သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီမှာ စစ်ကောင်စီ သင်္ဘောတွေကို ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်


ယခင်မှတ်တမ်းရုပ်ပုံ | Union Liberation Front - ULF V 02 အဖွဲ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတဲ့ စည်သူရွာအနီးသို့ရောက်လာတဲ့ စစ်ကောင်စီ၏တွဲတွန်းဖလက်သုံးစီးနှင့် စစ်ရေယာဉ်နှစ်စီး
ယခင်မှတ်တမ်းရုပ်ပုံ | Union Liberation Front - ULF V 02 အဖွဲ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတဲ့ စည်သူရွာအနီးသို့ရောက်လာတဲ့ စစ်ကောင်စီ၏တွဲတွန်းဖလက်သုံးစီးနှင့် စစ်ရေယာဉ်နှစ်စီး

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ သင်္ဘောတွေကို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်ခဲ့ရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့ကပြောပါတယ်။ စစ်လက်နက် ခဲယမ်းနဲ့ ရိက္ခာတွေ သယ်ဆောင်လာပြီး ခန္တီးမြို့ကို ဦးတည်သွားနေတယ်လို့ ယူဆထားတဲ့ သင်္ဘော ၃ စင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မနေ့တုန်းကပဲ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းကနီမြို့နယ်ကနေ ခန္တီးမြို့ကျောက်စိမ်းလုပ်ကွက်နေရာတွေအထိသွားမယ် စစ်သင်္ဘောတစင်းနဲ့ကုန်တွေ တန် ထောင်ချီသယ်ဆောင်လာတဲ့ လှေကြီး ၃စီးကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲံတေ့ ပစ်ခတ်ခဲ့တဲ့အကြောင်း ULF (မဟာမိတ်တပ်ပေါင်းစု) Union Liberation Front က စစ်ကြောင်းမှူးကိုနိုင်လင်းကအခုလိုပြောပြပါတယ်။

"ပြည်သူ့ကာကွယ်ရေးဘက်ကတော့ ကျနော်တို့ရှိတဲ့လက်လုပ်နဲ့ယမ်းတွေထုထောင်းပြီး ကြိပ်ပြီးရှေ့ထွက်မိုင်းတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပစ်တာပေါ့နော်။ စစ်သင်္ဘောကတော့ စက်လတ်သေနတ်တွေနဲ့ပစ်တော့ သူတို့ပစ်တဲ့ဟာက မြေကြီးကိုမထိပဲ လေပေါ်မှာကွဲပြီးတော့ ပေါက်ပြီးတော့ မြေကြီးမှာကျနော်တို့ဝမ်းလျားမှောက်နေတဲ့နေရာတွေကိုပြန်ကျပြီး ခါးတွေကိုထိတာ ကျနော်တို့ထဲကတော့ ၂ယောက်ဒဏ်ရာရပြီး ၁ ယောက်ကတော့ကျဆုံးသွားပါတယ်"

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်သင်္ဘောဘက်က လက်နက်တွေနဲ့ပြန်လည်ပစ်ခတ်တာကြောင့် သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ ဒီစစ်ကောင်စီရဲ့စစ်သင်္ဘောတွေ လှေတွေဟာ ဦးပိုင်ကုမ္ပဏီလီမီတက်ကလုပ်နေတဲ့ကျောက်စိမ်းလုပ်ကွက်အတွက် ယမ်ေးတွေလုံခြုံရေးအတွက်လက်နက်ခဲယမ်းတွေအပြင် စစ်ကောင်စီတပ်တွေအတွက်ရိက္ခာလမ်းကြောင်းတွေကို သယ်ဆောင်တာဖြစ်လို့ အခုလို ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့လည်းကိုနိုင်လင်းကပြောပါတယ်။

"ဦးပိုင်းရဲ့ပစည်းတွေ တောင်တွေဖြိုဖို့က စက်ယန္တယားတွေနဲ့ ဖောက်၊ တောင်တွေဖြိုပြီးမှ မိုင်းတွေခွဲပြီးလုပ်ရတာ အဲဒီတော့မှာကျောင်လုပ်ကွက်(ကျောက်စိမ်း)ကအလုပ်ဖြစ်မှာကိုဗျ၊ ဒီအချိန်မှာ ရသလာက်သယ်တာပေါ့။ ကျောက်လုပ်ကွက်အတွက်ကော စစ်သုံးပစည်းတွေကောလက်နက်ခဲ့ယမ်းတွေကို သူတို့ကအပြီးသယ်တာပေါ့နော်။ ဦးပိုင်ဆိုတာက စစ်တပ်က အရာရှိတွေထူထောင်ထားတဲ့ကျောက်လုပ်ကွက်ရှိတယ်။ တရုတ်တွေရဲ့ကျောက်လုပ်လုပ်တွေရှိတယ်။ ဒီအချိန်မှာ ကျောက်လုပ်ကွက်အတွက်လည်း တောင်တွေဖြိုဖို့ ပုလဲယမ်းတွေလိုတဲ့အတွက်လည်း သူတို့ကပေါင်းသယ်တာပေါ့နော်"

ULF (မဟာမိတ်တပ်ပေါင်းစု) Union Liberation Front နဲ့ Monywa Underground Guerrilla Force (M.U.G.F) တို့အပြင် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ သူတို့ပစ်လိုက်တဲ့ လက်နက်ကျည်ဆံတွေကတော့ သင်္ဘောဆီကိုကျရောက်ပေါက်ကွဲပေမယ့် ဒဏ်ရာလောက်သာရနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ် ။

အဲဒီ ဒေသဘက်မှာတရုတ်တွေရဲ့ကျောက်စိမ်းလု်ကွက်တွေလည်းရှိသလို မြန်မာစစ်ဗိုလ်ချုပ်ဟောင်းတွေတည်ထောင်ထားတဲ့မြန်မာ့စီးပွာရေးဦးပိုင်ကုမ္ပဏီလီမီတက်က လုပ်နေတဲ့ကျောက်စိမ်းလု်ကွက်တွေလည်းရှိတဲ့ နေရာတွေ ဖြစ်တာကြောင့် အဲဒီဒေသမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ မကြာခဏတိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG