သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလောင်းတော်ကဿပနယ်မြေ ကာကွယ်ရေးစခန်း  စစ်ကောင်စီ ပစ်ခတ် (ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်)


ယင်းမာပင် လေကြောင်းတိုက်ခိုက်မှု / ရဟတ်ယာဉ် (ယခင်မှတ်တမ်း​ဓာတ်ပုံ)
ယင်းမာပင် လေကြောင်းတိုက်ခိုက်မှု / ရဟတ်ယာဉ် (ယခင်မှတ်တမ်း​ဓာတ်ပုံ)

အလောင်းတော်ကဿပနယ်မြေ ကာကွယ်ရေးစခန်း စစ်ကောင်စီ ပစ်ခတ် (ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်)

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ပုလဲမြို့နယ်တွေမှာ စစ်ကေင်စီက လေကြောင်းကနေ တိုက်ခုိက်ခဲ့ပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်းရေးစလုပ်တော့မလားဆိုတာကိုလည်း ဒေသခံတွေက စဥ်းစားနေကြပါတယ်။ ယင်းမာပင်နဲ့ပုလဲမြို့နယ်တွေရဲ့အခြေအနေကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာအနီး အလောင်းတော်ကဿပ ကားလမ်းပေါ်ရှိ ပွင့်ကြီး ယာဉ်ရပ်နားစခန်းနားက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ရဲ့ စစ်ဆေးရေး ဂိတ်တခုကို စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

လေကြောင်းကပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နယ်မြေရှင်းလင်းတာမရှိသလို တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်တာလို့ ယင်းမာပင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက အခုလို ပြောပါတယ်။

“ယင်းမာပင်မှာ လေကြောင်းတိုက်ခိုက်မှုတခုလုပ်သွားတာ ဟုတ်ပါတယ်။ ပစ်တာက အလောင်းတော်ကဿပ တောင်ကြောပေါ်က ပွင့်ကြီးစခန်းကိုဝင်ပစ်တာ။ တိုက်ပွဲမရှိဘူး။ ဒီအတိုင်းပဲ- သူတို့ သတင်းအရ လာပစ်တယ်ထင်တာပဲ။ ဘာမှထိတွေ့မှုမရှိဘူး။ အဲ့နေရာမှာ စစ်တပ်လည်းမရှိဘူး။ ရဲဘော် တပ်စုမှူးတယောက်ကတော့ လက်ကောက်ဝတ်ကို ကျည်ထိသွားတယ်။ အခုလောလောဆယ်တော့ ဆေးဝါးကုသမှု ခံယူနေတယ်ပေါ့နော်။ ကျနော်တို့ သမိုင်းဝင်နယ်မြေပေါ့နော်။ အလောင်းတော်ကဿပနယ်မြေကို ထိန်းသိမ်းနေတဲ့အဖွဲ့ရှိတယ်။ အဲ့ဒါကို NUG ကနေပြီး အလောင်းတော်ကဿပ နယ်မြေထိန်းသိမ်းဖို့ပေါ့နော် လုပ်ထားတဲ့ဟာတွေ အဲ့ဒါကို သတင်းအရ လာပစ်တယ်ထင်တာပဲ။”

ယင်းမာပင်ထဲကနေရာအချို့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ စစ်တပ်နဲ့ပတ်သက်ဆက်စပ်သူတွေအပြင် စစ်တပ်ထုတ်ကုန်တွေ မဝင်ရောက်လာဖို့နဲ့ အလောင်းတော်ကဿပနယ်မြေမှာ သစ်ခိုးထုတ်တာတွေအပြင် တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် သတ်ဖြတ်တာတွေကိုကာကွယ်ဖို့ ဂိတ်စခန်းတွေချပြီး စစ်ဆေးတာတွေရှိနေတာပါ။

တဆက်တည်းမှာပဲ ပုလဲမြို့နယ်မှာလည်း စတင်ဘာ ၉ ရက်က ဒေသခံကာကွယ်ရေး တပ်စခန်းလို့ ယူဆတဲ့နေရာတခုကိုလည်း စစ်တပ်က လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါ့ပြင် စစ်တပ်က နယ်မြေရှင်းလင်းဖို့လုပ်နေတဲ့အတွက် ဒေသခံတွေမှာ စိုးရိမ်ပြီး တိမ်းရှောင်ဖို့ပြင်ဆင်နေကြတယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“မနေ့က ၂ နာရီ မတ်တင်း ကျော်ကျော်လောက်ပေါ့နော်။ သစ်ကြီးတိုင်းနားက တောင် ပေါ်မှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ ထင်မြင်ချက်နဲ့ လာပစ်သွားတာလို့ ပြောတယ်။ တဦးတယောက်မှ ထိခိုက်မှုတော့မရှိပါဘူး။ ပြည်သူတွေကတော့ လေယာဉ်နဲ့လာတော့ ကြောက်လန့်နေတာပေါ့ဗျာ။ ပြည်သူတွေကတော့ အလန့်တကြားဖြစ်သွားတာပေါ့။"

လက်ရှိအချိန်မှာ စစ်တပ်ဟာ ပုလဲမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းဖို့ လုပ်နေတဲ့အတွက် စစ်တပ်လာနိုင်တယ်လို့ ယူဆရတဲ့ လမ်းတလျှောက်က မကြီးဂွ ၊ ကျွန်းဘိုကုန်း၊ သံပေါက်၊ ကံကြီး၊ ညောင်ကုန်း စတဲ့ကျေးရွာက ဒေသခံအများအပြားဟာ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။

စစ်တပ်က နယ်မြေရှင်းလင်းဖို့လုပ်နေတဲ့အတွက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG