည်း စံပြအနေနဲ့ ဂုဏ်ပြုခဲ့ကြတာဆိုတော့ ကိုဝလုံး လွတ်လာပြီးနောက်ပိုင်း သူဆက်လုပ်မယ့် အလုပ်တွေအပေါ်မှာရော ညီမအနေနဲ့ ဆက်ပြီး ပံပိုးသွားဖို့ ရှိပါလားရှင့်။

ပန်းအိမွန်။ ။ နဂိုကတည်းကလည်း သူနဲ့ညီမ စပြီးသိတဲ့အချိန်မှာကတည်းက သူကသတင်းသမားဆိုတော့ ကိုယ်ကတော့ သူဝါသနာပါတဲ့အရာကို တားမြစ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ လောလောဆယ်တော့ ကျောင်းတက်မလား၊ ဘာလုပ်မလဲဆိုတာ ညီမတို့ လောလောဆယ် ဘာမှ မတိုင်ပင်ရသေးဘူး။ ဝမ်းသာလုံးဆို့နေတာနဲ့ အဲဒီအကြောင်းတွေဆီ မရောက်သေးဘူးအမ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG