သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ပုလဲနယ် စစ်ကောင်စီနယ်မြေရှင်းလင်း ဒေသခံသောင်းဂဏန်း ထွက်ပြေး


ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြစဥ်။ (ယခင်မှတ်တမ်းရုပ်ပုံ)
ပုလဲမြို့နယ်ကျေးရွာတချို့ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြစဥ်။ (ယခင်မှတ်တမ်းရုပ်ပုံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ကျေးရွာတွေဘက်ကို နယ်မြေရှင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ၁ နာရီကျော်ခန့် ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ပုလဲမြို့နယ်ထဲက သောင်းနဲ့ချီတဲ့ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပုလဲမြို့နယ်ထဲက စစ်ရေး အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ပုလဲမြို့ပေါ်ကနေ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးတွေရှိရာ အင်မထီးကျေးရွာဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ နွယ်ရှောက်ကျေးရွာနဲ့ ကျွန်းဘိုကုန်းကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်တဲ့ နွယ်ရှောက်ကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ၁ နာရီကျော်အကြာ ပစ်ခတ်သွားတယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“နွယ်ရှောက်နဲ့ ကျွန်းဘိုကုန်းကြားမှာ ၁၂ နာရီကျော်လောက်က ထိတွေ့တိုက်ပွဲဖြစ်တယ်။ သူတို့ရည်မှန်းထားတာ အင်မထီးရွာကိုသွားဖို့ရည်မှန်းထားတာ မသွားနိုင်ဘူး။ တပ်ကိုနောက်ပြန်ဆုတ်တယ်။ ပြန်ဆုတ်တဲ့အချိန်မှာ သူတို့စစ်ကြောင်းက လေယာဉ်နဲ့လာပစ်ပြီးတော့ ... လေကြောင်းလာပြီး အပေါ်က ဝဲပြီး ပစ်ခတ်တဲ့အချိန်က ၁ နာရီ မိနစ် ၂၀ လောက်ရှိမယ်။ နွယ်ရှောက်နဲ့ ပတ်ဝန်းကျင်ကိုပစ်ခတ်တာ။ PDF တပ်ဖွဲ့ရဲဘော်တွေ ရှိလောက်မယ်ဆိုပြီး ထင်တဲ့နေရာတွေ အားလုံးကို မှန်းပြီး ပစ်ခံရပါတယ်။”

စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ နွယ်ရှောက်ကျေးရွာထဲ တပ်စွဲထားပါတယ်။ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းဖို့ ပြင်ဆင်နေတဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကတည်း ဒေသခံတွေဟာလည်း တိမ်းရှောင်ဖို့အတွက် ပြင်ဆင်နေကြတယ်လို့ အသက် ၇၀ အရွယ် စစ်ဘေးရှောင် အဖွားအိုတဦးကပြောပါတယ်။

“မရောက်ခင်ကတည်းက ကြောက်လို့ ကြိုတင်ပြေးတာပေါ့။ မိုးတွေရွာတဲ့ဗွက်ထဲမှာ အခုမှ လမ်းပဲရှိသေးတယ်။”

မိုးတွေရွာသွန်းနေတဲ့အတွက် စစ်ဘေးရှောင်တွေမှာ အခက်အခဲဖြစ်နေတယ်လို့ တနယ်ကျေးရွာက စစ်ဘေးရှောင်လာတဲ့ အမျိုးသားတဦးက ပြောပါတယ်။

“၃ နာရီခွဲ ၄ နာရီလောက်ကတည်းက ပြေးနေတာ။ လမ်းမှာ အခက်အခဲတွေ့တာလေ။ ကားတွေ ဗွက်နစ်နေတာ။ ထွန်စက်တွေနဲ့ထုတ်နေတာ။ ကျနော်တို့လည်း ရှောင်ပြီးတော့ ပြေးလာတာ။ အခက်အခဲတွေက မိုးထဲရေထဲဆိုတော့ သွားရလာရ မလွယ်တာပေါ့။ လာတော့ ကြောက်တော့ ပြေးရတာပေါ့။”

စစ်ကောင်စီတပ်က နယ်မြေရှင်းပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် မကျည်းခွ၊ ကံကြီး၊ ကျွန်းဘိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ လှော်ကား၊ နွယ်ရှောက်၊ တနယ် စတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။ ရာသီဥတုအခြေအနေအကြောင့် စစ်ပြေးဒုက္ခသည်တွေအတွက် အရေးပေါ် မိုးကာ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖျားနာမှာကိုလည်း စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG