သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံက ကျေးရွာတချို့ မီးရှို့ခံရ၊ အရပ်သားသေဆုံးမှုတွေရှိ


မြင်းခြံမြို့ ကန်ဆွယ်ကျေးရွာ မီးရှို့ခံထားရတဲ့မြင်ကွင်း (မတ်လ ၃၊ ၂၀၂၄)
မြင်းခြံမြို့ ကန်ဆွယ်ကျေးရွာ မီးရှို့ခံထားရတဲ့မြင်ကွင်း (မတ်လ ၃၊ ၂၀၂၄)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတာကြောင့် နေအိမ်တွေ မီးရှို့ခံနေရသလို အရပ်သား သေဆုံးတာတွေလည်း ရှိနေပါတယ်။ ကျေးရွာတွေထဲမှာ စစ်တပ် စစ်ကြောင်း ရှိနေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစည်သူ က ပြောပြပါမယ်။

မန္တလေးတိုင်း မြင်းခြံမြို့အရှေ့ဘက်၊ မြို့နဲ့ ၁၀ မိုင်ခန့်အကွာက ကျေးရွာတွေဘက်ကို မတ်လ ၁၁ ရက်ကစလို့ စစ်တပ်က နယ်မြေ ရှင်းလင်းနေတာ ဒီကနေ့ မတ်လ ၁၃ ရက်ဆို ၃ ရက်ရှိနေပါပြီ။ နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာ ၄ ရွာက နေအိမ်တွေ မီးရှို့ခံရသလို အရပ်သား ၃ ဦးလည်း သေဆုံးခဲ့ပါတယ်။

မတ်လ ၁၁ ရက်မှာ မြင်းခြံ နွားကူးအိုင် လမ်းပိုင်းမှာ စစ်တပ်ကား တိုက်ခိုက်ခံရပြီးတဲ့နောက် အဲ့ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာတွေမီးရှို့ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက အခုလို ပြောပြပါတယ်။

“အဲ့နေ့ ၁၁ ရက်နေ့ ညမှာပဲ စစ်တပ်က မကျီးစုရွာကို မီးရှို့ခဲ့တယ်။ ၁၂ ရက်နေ့ မနက်ပိုင်းမှာ သင်ပြွန်းရွာ သေနတ်တွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်တယ်။ ဝင်ပြီးတော့ သင်ပြွန်းရွာထဲမှာ မီးရှို့ခဲ့တယ်။ မီးရှို့ပြီးတော့ ဆိပ်ကုန်းရွာကို သင်ပြွန်းရွာက ကောင်တွေက ဆိပ်ကုန်းရွာကိုသွားပြီးတော့ မီးရှို့ခဲ့တယ်။ အဲ့ဆိပ်ကုန်းရွာရောက်နေတဲ့ အဖွဲ့ကပဲ အခု ပျိုးကန် ၁၃ ရက်နေ့ မနက်ပိုင်းမှာ ပျိုးကန်ရွာကို မီးရှို့ခဲ့တယ်ပေါ့။ မနက် ၇ နာရီလောက်မှာ စပြီးမီးရှို့ခဲ့တယ်။ ဒီနေ့မနက်မှာပဲ သင်ပြွန်းလမ်းကနေလာပြီး မြင်းခြံဘက်က လာတဲ့ အဖွဲ့(စစ်တပ်) တဖွဲ့က ကန်ဆွယ်ရွာကို ထပ်ပြီးတော့ မီးရှို့တယ်။”

စစ်တပ်စစ်ကြောင်းတွေ ကျေးရွာတွေထဲမှာ ရှိနေတဲ့အတွက် မီးလောင်ကျွမ်းတဲ့နေအိမ် စာရင်းအတိအကျကို မသိရှိရသေးပါဘူး။ သင်ပြွန်းရွာနဲ့ ပျိုးကန်ရွာတို့က မီးလောင်ကျွမ်းတဲ့ နေအိမ်တွေအတွင်း သက်ကြီး အမျိုးသမီး ၂ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရသလို တောင်ယာ လုပ်ကိုင်နေတဲ့ အဖိုးအိုတဦးလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေ ရှိနေတဲ့အတွက် နေအိမ်တွေကို ပြန်မရသေးဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တဦးက အခုလို ပြောပါတယ်။

“ရွာကိုမီးရှို့လို့။ တိုက်ပွဲမဖြစ်ပါဘူး။ မဖြစ်ဘဲနဲ့ရှို့တာ။ ဆိုင်ရာဆိုင်ရာတွေ ခိုလို့ရတဲ့လွတ်တဲ့နေရာတွေ သွားရတာပေါ့။ (ရွာကို) ဘယ်ကပ်လို့ရလိမ့်မလည်း ဘယ်လိုကြောင့်လည်းဆိုတော့ သူတို့က အဲ့မှာ ရှိသေးတယ်လေ။ သူတို့ စစ်တပ်တွေရှိသေးတယ်။ လူဦးရေက ဘယ်ရေနိုင်လိမ့်မလည်း ရွာလုံးကျွတ်တွေ ဆိုတော့ တရွာတရွာ အိမ်ခြေက ၃၀၀ ကျော်ရှိတာလေ။”

ဒီကနေ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ မီးရှို့ခံရတဲ့ ကန်ဆွယ်ကျေးရွာဟာ အခုတကြိမ်နဲ့ပါဆို မီးရှို့ခံရတာ ၃ ကြိမ်ရှိပြီဖြစ်သလို ဖေဖော်ဝါရီ ၅ ရက်က ပထမအကြိမ် မီးရှို့ခံခဲ့ရချိန်ကဆိုရင် အမျိုးသမီးတဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေဆက်လုပ်နေပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့အတွက် နေထိုင် စားသောက်ရေးအပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG