သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါန်းဇွန်က အဖမ်းခံအရပ်သားတွေ ပြန်မလွတ်သေး


ငါန်းဇွန်မြို့ (Crd: ငါန်းဇွန်ဖဘ)
ငါန်းဇွန်မြို့ (Crd: ငါန်းဇွန်ဖဘ)

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ညောင်လေးပင်ရွာသား ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတဲ့အထဲက တချို့တဝက်သာ ပြန်လွတ်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းနေတဲ့ ဘုတလင်မှာလည်း ဖမ်းဆီးခံရတဲ့ အရပ်သားအချို့ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အရပ်သားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နဲ့ ၉ မိုင်အကွာမှာရှိတဲ့ ညောင်လေးပင်ရွာက ဒေသခံ ၁၀၀ နီးပါးကို စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါ။

အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ တောင်ရွာဘိုရွာကို စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူတွေ ရောက်ရှိလာပြီး တောင်ရွာဘိုရွာကတဆင့် ညောင်လေးပင်ရွာကိုရောက်ချိန်မှာ ဘုန်းကြီးကျောင်းမှာ နေထိုင်နေတဲ့ ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ငါန်းဇွန်ဒေသခံတဦးက အခုလို ပြောပါတယ်။

"ညောင်လေးပင် ဘုန်းကြီးကျောင်းကို ရောက်လာပြီးတော့မှ ပြည်သူ ၁၀၀ လောက်ကို ခေါ်သွားတယ် ပေါ့နော်။ ဘုန်းကြီးကျောင်းထဲမှာ နဂိုကတည်းက အဲ့ပတ်ဝန်းမှာ အိမ်ထောင်စု ၇၀ လောက်က ဘုန်းကြီးကျောင်း ပရဝုဏ်ထဲမှာ နေကြတာပေါ့။ အဲ့ဘုန်းကြီးက ဘာသာပေါင်းစုံပုံစံမျိုးနဲ့ အကုန်အစုံ ရှိတာ။ အဲ့ ၇၀ လောက်က ဟိုးကတည်းက ရှိနေတာကြာခဲ့ပြီ။ ၁၀ စုနှစ်တခုလောက်ရှိနေပြီ။ တချို့သော ရွာခံတွေကလည်း စစ်ရှောင်ရင်းနဲ့ ဘုန်းကြီးကိုယုံကြည်ပြီး နေရင်းနဲ့ အခုလို ပြုံပြီး ဖမ်းခံလိုက်ရတာ။ ဒီနေ့လည်း တချို့ ပြန်လွတ်ပြီလို့တော့ကြားတယ်။"

ညောင်လေးပင်ရွာကို မဝင်ခင် တောင်ရွာဘိုရွာကို ဝင်ရောက်ချိန်မှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး သေနတ်ပစ်ဖောက်တဲ့အတွက် အမျိုးသမီး ၂ ဦး ဒဏ်ရာရပြီး အသက် ၆၀ ကျော် အမျိုးသားတဦး နှလုံးဖောက်ပြီးသေဆုံးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ငါန်းဇွန်မြို့ပေါ်ကို ခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရတဲ့ဒေသခံတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အခုလို ဒေသခံအရပ်သား အများအပြား ဖမ်းဆီးခံရတာကြောင့် ညောင်လေးပင်၊ တောင်ရွာဘိုရွာအပါအဝင် အနီးနားကကျေးရွာ ၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

ဘုတလင်မြို့ကို တကျော့ပြန် စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲကို ဝင်ရောက်သွားပြီလည်းဖြစ်ပါတယ်။ နယ်မြေရှင်းလင်းချိန် ဒေသခံ ၂၀ နီးပါးကို ဖမ်းဆီးထားပေမယ့် မြို့ထဲဝင်ချိန်မှာတော့ ဖမ်းဆီးထားသူတွေကို နေအိမ်ထဲ သော့ပိတ်ထားခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။
"စစ်ကြောင်းက ဘုတလင်မြို့ထဲကိုဝင်သွားပြီ။ ဓားစာခံတွေကို သီးပင်အိုင် အိမ် ၂ လုံးထဲကို ခွဲပြီးတော့ ပိတ်ထားခဲ့တယ်။ မနေ့ညကတည်းက သူတို့က ထွက်သွားတာ။ ၂၀ ကျော် ဝန်းကျင် ဖမ်းခံရတယ်ပေါ့နော်။ မလွတ်မကင်းပါတဲ့ လူတွေကတော့ လွတ်မလွတ်တော့မသိဘူး။ အများစုက ပြန်လွတ်ပြီ။"

ဘုတလင်နယ်ထဲမှာ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာ ၄ ရက်က စလို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲ တကျော့ပြန် နယ်မြေရှင်းနေတာပါ။

နယ်မြေရှင်းလင်းရေးအတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာဖြစ်ပြီး နေအိမ်အချို့လည်း မီးရှို့ခံရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဘုတလင်နယ်ထဲမှာ စစ်ဘေးရှောင် ၁၀,၀၀၀ နီးပါးဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG