မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ဘက်က ၄ ရက် ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးပစ်ခတ်တာကြောင့် ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ မြင်းခြံမြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းနေချိန် တိုက်ပွဲတွေပြင်းထန်နေပါတယ်။ မန္တလေးတိုင်း နွားထိုးကြီးမြို့နဲ့ မြင်းခြံမြို့နယ်ထဲက အခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေကို ဒီဇင်ဘာ ၂ ရက်ကနေ ဒီဇင်ဘာလ ၅ ရက်အထိ ၄ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
အဲ့ဒီလိုစစ်ကောင်စီဘက်က ရက်ဆက်တိုက်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ ကိုရင်ငယ်လေးတပါးအပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့တာလို့ နွားထိုးကြီး ဒေသခံတဦးက အခုလိုပြောပါတယ်။
"၂ ရက်နေ့က နွားထိုးကြီးမြို့ မြောက်ဘက်အခြမ်းပေါ့။ နဘဲမြစ်ကိုချတာ။ ညနေ ၄ နာရီခွဲလောက်က ၂ ယောက်သေတယ်။ ကိုရီးယားစာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ ကျောင်းသား ၂ ယောက်ပေါ့နော် သေတာက။ ၃ ရက်နေ့မှာက ကွမ်းအုံရွာ ၂ ယောက်သေပေါ့။ ၄ ရက်နေ့က လုံးတောရွာ ကိုရင်တပါး သေတယ်။ ၅ ရက်နေ့ကျတော့ အောင်ပန်းကုန်းမှာက သူတို့ဗုံးကြဲလို့ မိသားစု ၃ ယောက်လုံးသေသွားတယ်။ (ဒီဇင်ဘာ ၅ ရက်မှာပဲ) (မြင်းခြံ) ခမရ ၁၅ ကနေလက်နက်ကြီးချလို့ လက်ဝဲမြင်းနီကျတယ်။ ပြည်သူတယောက်ပေါ့ ခေါင်းထိတယ်။ ဗိုက်ပါပွင့်ထွက်သွားတယ်။"
ဒီဇင်ဘာ ၂ ရက်မှာတော့ နွားထိုးကြီးမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာကို ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခံရတဲ့ကျေးရွာတွေဟာ ၁၅ မိုင်ခန့်ဝေးပြီး တိုက်ပွဲတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နွားထိုးကြီးမြို့နယ်ထဲမှာလေကြောင်းက တိုက်ခိုက်လို့ ဒေသခံ ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းဌာနတွေရေးသားဖော်ပြတာကို ပြည်သူတွေစိုးရိမ်ထိတ်လန့်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက်လှုံ့ဆော်ဝါဒဖြန့်နေတာသာ ဖြစ်တယ်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ၉ ဦးသေဆုံးခဲ့ရသလို အယောက်၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသပေးနေရပြီး လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။
မြင်းခြံမြို့နယ်ထဲမှာဆိုရင်လည်း လယ်သစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းမှာ မြင်းခြံတံတားဦး ကားလမ်းပေါ်မှာရှိတဲ့ သစ်ရုံရွာ ဘက်ကို နယ်မြေရှင်းလင်းရေးတွေလုပ်နေတာပါ။ နယ်မြေရှင်းလင်းရေးအတွင်း တိုက်ပွဲတွေရှိခဲ့ပြီး နေအိမ်တွေမီးရှို့ခံရတယ်လို့ မြင်းခြံဒေသခံတဦးကအခုလို ပြောပါတယ်။
"မြင်းခြံလယ်သစ်ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ စစ်ကြောင်းထိုးလာတာက သစ်ရုံရွာကို ထိုးလာတာ။ အဲ့ဒီမှာရှိတဲ့Local (PDF) အဖွဲ့လေးတွေနဲ့ တိုက်ပွဲဖြစ်တယ်။ နေအိမ်က သစ်ရုံရွာလည်း မီးရှို့ခံရတယ်ပြောတယ်။ တူးရွင်းဘို့ရွာလည်း မီးရှို့ခံရတယ်ပြောတယ်။ အဲ့နားကရွာတွေက လောလောဆယ်မှာ အကုန်လုံး ထွက်ပြေးနေကြတာ။"
တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေ တိမ်းရှောင်နေရတာကြောင့် မီးလောင်ကျွမ်းတဲ့နေအိမ် အရေအတွက်အတိအကျမသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မြင်းခြံမြို့ပေါ်နဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေ တပ်စွဲထားတဲ့ ကျေးရွာတွေကနေ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက် ဒဏ်ရာရတာတွေရှိနေပါတယ်။
မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းကစလို့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်ထဲကကျေးရွာတွေကို စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေအပြင် နယ်မြေရှင်းလင်းရေးတွေ ပိုလုပ်လာတာလည်းဖြစ်ပါတယ်။
Forum