သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါန်းမြာကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၄ ဦးအထိ တိုးလာ


ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဩဂုတ် ၂၇၊ ၂၀၂၄)
ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဩဂုတ် ၂၇၊ ၂၀၂၄)

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာမှာ စက်တင်ဘာ ၂၀ ရက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက် ၁၄ ဦး အထိ တိုးလာတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။ မြင်းခြံခရိုင်ထဲ စစ်ကောင်စီဟာ အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ မြင်းခြံခရိုင်အခြေအနေရန်ကုန်ဘက်က သတင်းပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်းမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ငါန်းမြာကြီးကျေးရွာကို စက်တင်ဘာ ၂၀ ရက်က စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့လို့ သေဆုံးသူ အရေအတွက် ၁၄ ဦးအထိ တိုးလာပါတယ်။

လေကြောင်းက တိုက်ခိုက်ခံရတဲ့နေ့မှာ ၁၁ ဦး သေဆုံးခဲ့ပြီး စက်တင်ဘာ ၂၂ ရက်မှာတော့ နောက်ထပ် သေဆုံးနေတဲ့ရုပ်အလောင်း ၃ လောင်းကိုကျေးရွာထဲ တွေ့ရှိခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကတာဝန်ရှိသူ ကိုနွေဦးကအခုလို ပြောပါတယ်။

"သေဆုံးက နောက်နေ့မှာ ၃ ယောက် ထပ်တွေ့တာပေါ့။ ၂၂ ရက်နေ့က တွေ့တာပေါ့။ အလောင်းကိုတွေ့တဲ့အချိန်မှာအလောင်းကိုထုတ်ဖို့ ခြုံထဲမှာ ၂၀ ရက်နေ့က ပစ်လို့သေတာလား၊ ၂၁ ရက်နေ့က ပစ်လို့သေတာလား အတည်တော့မပြုနိုင်ဘူး။ ဒါပေမယ့် ၃ လောင်း ထပ်တွေ့တာတော့မှန်တယ်။ အလောင်းထုတ်ဖို့အချိန်မှာ လေယာဉ်လာတော့ အကုန်လုံးထားပြီးတော့ ပြန်ပြေးကြရတာ။ အခုချိန်ထိကို အဲ့ရွာကို ပြန်ကပ်လို့မရကြတော့ဘူး။ လေယာဉ်တွေက အခုဆိုလည်းတောက်လျှောက် အဲ့အပေါ်မှာ ဝဲနေတာ။ အခုလည်းဝဲနေတာဆိုတော့ အဲ့ရွာကို ဘယ်သူမှ ပြန်မသွားရဲကြတော့ဘူး။ကာကွယ်ရေးအဖွဲ့တွေကော ပြည်သူတွေကော။ သေဆုံး အခုလက်ရှိတွေ့ထားတာက ပထမရက်က ၁၁ ယောက်၊ မနေ့က၃ ယောက်ထပ်တွေ့တာဆိုတော့ ၁၄ ယောက်ပေါ့။ ဒါပေမယ့် နောက်ထပ် နေရာအနှံ့ ရှာတာတော့ မလုပ်နိုင်သေးဘူးပေါ့။ထပ်တွေ့ရင်လည်း တွေ့နိုင်သေးတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့။"

ငါန်းမြာကြီးကျေးရွာအပါအဝင် ငါန်းဇွန်မြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျေးရွာ ၉ ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတာပါ။ ငါန်းမြာကြီးကျေးရွာဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုလမ်းကြောင်းတွေကို ဟန့်တားတာဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ခဲ့တဲ့ သြဂုတ် ၁၀ ရက်ကစလို့ မြင်းခြံခရိုင်ထဲကမြို့နယ်တွေမှာ စစ်ကောင်စီကအကြိမ် ၃၀ ထက် မနည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများစုဟာ တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်ခိုက်ခံရတာလို့ စာရင်းကောက်ယူထားသူတွေက ပြောပါတယ်။

မြင်းခြံခရိုင်ထဲ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီတာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

"စကစ ဘက်က လေကြောင်းကပစ်တာတော့ ၃၀ နီးပါးလောက် လေကြောင်းက တိုက်ခိုက်ထားတာရှိတယ်။ အများဆုံးတိုက်ခိုက်ခံရတာက နွားထိုးကြီးမြို့နယ်က အများဆုံး တိုက်ခိုက်ခံရတာပေါ့။ မြင်းခြံ၊ နွားထိုး၊ တောင်သာ၊ ငါန်းဇွန်၊ မြင်းခြံခရိုင် ၄ မြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးထားတယ်။ အများစုကတိုက်ပွဲဖြစ်တဲ့အချိန်မှာ မဟုတ်ဘူးပေါ့နော်။ တိုက်ပွဲဖြစ်ချိန်မဟုတ်ဘဲ ဒီနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ထင်တာနဲ့ လေယာဉ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ ပစ်တာ လုပ်တာပဲ။"

သြဂုတ် ၁၀ ရက်ကစလို့ နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေနဲ့ မြို့အနီးက တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့ ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကို စတင်အကောင်ထည် ဖော်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ တောင်သာ ငါန်းဇွန်မြို့နယ်တို့က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေနဲ့ ရဲစခန်းတွေကိုကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး လက်ရှိအချိန်မှာတော့ နွားထိုးကြီးမြို့နဲ့ တောင်သာမြို့တို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားမရှိတော့ဘဲ ဝန်ထမ်းတွေကို ညောင်ဦးနဲ့ မြင်းခြံမြို့ပေါ်နေရာတွေကို ရွှေ့ပြောင်းထားပါတယ်။

Forum

XS
SM
MD
LG