သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Reuters သတင်းထောက်တွေ လွတ်မြောက်မှု နိုင်ငံတကာကြိုဆို


Reuters သတင်းထောက်များနှင့် မိသားစုဝင်များ

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ဒီကနေ့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာကြပါပြီ။ ဒီကနေ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ခြောက်ထောင်ကျော်ထဲမှာ တခြား နိုင်ငံရေးအကျဉ်းသား တချို့လည်း ပါဝင်ခဲ့ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး အခုလို ပြန်လွတ်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ကိစ္စကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားရင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် (၇) နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ဒီကနေ့ ပြန်လွတ်မြောက်လာကြတာပါ။

သူတို့ လွတ်မြောက်ရေးအတွက် ပြည်တွင်းရော၊ ပြည်ပကပါ ၀ိုင်းဝန်း ကြိုးစားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာချိန်မှာ ကိုဝလုံးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဒီနေ့ပြောချင်တာက ကျနော်အရမ်းပျော်ပါတယ်။ ကျနော်တို့ဒီ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ အထဲကနေပြီးတော့ ကူညီပေးကြတဲ့ ကျနော်တို့ မိတ်ဆွေတွေရော အပြင်က ကျနော်တို့ လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းပြီးတော့ ထောက်ခံအားပေးကြတဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေရော ၊ သူငယ်ချင်းတွေအားလုံး တကမ္ဘာလုံးမှာရှိတဲ့ ကျနော်တို့အပေါ်မှာ ဂရုဏာသက်ခဲ့ကြတဲ့ လူတွေအားလုံးအပေါ်မှာ ကျနော်တို့ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။”

သူတို့ရဲ့ မိခင်သတင်းဌာနဖြစ်တဲ့ ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် Steve Adler ကလည်း သူတို့ ၂ ဦး လွတ်မြောက်လာတဲ့အတွက် အလွန်ဝမ်းသာရကြောင်း ပြောပါတယ်။

“သတ္တိပြောင်မြောက်လှတဲ့ ကျနော်တို့ရဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ပြန်လည် လွတ်မြောက် လာတဲ့အတွက် ကျနော်တို့ အလွန်အမင်း ၀မ်းသာအားရ ဖြစ်မိပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ရက်ပေါင်း ၅၁၁ ရက်ကြာ ကာလအတွင်း သူတို့ဟာ ကမ္ဘာတ၀ှမ်း သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် အရေးပါတဲ့သင်္ကေတ တခု ဖြစ်လာခဲ့ပါတယ်။ သူတို့ ပြန်လွတ်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်။”

သူတို့ ၂ ဦး အခုလို ပြန်လည် လွတ်မြောက်လာတဲ့အတွက် အီးယူ ဥရောပသမဂ္ဂကလည်း ကြိုဆိုကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာနဲ့ လုံခြုံရေးဆိုင်ရာအကြီးအကဲရဲ့ ပြောခွင့်ရ Maja Kocijancic က ပြောပါတယ်။

“ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးရဲ့ အင်မတန် ခက်ခဲလှတဲ့ ခရီးစဉ် အစကနဦးကတည်းက ဥရောပသမဂ္ဂက လေ့လာ စောင့်ကြည့်နေခဲ့တာပါ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါးလောက်က ပြဌာန်းခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာကို ကြားသိရတဲ့အတွက် ကျမတို့ အလွန် ၀မ်းသာရပါတယ်။ လွတ်မြောက်လာပြီဖြစ်တဲ့ သူတို့ဟာ မိသားစုနဲ့ ပြန်လည် အတူနေထိုင်ခွင့်ရပြီး သူတို့ရဲ့ အရေးပါတဲ့လုပ်ငန်းတွေကို ပြန်လုပ်နိုင်ကြတော့မှာ ဖြစ်ပါတယ်။”

ဒါ့အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရေးအတွက် အီးယူအနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း Maja Kocijancic က ပြောပါတယ်။

“ကမ္ဘာတ၀ှမ်း ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဗဟုဝါဒ တည်ရှိရေးတို့ကို ဥရောပသမဂ္ဂအနေနဲ့ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားရေးပံ့ပိုးပေးရင်း အီးယူအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက် လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ရိုက်တာ သတင်းထောက် ၂ ဦး အခုလို ပြန်လည် လွတ်မြောက်လာတဲ့အပေါ် ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ကြိုဆိုကြောင်း သံရုံးပြောခွင့်ရ Aryani Manring က ပြောပါတယ်။

“သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွှတ်မြောက်လာခြင်းအတွက် အမေရိကန်သံရုံးက ကြိုဆိုပါတယ်။ သူတို့ မိသားစုများထံ ပြန်သွားနိုင်ပြီ ဖြစ်တဲ့အတွက်လည်း ကျမတို့အနေနဲ့ ဝမ်းမြောက်ရပါတယ်။”

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ပြန်လွတ်လာတာကို ကြိုဆိုကြောင်းနဲ့ သူတို့ ပြန်လွတ်လာခြင်းဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြောင့်ဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ဒီ ရိုက်တာ သတင်းထောက် ၂ ဦးဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အမြင့်ဆုံး ရရှိခဲ့ကြတာပါ။ သူတို့ ၂ ဦးရဲ့အမှုဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်တခုလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်ဆိုတဲ့ အမြင်မျိုး နိုင်ငံတကာက ခေါင်းဆောင်တွေ ယူဆလာအောင် ရိုက်တာသတင်းဌာနက စွမ်းဆောင် နိုင်ခဲ့တာကြောင့်လည်း ပါပါတယ်။ စစ်တပ်အကြောင်း၊ NLD အစိုးရအကြောင်း ရေးသားကြလို့ ဖမ်းဆီးခံနေရတဲ့ တခြား သတင်းထောက်တွေအတွက် ကျနော်တို့က စိုးရိမ်တာပါ။ အဲဒီလို ဖမ်းဆီးတာ မမှန်ပါဘူး။ အဲဒီ အမှုတွေ ပြန်ရုပ်သိမ်းပေးရေးအတွက်လည်း ကျနော်တို့ ဆက်လက် ဖိအားပေးနေဖို့ လိုပါတယ်။ အဆုံးသတ်မှာတော့ ပုဒ်မ ၆၆(ဃ) နဲ့ ၅၀၅ တို့လို အခြေခံ အခွင့်အရေးတွေကို ချိုးဖောက်ခွင့်ပေးထားတဲ့ ဥပဒေတွေကို NLD အစိုးရက ဖျက်သိမ်းသင့်ပါတယ်။”

သူတို့ ၂ ဦးရဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်းလည်း Phil Robertson က ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ပြန်လွတ်လာတဲ့အတွက် ၀မ်းမြောက်၊ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး ယန်ဟီးလီကတော့ သူတို့ကို အစကတည်းက မဖမ်းဆီးသင့်ကြောင်း ပြောကြားလိုက်ပြီး၊ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးတို့ကတော့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးသင့်ကြောင်း ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာကြတဲ့အထဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးအပြင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အပါအ၀င် အကျဉ်းသား စုစုပေါင်း ၆၅၂၀ ဦး ပါဝင်ပါတယ်။

ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ ၂ ဦးဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိန်းဆိုထားတဲ့နေရာကို သွားရောက် တွေ့ဆုံပြီး အပြန် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာတွေ လက်ဝယ်တွေ့ရှိတယ်ဆို စွပ်စွဲချက်နဲ့ ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ ညက ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ကို အကြိမ်ကြိမ် ရုံးထုတ်စစ်ဆေးပြီးတဲ့နောက် မနှစ် ဇူလိုင်လ ၉ရက်နေ့က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် (၇) စီ ချမှတ် အပြစ်ပေးခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG