သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါန်းဇွန်နယ် ဒေသခံ ၃၀ နီးပါး စစ်ကောင်စီဖမ်းဆီး


မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် (crd: MIMU)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် (crd: MIMU)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် လက်ပံသာကျေးရွာနဲ့ အောင်သုခကျေးရွာက ဒေသခံ ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့နဲ့ ၁ မိုင်ခွဲနီးပါးဝေးတဲ့ ဂျုပ်ပင်ကျေးရွာမှာလည်း သေနတ်နဲ့ပစ်ခံရပြီး သေဆုံးနေတဲ့ရုပ်အလောင်းတွေ တွေ့ရှိရတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဆက်ရှိနေပါတယ်။ မန္တလေးတိုင်းထဲက ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ပုလဲမြို့နယ်ကတိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းအေးပြောပြမှာပါ။

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ်ကတွင်း လက်ပံသာကျေးရွာနဲ့ အောင်သုခကျေးရွာက အရပ်သားဒေသခံ ၃၀ နီးပါးကို စက်တင်ဘာ ၁၁ ရက် ညပိုင်းက စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအရပ်သားတွေ ဖမ်းဆီးမှုကို စစ်တပ်က စစ်ဆင်ရေး သဘောမျိုးနဲ့ လုပ်ဆောင်နေတာလို့ ငါန်းဇွန်ဒေသခံတဦးကပြောပါတယ်။

“စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်းက အဲ့ဒါက ဒေသအခေါ်က တနင်းကုန်း နိုင်ငံတော် အမည်ပေါက်က လက်ပံသာ။ လက်ပံသာ ရွာသူရွာသား ကျနော်သိတာကတော့ ဘုန်းကြီး တပါး အပါအဝင် ၂၁ ယောက် ၊ အဲ့ဒါပြီးတော့ အောင်သုခရွာက ၇ ယောက် ၈ ယောက် ဝန်းကျင်ခန့်ပေါ့နော်-ဖမ်းခံရတယ်ပေါ့။ ဖမ်းတာကကျတော့ ရေလယ်သောင်အုပ်စုက လင်္ကာဒီပဘုန်းကြီးကျောင်းမှာ ဖမ်းထားတယ်ပေါ့။ သြဂုတ်လကနေ စပြီးတော့ သူတို့ စစ်ဆင်ရေးပုံစံမျိုးနဲ့လုပ်ပုံထောက်တယ်။ အခုသြဂုတ်လထဲမှာလည်း ကြမ်းတယ်။ စက်တင်ဘာလထဲမှာလည်း ကြမ်းတယ်။ ”'

ဒါဟာ ဒုတိယအကြိမ် ဒေသခံအရပ်သား အများအပြားဖအမ်းခံရတာလည်းဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်က သားကျင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးတဲ့နောက် စက်တင်ဘာ ၃ ရက်မှာ သားကျင်ရွာက ဒေသခံ ၇၀ နီးပါးကို မျက်လုံးတွေကို အဝတ်အုပ်ပြီး စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။

အဲဒီထဲက အယောက် ၄၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်သူတွေ ပြန်လည် လွတ်မြောက်လာတာကို မသိရှိသေးကြောင်း ဒေသခံတွေက ဆိုပါတယ်။ ငါန်းဇွန် မြို့နယ်ထဲက စစ်တပ် ယ်မြေရှင်းလင်းနေတဲ့ နေရာဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ ထိစပ်နေတဲ့ နေရာဖြစ်ပြီး ငါန်းဇွန်၊ မြောင်၊ မြင်းမူ ၃ မြို့နယ်စုံတဲ့နေရာလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်းထဲကပဲ မြင်းခြံမြို့နယ်နဲ့ ၁ မိုင်ခွဲသာဝေးတဲ့ ဂျုပ်ပင်ကျေးရွာမှာ စက်တင်ဘာ ၁၂ ရက်ညပိုင်းမှာ သေနတ်နဲ့ စ်ပြီး စွန့်ပစ်ထားတဲ့ အမျိုးသား ၃ ဦးကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အသတ်ခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ဒေသခံတွေကအတည်မပြုနိုင်သေးပါဘူး။
ညမထွက်ရ ထုတ်ပြန်ထားချိန်မှာ ပစ်ခတ်ပြီး စွန့်ပစ်တာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်က လုပ်ဆောင်တာလို့ ဒေသခံတွေက ယူဆနေပါတယ်။

“မနေ့ညက ၁၂ မထိုးခင် ၅ မိနစ်အလိုလောက်မှာ ကားတစီးရောက်လာတယ်။ ကားတစီးယောက်လာပြီးတော့ သေနတ်သံ ၃ ချက်ကြားတော့ လူတွေက ထွက်တော့ မကြည့်ရဲကြဘူးပေါ့။ ဘာတွေညာတွေမသိဘူးပေါ့။ ဒါပေမယ့်ချောင်းတော့ကြည့်ကြတယ်။ ချောင်းကြည့်တဲ့ဟာတွေက မျက်မြင်ပြောကြားချက်အရပေါ့နော်။ အဲ့မှာကင်းပတ်သလိုပုံစံလုပ်ပြီးမှ မြို့ထဲကိုပြန်ဝင်တာ။ ၃ ယောက်မှာ ၁ ယောက်က မသေသေးဘူး မနက်လင်းတဲ့အထိအောင် မနက် ၈ နာရီထိုးလောက်မှာ သူတို့လာကောက်သွားတယ်။ သူတို့ဆိုတာ စကစ ပေါ့။ ပစ်သတ်သွားတာက ကျနော်တို့ ယူဆချက်ပေါ့နော်။ ၁၂ ထိုးဆိုတာ ကျနော်တို့ဘက်မှာ မာရှယ်လော ထုတ်ထားတဲ့အချိန်ဗျ။ အဲ့အချိန်မှာ ကားကြီးနဲ့လာပြီးပစ်တယ်ဆိုတဲ့နောက်မှာ ကျနော်တို့က ယူဆတာက စကစ လို့ပဲ ယူဆပါတယ်ခင်ဗျ။”

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကကော ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကကော သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စက်တင်ဘာ ၁၁ ရက်က ဂျုပ်ပင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ကာကွယ်ရေး အဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တာတွေရှိခဲ့ပြီးနောက်ရက်မှာ အခုလို အမျိုးသား ၃ ယောက်ကို ပစ်ခတ်ပြီး လာရောက်စွန့်ပစ်တာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ဂျုပ်ပင်ကျေးရွာအနီးမှာ စစ်တပ်ထောက်ခံသူ ပြူစောထီးတဦးကို ကာကွယ်ရေး အဖွဲ့တွေက ပစ်ခတခဲ့ပြီးနောက်ရက်မှာ ကျည်ဆံထိမှန် သေဆုံးနေတဲ့ အလောင်း ၃ လောင်းကို ဂျုပ်ပင်ကျေးရွာအနီးမှာ စစ်တပ်က လာရောက် စွန့်ပစ်သွားသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါက မန္တလေးတိုင်းထဲက အခြေအနေတွေပါ။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စက်တင်ဘာ ၁၁ ရက်ကစလို့ တိုက်ပွဲတွေဖြစ်နေပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာတော့ ဆူးပုတ်ကုန်းကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ထောက်ခံသူ ပျူစောထီး ၂ ယောက်သေဆုံးပြီး သေနတ် ၁ လက် ရရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နဲ့ စက်တင်ဘာ ၁၁ ရက်တို့မှာ စစ်တပ်ဘက်က လေကြောင်းနဲ့ ၂ ကြိမ် ဝေဟင်ကနေ ပစ်ခတ်ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

တိုက်ပွဲတွေကြောင့် ကျေးရွာ ၇ ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ မိုးရွာထဲ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ မိုးကာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG