မြန်မာနိုင်ငံတဝန်း ပြန်ပေးဆွဲ၊ လုယက်မှု၊ ဓားမြမှု စတဲ့ဒုစရိုက်မှုတွေ မြို့ပြတွေအထိ အဖြစ်များလာ နေလို့ လုံခြုံမှု မရှိသလို ခံစားနေကြရတယ်လို့ ရန်ကုန်၊ မန္တလေးဒေသခံတွေ ပြောနေကြပါတယ်။ စစ်ပွဲပဋိပက္ခကြောင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေကိုရင်ဆိုင်နေရချိန်မှာ ရာဇဝတ်မှုတွေ တိုးလာတဲ့အန္တရာယ်ကို တချိန်တည်းမှာ ရင်ဆိုင်နေရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်း အလုပ်လက်မဲ့ပြဿနာတွေ တိုးပွားလာသလို မြို့ပြနေရာအနှံ့မှာ ခိုးဆိုး၊ လုယက်မှုတွေဟာ မန္တလေးလိုမြို့ကြီးတွေမှာ တိုးလာနေပါတယ်။ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေ မှာ ဖုန်းလု၊ ဆွဲကြိုးဖြတ်၊ ဓားပြတိုက်တဲ့ကိစ္စတွေ မကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စိုးရိမ်မှုကြောင့် ညဘက်နေဝင်ချိန်နောက်ပိုင်း အိမ်ပြင်ထွက်သူနည်းသွားသလို ကိုယ့်လုံခြုံရေးအတွက် ကိုယ်ပဲ တာဝန်ယူနေရတယ်လို့ ပြင်ဦးလွင်မှာနေသူတယောက်က ဗွီအိုအေကို ပြောပါတယ်။
"လုတာ၊ ယက်တာ၊ ဓားပြတိုက်တာ ရာဇဝတ်မှုပုံစံ မျိုးစံပေါ့နော် တဖြည်းဖြည်းများလာတာ ခံစားမိတယ်။ ကျနော့အိမ်တောင် ဖောက်သွားတာပဲလေ၊ ဘာမှလုပ်လို့မရဘူး၊ မကြာသေးပါဘူး။ ဒါပေမဲ့ ဘယ်သူမှ တခုတ်တရ တိုင်မနေပါဘူး။ သေချာမိဖို့၊ မမိဖို့က မသေချာလှဘူး။ အဲဒါမို့ ဘယ်သူမှလည်း ဟုတ်တိပတိ- နည်းရင်တော့ တိုင်မနေတော့ဘူး၊ ကိုယ့်ဖာကိုယ် လုံအောင်ခြုံအောင်ပဲ နေကြရတော့တာပေါ့။ ကိုယ့်လုံခြုံရေး ကိုယ့်ဖာကိုယ်ယူနေရတဲ့သဘောမျိုးပဲဗျ။ ရဲက ဘယ်လိုလုပ်မှာ လဲ၊ ရပ်ကွက်ဥက္ကဋ္ဌ ဘာလုပ်မှာလဲ၊ ဘာမှမလုပ်ပေးနိုင်ဘူး။ မပါသွားအောင်ဘဲပေါ့ ကြက်အိပ်ကြက်နိုး နေ၊ ခွေးဟောင်သံကြားရင် ထမကြည့်ချင်လည်းကြည့်၊ အဲဒါမျိုးနဲ့ ကျနော်တို့ ဖြတ်သန်းနေရတာပေါ့။"
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးနဲ့မြင်းခြံမြို့ကြားက မြို့သစ်ဂေါက်ကွင်းမှာ ဂေါက်ရိုက်ကစားနေတဲ့ လူနှစ်ဦး ပြန်ပေးဆွဲခံရတယ်လို့ သူတို့ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။ ငွေကျပ် သိန်း ၆၀၀ နဲ့ ပြန်ရွေးလိုက်ရပေမဲ့ သူတို့ကို ဘယ်အဖွဲ့အစည်းက ပြန်ပေးဆွဲတယ်ဆိုတာ မသိရသေးပါဘူး။ မန္တလေးဘက်မှာတော့ စစ်ကောင်စီက နေရာတချို့မှာ လုံခြုံရေးအရ လှည့်ပတ်၊ စစ်ဆေးနေတာမျိုး ရှိပေမဲ့ ဒုစရိုက်မှုတွေကတော့ များနေတယ်ပြောပါတယ်။ အထူးသဖြင့် မန္တလေး စက်မှုဇုံ အခြမ်းမှာ လုယက်မှုတွေ ပိုဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
"အစစ်အဆေးက ရွှေဆိုင်တွေဘာတွေ ရှိတဲ့နေရာတွေအရင်၊ နေရာမျိုးစုံပေါ့ဗျာ။ စစ်တာဆေးတာ ကြားရတယ်။ ဒါပေမဲ့ လုံခြုံရေးအတွက်စစ်တာလား၊ ငွေရှာနေတာလား၊ ကျနော်တို့လည်းအတိအကျ ပြောလို့မရဘူး။ ဒါပေမဲ့ လုပ်နေ ကိုင်နေပုံတွေကတော့ လုံခြုံရေးဆိုတာထက် သီးခြားအဓိပ္ပာယ် ဆောင်တဲ့ သဘောတွေများ ဖြစ်နေမလားလို့။ လုံခြုံမှုမရှိတာတော့ အသေအချာပါပဲဗျာ။"
ရန်ကုန်မြို့ပေါ်က ယာဉ်လိုင်းတွေ၊ စင်းလုံးငှားယာဉ်ပိုင်ရှင်တွေလည်း လုယက်မှုတွေကို နေ့တိုင်းကြုံနေရပါတယ်။ ယာဉ်လိုင်းပိုင်ရှင်တဦးက အခုလိုပြောပါတယ်။
"အခုက မြို့ပေါ်တွေမှာ ကားတွေက၊ နေ့တိုင်းလိုလို လုခံရ၊ ဓားနဲ့ထိုးခံရတယ်။ ကျနော်တို့ လိုင်းပေါ်မှာ ဘယ်မှာလုသွားလို့ပါ။ ဓားထိုးခံရလို့ပါ။ ဓားထောက်ဖုန်းလုပြီး ဖုန်းထဲက Contact တွေကို ဖုန်းဆက်ခိုင်းပြီး ငွေလွှဲပေးပါဆိုပြီး လွှဲခိုင်းတယ်။ အဲဆို မနေ့ကဆို လေးဦးဖြစ်တယ်။ မလုံခြုံတော့ဘူးပေါ့။"
လက်နက်ကိုင်စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံကို ခရီးမသွားဖို့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တွေက ခရီးသွားသတိတွေ ထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို အစိုးရိမ်ရဆုံး အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားပြီး အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမသွားဖို့ သတိပေးထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြား ဒေသဆိုင်ရာ ဥပဒေတွေ အတင်းအကြပ် ပြဌာန်းပြီး အရေးယူတာ၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ဖို့ လိုအပ်ရင် လုံလုံလောက်လောက် မရှိတာ၊ တချို့ဒေသတွေမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ ရှိနေတာ၊ လူတွေကိုမှားပြီး ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိနေတဲ့အတွက် ခရီးသွားမယ်ဆိုရင် သတိထားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားတာ ဖြစ်ပါတယ်။
Forum