သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ခိုက်မှုတွေဖြစ်ပွား


ချင်းပြည်နယ် တစ်နေရာ
ချင်းပြည်နယ် တစ်နေရာ

ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲဖြစ်ပွားအပြီး ပလက်ဝမြို့နဲ့ ဆမီးမြို့တို့ကနေ ချင်းပြည်နယ် မတူပီမြို့နယ်ဘက်ကို ဆုတ်ခွါလာတဲ့ စစ်တပ်နဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ရဲတချို့ သေဆုံးခဲ့ပါတယ်။ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းထဲက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြပေးပါမယ်။

ပလက်ဝမြို့က စစ်တပ်အခြေစိုက် စခန်းတွေအားလုံးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ပလက်ဝမြို့နဲ့ ဆမီးမြို့တို့ကနေ ချင်းပြည်နယ်ထဲက တပ်ရင်းတွေဆီ သွားရောက် ပူးပေါင်းဖို့ ဆုတ်ခွါလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုတွေကြားမှာ ဇန်နဝါရီ ၂၀ ရက်ကစလို့ ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေတာပါ။ ဆမီးမြို့နဲ့ မတူပီကြား မိုင် ၉၀ ကွာဝေးပြီး အဲ့ဒီလမ်းတလျှောက် စစ်တပ်က ဆုတ်ခွါလာချိန် တိုက်ပွဲတွေဖြစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကို သိရှိတဲ့ ပလက်၀ ဒေသခံတဦးက ဗွီအိုအေ မြန်မာပိုင်းက အခုလို ပြောပြပါတယ်။

“စစ်ကောင်စီတပ်တွေက ဆမီးမြို့မှာ အေအေနဲ့ တိုက်ပွဲတွေဖြစ်ပြီးမှ သူတို့က ထွက်ပြေးလာတာပေါ့လေ။ သူတို့က မတူပီတပ်နဲ့ ပေါင်းဖို့အတွက်ကိုအဲ့လမ်းကို သူတို့က ရွေးချယ်တာဖြစ်တယ်။ ရွေ့ရင်းရွေ့ရင်းနဲ့ အဲ့ဘက်က CNA ကော ပလက်၀ CDF ကော မတူပီ CDF ကော ပေါင်းပြီးတော့မှ သူတို့ကို ကြားမှာ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်တာပေါ့လေ။ တိုက်ပွဲတွေဖြစ်တာက ဒီနေ့နဲ့ဆို ၄ ရက် မြောက်လောက် ရှိပြီထင်တယ်။ တရွာမှာအိပ်လိုက် ရွေ့လိုက် အဲ့လို ရွေ့တဲ့နေရာမှာ ဟိုဘက်က ကျွန်တော်တို့ တပ်ပေါင်းစုတွေနဲ့ ထိတွေ့မှုတွေဖြစ်တယ် နောက်တနေရာကို ရွေ့တယ်။ အဲ့လိုပုံစံပေါ့လေ။”

မတူပီမြို့နယ် လုံပန်းကျေးရွာအနီးနဲ့ စံတပ်ကျေးရွာအနီးတို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၇ ဦးလောက် သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ မတူပီ CDFက ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ စံတပ်ကျေးရွာ ပြည်သူ့ဆေးရုံထဲက ဆေးဝါးနဲ့ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်စီးခဲ့တာပါ။ ဇန်နဝါရီ ၂၂ ရက်ကလည်း စစ်ဘေးရှောင် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ဇန်နဝါရီ ၂၃ ရက် ဒီကနေ့မှာ အမျိုးသမီး ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အမျိုးသား ၃ ဦးကိုတော့ ဆက်လက် ဖမ်းဆီးထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ဘေးရှောင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဒေသခံတွေက အတည်ပြုထားပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။ တိုက်ပွဲတွေအပြင် စစ်ဘေးရှောင်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မန္တလေးတိုင်း မြင်းခြံမြို့နယ်ဘက်မှာလည်း ဇန်နဝါရီ ၂၂ ရက် နေ့လည်ပိုင်းမှာ မြင်းခြံ - ဆီးမီးခုံလမ်းပိုင်း တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြားမှာ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ အိမ်စီးကား တစီးကို ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ပွဲမှာပါဝင်တဲ့ MP-9 အဖွဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပြပါတယ်။

“မြင်းခြံဆီမီးခုံလမ်းမပေါ်မှာ သတင်းရလို့ Wish Car အဖြူရောင် အဖြူရောင်ကား ၁ စီးကို ကျွန်တော်တို့ ကြားဖြတ် တိုက်ခိုက်တယ်။ အဲ့မှာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦးပေါ့နော်။ နေရာတင်သေတယ်ပေါ့နော်။ မြင်းခြံကနေ အိမ်စီးကား ၈ စီးတက်လာတယ်။ အင်အား ခန့်မှန်းခြေ ၅၀ လောက်ပေါ့။ အလောင်းလာကောက်တဲ့ အချိန်မှာ အလောင်းလာကောက်ပြီးတော့ အဲ့နောက်ပိုင်းမှာ ဒီက တော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲထိတွေ့မှုတော့ ဖြစ်သေးတယ်။ အဲ့လိုတော့ဖြစ်တာရှိတယ်။ အဲ့ဖြစ်ပြီးနောက် အိမ်စီးကားကို ကျွန်တော်တို့ မီးရှို့ဖျက်စီးလိုက်တယ်။”

ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးတဲ့နောက် သေနတ်အချို့နဲ့ ကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့ပြီး Mp-9 ၊ တလုတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိုင်းဇာနည်တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလည်းလို့ပြောပါတယ်။ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေဟာ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ဖို့ ရွေးချယ်ခံထားရသူတွေလို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG