သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်သေဆုံးမှုနောက်ဆုံးအခြေအနေ


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်က မြကန်သာရပ်ကွက်ကို စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့လို့ ကလေးငယ် ၁ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့ပေါ်မှာလည်း စစ်တပ် တပ်စွဲထားတဲ့ ပုလဲ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ဒေါ်ခင်မျိုးသက်က စုစည်းတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်မှာရှိတဲ့ နေအိမ်တအိမ်ကို သြဂုတ် ၁၇ ရက်ညပိုင်းမှာ စစ်တပ်ကပစ်ခတ်ပြီး ဝင်ရောက်စီးနင်းချိန် နေအိမ်မှာနေထိုင်တဲ့ တနှစ်ခွဲအရွယ် အမွှာကလေး ၂ ဦးထဲက ၁ ဦးနဲ့ ဘေးအိမ်က အသက် ၅၃ နှစ်အရွယ်အမျိုးသား ၁ ဦး သေဆုံးခဲ့တာပါ။

ဝင်ရောက်စီးနင်းတဲ့အိမ်က အိမ်ရှင်လင်မယား ၂ ဦးအပြင် အသက်မသေဘဲကျန်ခဲ့တဲ့ အမြွာကလေးငယ်နဲ့ အခြားအမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားပါတယ်။ စစ်တပ်ဝင်ရောက်စီးနင်း ပစ်ခတ်ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို အတည်ပြု ပြောပါတယ်။

“ရပ်ကွက်ထဲကအိမ်တအိမ်မှာ ဝင်ပြီးတော့ စီးတယ်ပေါ့နော်။ မနေ့ညက မှန်သွားတာဆို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူပေါ့။ ကလေးတယောက်ကိုလည်း ထိသွားတယ်။ သေဆုံးမှုကတော့ ၂ ယောက်ပေါ့။ စစ်ကောင်စီက ဝင်ပြီဆိုရင် သူတို့ ပစ်ပြီခတ်ပြီဆိုရင် PDF ရယ် ပြည်သူရယ် မခွဲခြားဘူး။ ပစ်ပြီဆို ရမ်းပစ်တာ။”

ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖမ်းဆီးရမိတဲ့ လက်နက်ငယ်တွေနဲ့ အမျိုးသမီးတဦး ဓာတ်ပုံကို ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ပုလဲမြို့နယ်မှာဆိုရင်လည်း သြဂုတ်လ ၁၇ ရက် ညပိုင်းမှာ စစ်တပ်နဲ့ရဲ တပ်စွဲထားတဲ့ ပုလဲမြို့မရဲစခန်းကို ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ပစ်ခတ်ပြီးနောက်ပိုင်း သြဂုတ်လ ၁၈ ရက် မနက်ပိုင်းမှာတော့ ပုလဲမြို့မှာ အစစ်အဆေးတွေ တင်းကျပ်နေတယ်လို့ သခင်ဒေါင်းညို ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မနေ့ညက ၁၁ နာရီကျော်ကျော်လောက်က တိုက်ပွဲစဖြစ်တယ်။ စကစနဲ့ ပုလဲမြို့ပေါ်က ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ကြတာ။ မနက်ခင်း အခြေအနေကတော့ လမ်းသွားလမ်းလာတွေကို အတင်းအကျပ် စစ်ဆေးနေတယ်။ ခရီးသည် ပုလဲ ဂန့်ဂေါသွားတဲ့ ကားသမားတွေ၊ ကုန်ကားသမားတွေ၊ ခရီးသွားတွေကို အတင်းအကျပ် စစ်ဆေးနေတယ်။ ဆိုင်ကယ်တွေက အစပေါ့။”

တနာရီနီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကာကွယ်ရေးအဖွဲ့တွေက နောက်ပြန်ဆုတ်လာခဲ့တယ်လို့လည်း ပြောပါတယ်။ ရဲစခန်းကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ သခင်ဒေါင်းညို၊ ဗေဒါ ၊ တိုက်နယ် ၇ ၊ သိမ်းငှက်နီ စတဲ့ မဟာမိတ်တွေစုပေါင်းပြီး တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုလဲမြို့ဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ်အကြာ စစ်ရေးတင်းမာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခံထားရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့ဖြစ်ပြီး ကာကွယ်ရေး အဖွဲ့တွေဟာလည်း မြို့ပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG