ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ထူးခြားတဲ့ ဥပဒေကြမ်းတစ်ခု တင်ပါတယ်။ ၂၀၁၈ လောင်းကစား ဥပဒေကြမ်းလို့ နာမည်ပေးထားပြီး ခေတ်မမီတော့တဲ့ ၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေကို အစားထိုးမယ်လို့ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် ဒေါက်တာလင်းလင်းကျော်က ဆိုပါတယ်။ ထူးခြားချက်ကတော့ ဒီဥပဒေကို အတည်ပြုပြီးသွားရင် နိုင်ငံခြားသားတွေချည်းပဲ ဝင်ရောက် လောင်းကစားတာ လုပ်နိုင်မယ့် ကာစီနိုရုံ လိုမျိုးတွေကို တရားဝင် ဖွင့်လှစ်ခွင့် ရသွားမယ့် သဘောလည်း ဖြစ်ပါတယ်။ ဒီလိုသာ လုပ်နိုင်ခဲ့ရင် နိုင်ငံသားတွေနဲ့ တိုင်းပြည်ကို မထိခိုက်စေပဲ အခွန်အကောက် ဝင်ငွေတွေ အများကြီး ရလာလိမ့်မယ်လို့လည်း ဥပဒေကြမ်း တင်သူတွေဘက်က ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကာစီနို လောင်းကစားရုံတွေ မရှိသေးဘူးလား၊ ရှိခဲ့ရင် သူတို့ ဘယ်လို လည်ပတ်နေကြသလဲ၊ ဒီ ဥပဒေကြမ်း အတည်ဖြစ်သွားရင် တကယ်ပဲ ပြည်သူတွေနဲ့ နိုင်ငံကို မထိခိုက်စေပဲ တိုင်းပြည်အတွက် အခွန်အကောက်တွေ အများကြီး ရလာနိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
၁၉၈၉ ခုနှစ် တပ်တွင်း ပုန်ကန်မှု ဖြစ်ပြီးနောက် တရုတ်နိုင်ငံ နယ်စပ်မှာ အခြေစိုက်တဲ့ အင်အားကြီး ဗမာပြည်ကွန်မြူနစ် ပါတီ ပြိုကွဲသွားပါတယ်။ ဗကပ ပြိုကွဲသွားပြီးတဲ့နောက် တစ်သီးတစ်ခြားစီ ဖြစ်သွားတဲ့ ၀ တပ်ဖွဲ့၊ ကိုးကန့် တပ်ဖွဲ့၊ NDA ကချင်လက်နက်ကိုင် တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး အဲဒီနှစ်ထဲမှာပဲ တပ်မတော် အစိုးရနဲ့ အပစ်အခတ် ရပ်စဲ ငြိမ်းချမ်းရေး လုပ်ပါတယ်။ စစ်ပွဲ မရှိပဲ တည်ငြိမ်သွားတဲ့ အဲဒီ တပ်ဖွဲ့တွေ အခြေစိုက်ရာ ဒေသတွေဟာ တရုတ်နယ်စပ်ဖြစ်တော့ နယ်စပ် ကုန်သွယ် ကူးသန်းရေးတွေ လုပ်ပါတယ်။ သစ်၊ ကျောက်မျက်ရတနာ၊ဓာတ်သတ္တု ထုတ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ နောက်ပိုင်း အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေမှာ ကာစီနို လောင်းကစားရုံတွေ တည်ထောင်ကြပါတော့တယ်။ ထုံးစံအတိုင်း တရုတ်သူဌေးတွေရဲ့ အရင်းအနှီးနဲ့ တရုတ်ပိုင်ရှင်တွေက ထူထောင်ကြတာ ဖြစ်ပြီး တိုင်းရင်းသား စစ်ဘုရင် တစ်ချို့က ဝေစုနည်းနည်းပါးပါး ရကြပါတယ်။ နဂိုမူလ တုန်းကတော့ တရုတ်နိုင်ငံဘက်ခြမ်းက တရုတ်သူဌေးတွေ၊ ငွေရှိသူတွေ လာကစားပြီး အဲဒီကနေ ဝင်ငွေရအောင် ရှာမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမယ့် နောက်ပိုင်း အဲလို မျှော်မှန်းတဲ့အတိုင်း ဖြစ်မလာပါဘူး။ နမူနာ အားဖြင့် ကချင်ပြည်နယ် ပန်ဝါနဲ့ ကမ်ပိုင်တီ နယ်စပ်မှာ ဖွင့်လှစ်လိုက်တဲ့ လောင်းကစားရုံမှာဆို ပြင်ပက တရုတ်တွေ လာကစားတာ နည်းနည်း ဒေသခံတွေ ဝင်ကစားတာ များများ၊ နောက်ပိုင်း အဲဒီ ဒေသခံတွေ ငွေကြေးဆုံးရှုံး၊ စီးပွားရေး ချွတ်ခြုံကျ၊ အတော်များများလည်း ဘိန်းစားတွေ ဖြစ်ကုန်တာ ဒီကနေ့အချိန်ထိ ကုစားလို့ မရနိုင်သေးပါဘူး။
အဲလို ကာစီနို လောင်းကစားကစားရုံတွေနဲ့ ပတ်သက်ရင် မိုင်းလားဒေသ ဘက်က လောင်းကစားရုံတွေကတော့ နာမည်ကြီးပါတယ်။ တရုတ်တွေလည်း လာကစား၊ ငွေကြေးသုံးဖြုန်းကြပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေကို လက်မခံနိုင်တဲ့ တရုတ် အစိုးရဘက် တာဝန်ရှိသူတွေဟာ မိုင်းလားမှာရှိတဲ့ ကာစီနို လောင်းကစားရုံတွေကို ပိတ်ပြစ်ဖို့ ဖိအားပေးတာမျိုး အထိ ကြုံရပါတယ်။ အလားတူ ကချင်ပြည်နယ် နယ်စပ်ဘက်က လောင်းကစားရုံတွေ ပိတ်ဖို့လည်း ဖိအားပေးခဲ့ဘူးပါတယ်။ ဒါပေမယ့် သိပ်အများကြီး အောင်မြင်ပုံတော့ မရပါဘူး။
မြန်မာနိုင်ငံက အစိုးရအုပ်ချုပ်မှု အာဏာစက် သက်ရောက်တဲ့ နေရာမှာ အကောင်အထည် ဖော်ခဲ့တဲ့ ကာစီနို လောင်းကစားရုံကြီးကတော့ တနင်္သာရီတိုင်း ထိုင်းနယ်စပ် ကော့သောင်းမြို့နားက သူဌေးကျွန်း ကာစီနို လောင်းကစားရုံပါ။ ၁၉၈၈ အာဏာသိမ်းတက်လာတဲ့ တပ်မတော် အစိုးရက ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်လို့ ကြေငြာပြီးတဲ့နောက်ပိုင်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လုပ်ပုံ လုပ်နည်းကတော့ ထိုင်းသူဌေး တစ်ယောက်ကို ကျွန်းတစ်ကျွန်းလုံး လုပ်ကိုင်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ သာယာလှပတဲ့ ကျွန်းမှာ ဟော်တယ်တွေ၊ အပန်းဖြေစရာနေရာတွေနဲ့ ကာစီနို လောင်းကစားရုံ အများကြီး ဖွင့်ထားပါတယ်။ ရနောင်းဘက်ကနေ ထိုင်းနိုင်ငံသားတွေ အမြန်စက်လှေတွေနဲ့ လာရောက်လေ့ရှိပြီး အဆင့်မြင့် လုံခြုံရေး စနစ်တွေ ထားရှိပါတယ်။ ကျွန်းပတ် ကားလမ်းငယ်တောင် ရှိပါတယ်။ မြန်မာနိုင်ငံ ကော့သောင်းဘက်အခြမ်းက လာမယ့် မြန်မာနိုင်ငံသားတွေကိုတော့ စိစစ် လက်ခံပြီး အရင် စစ်အစိုးရ လက်ထက်ကဆိုရင် တိုင်းမှူးတွေ၊ စစ်အရာရှိကြီးတွေဟာ သူတို့ မိသားစုတွေနဲ့ အတူ သွားပြီး အပန်းဖြေလေ့ ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီ သူဌေးကျွန်းကို ဘယ်လို လိုင်စင်၊ဘယ်လို ဥပဒေနဲ့ လုပ်ကိုင်ခွင့်တွေ ပေးထားပြီး တိုင်းပြည်အတွက် တစ်နှစ် အခွန်ဘယ်လောက် ရနေသလဲ ဆိုတာကိုတော့ ဒီနေ့အချိန်ထိ ပြည်သူတွေ သိခွင့် မရကြပါဘူး။
ထိုင်းနယ်စပ် မြဝတီမြို့မှာ ပေါ်ပေါက်လာတဲ့ ကာစီနို လောင်းကစားရုံ တစ်သီတစ်တန်းကြီး ကတော့ အများကြီး နောက်ကျပြီးမှ ပေါ်ပေါက်လာတာပါ။ အဲဒီ လောင်းကစားရုံတွေနဲ့ ပတ်သက်ရင် နယ်ခြားစောင့်တပ်မှူး တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ပိုင်ဆိုင်တာတွေ ရှိသလို၊ BGF တပ်ဖွဲ့ကပဲ လုံခြုံရေးပေး လည်ပတ်နေတာပါ။ အဲဒီလောင်းကစားရုံတွေဟာ ထိုင်းဘက် အခြမ်းက လာကစားမယ့် သူဌေးသူကြွယ်တွေအတွက် ရည်ရွယ်တယ် ဆိုပေမယ့် လူနေ အလွန်ထူထပ်တဲ့၊ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူတွေ အများဆုံး နေထိုင်တဲ့ မြဝတီ ဧရိယာထဲမှာပဲ အများကြီး တည်ဆောက်ထားတာ ဖြစ်လေတော့ မြန်မာနိုင်ငံသားတွေပဲ အများဆုံး သွားကြ၊ ကစားကြ အခြေအနေ ဆိုက်ရောက်စေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် အမတ် ဦးသန့်စင်အောင် မှတ်ချက်ချခဲ့ဖူးသလို နိုင်ငံအတွက်လည်း အခွန်မရ၊ လောင်းကစားကြောင့် ဘဝတွေ ပျက်ရသလို၊ နောက်ဆက်တွဲ မူးယစ်ဆေးဝါး ပြသနာ၊ ဒုစရိုက်မှု ပြသနာတွေ ဖြစ်ပေါ်လာစေတာကလည်း အမှန်ပဲ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံအဖြစ် ရှိနေဆဲပါ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေ အတွက်ဆို လောင်းကစားရုံတွေ လုံး၀ မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံဟာလည်း ကာစီနို လောင်းကစားရုံတွေကို ဥပဒေအရ ခွင့်ပြုထားတာ မရှိလေတော့ အာစီယံ အဖွဲ့ဝင် ကမ္ဘောဒီးယားနိုင်ငံ နမူနာယူပြီး အဲဒီ အချက်ကနေ ခရီးသွားတွေ ဝင်ရောက်လာအောင်၊ တိုင်းပြည် အခွန်ဘဏ္ဍာရအောင် ဆောင်ရွက်မယ်ဆို အဆင်ပြေနိုင်ပါတယ်။ နယ်စပ်မဟုတ်တဲ့ တစ်ချို့သော နိုင်ငံခြားသား ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ မြို့တစ်ချို့မှာလည်း သီးသန့်ဇုံတွေ တည်ဆောက်ပြီး အကောင်အထည် ဖော်ရင်လည်း ဖြစ်နိုင်ပါတယ်။ ဒီလို အကောင်အထည် ဖော်နိုင်ရင် ကာစီနိုရုံတွေကနေ အမျိုးမျိုးသော အခွန်တွေ ရနိုင်သလို၊ ဆက်စပ် လုပ်ငန်းတွေကနေလည်း အခွန်တွေ ဝင်ငွေတွေ ရနိုင်ပါတယ်။ အဲဒီ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေ၊ လုပ်ငန်းရှင်လေးတွေ အတွက်လည်း အလုပ်ကိုင် အခွင့်အလမ်းတွေ ရစေနိုင်ပါတယ်။
ဒါပေမယ့် အရေးကြီးတာ တစ်ခုက အဲဒီ လောင်းကစားရုံတွေအားလုံး ဥပဒေနဲ့အညီ ဖြစ်စေဖို့ပါ။ လက်ရှိ လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးထားရာ နယ်စပ် လောင်းကစားရုံတွေမှာ ဖြစ်ပျက်နေသလို လောင်းကစားရုံ အတွင်းပိုင်းက ဥပဒေချိုးဖေါက်မှုတွေကို မကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုး မဖြစ်ပေါ်စေဖို့ပါ။ နောင်ပေါ်ပေါက်လာမယ့် လောင်းကစားရုံတွေမှာ လုပ်ကိုင်ကြမယ့် အလုပ်သမားတွေဖြစ်စေ၊ ဝန်ထမ်းတွေ ဖြစ်စေ၊ လာရောက် အပန်းဖြေ လောင်းကစား လုပ်ကြသူ နိုင်ငံခြားသားတွေပဲ ဖြစ်စေ၊ ဥပဒေရဲ့ အကာအကွယ်ကို ရယူနိုင်ဖို့ပါ။ ဒါမှသာ နိုင်ငံ့ပုံရိပ်ကို မထိခိုက်တဲ့၊ နိုင်ငံသားတွေကို မထိခိုက်တဲ့ တိုင်းပြည်အတွက်လည်း ဝင်ငွေနဲ့ အခွန်ဘဏ္ဍာတွေ ရလာနိုင်မယ့် လုပ်ငန်းမျိုးအဖြစ် ပေါ်ပေါက်လာနိုင်မယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။