သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှု ကျောင်းထိုင်ဘုန်းတော်ကြီး ဒဏ်ရာရ


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (စက်တင်ဘာ ၉၊ ၂၀၂၄/၊ ဓာတ်ပုံ-CJ)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (စက်တင်ဘာ ၉၊ ၂၀၂၄/၊ ဓာတ်ပုံ-CJ)

မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ထဲက ဆူးရစ်ကုန်းကျေးရွာကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတဲ့အတွက် ဒေသခံတွေဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ မြင်းခြံမြို့နယ်တွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအခြေအနေ ရန်ကုန်ဘက်က သတင်းပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်နဲ့ ၅ မိုင်ဝေးပြီး အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ဆူးရစ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ နွားထိုးကြီး - မလှိုင်ကားလမ်းဘေးက ဆူးရစ်ကုန်းကျေးရွာကို သြဂုတ်လ ၁၃ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့တဲ့အထဲ ကျေးရွာဘုန်းကြီးကျောင်းလည်း ပါဝင်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် လည်း ဒဏ်ရာရခဲ့တယ်လို့ဆူးရစ်ကုန်းကျေးရွာသားတဦးက ပြောပါတယ်။

"ဗုံးကြဲတိုက်ခိုက်မှုက ၅ ကြိမ်ရှိသွားပြီ။ သြဂုတ် ၁၃ ရက်ည ၉ နာရီ ၄၅ က ၃ လုံးကြဲတာ တအိမ် တလုံးပျက်စီးတယ်။သြဂုတ် ၁၄ ရက် ည ၈ ခွဲမှာ ရွာအနောက်ဘက်က ဘုန်းကြီးကျောင်းမှာ ဘာမှ မရှိဘူး။ ကျောင်းထိုင်ဘုန်းကြီးတော့ထိတယ်။ အခုချိန်ထိ ဒဏ်ရာ ကောင်းကောင်းတောင် မပျောက်သေးဘူး။ အဲ့ဒါ ၁၄ ရက်ည။ ၂၉ ရက်ကျတော့ ညနေပိုင်း ၆နာရီ ၁၅ လောက်မှာ လူနေအဆောင်တွေ၊ တိုက်တွေပျက်စီးတယ်။ စက်တင်ဘာ ၅ ရက် ၆ နာရီ ၁၅ လောက်ပဲ ကျနော်တို့ရွာက ဦးဝင်းဗိုလ်ဆိုတဲ့ အိမ်ကိုပစ်တယ်။ အဲ့အိမ်ပျက်တယ်။ ဒီကနေ့မနက် ၈ ရက်နေ့ မနက်မှာ ၅ ရက်နေ့ကပစ်တဲ့ ဦးဝင်းဗိုလ်အိမ်၊ အရင်တခါကြဲတဲ့အိမ်ကို ထပ်ကြဲတာ။ ထပ်ချတော့ အိမ်လုံး၀ စုတ်ပြတ်သတ်သွားတယ်။ အဲ့နားအိမ်ပတ်ဝန်းကျင်က ၃ လုံး ပျက်စီးသွားတယ်။ ဒီနားမှာ တိုက်ပွဲဖြစ်ခြင်း ပြုခြင်းလုံးဝမရှိဘူး။ တော်လှန်ရေး ရဲဘော်တွေလည်း နေတာ လုံး၀ မရှိဘူး။"

တိုက်ပွဲဖြစ်တာမရှိဘဲ အခုလို လေကြောင်းက တိုက်ခိုက်ခံရတာဟာ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆူးရစ်ကုန်းကျေးရွာမှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ ရေးသားချက်တွေကြောင့်လို့ ဒေသခံတွေက ယူဆနေပါတယ်။ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ဆူးရစ်ကုန်းကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ နေထိုင်နေရပြီး မိုးရွာသွန်းတဲ့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဆူးရစ်ကုန်းဒေသခံက ဆက်ပြောပါတယ်။

"စကြဲတဲ့ညခင်းကတည်းက ကျေးရွာတွေထဲမှာ လူတွေမရှိတော့ဘူး။ အကုန်လုံးတောတောင်တွေထဲမှာ ကိုယ့်ယာခင်းနဲ့ကိုယ်ထိုးနေရတာပေါ့။ လေယာဉ်သံကြားရင်း ကင်းပတ် (ဒရုန်း) က ဝဲနေတာဆိုတော့ မထွက်ရဲကြဘူး။ အခုလည်းကင်းပတ်က ဝဲနေတာ။ ၁၂ နာရီမထိုးခင်ကတည်းက ဝဲနေတာ အခုထိဝဲနေတာပဲ။ တောတောင်ထဲမှာ မိုးရွာလေရွာထဲမှာအကုန်ဒုက္ခရောက်တာပေါ့ဗျာ။ အခုချိန်က မိုးရွာနေတာဆိုတော့ မိုးမလုံဘာမလုံနဲ့ နေကြရတာပေါ့။ ဒုက္ခတွေတော့ရောက်တာပေါ့။ ဒုက္ခရောက်တော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့လည်း အများခံစားရတာဆိုတော့လည်းထပ်တူထပ်မျှ ခံစားရတာပါပဲ။"

စက်တင်ဘာ ၈ ရက် မနက် ဆူးရစ်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာမှာပဲ မြင်းခြံမြို့နယ်ထဲက ပျားကျေးရွာကိုလည်း အလားတူ လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် နေအိမ် အဆောက်အဦး ပျက်စီးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပျားကျေးရွာဟာ ဆူးရစ်ကုန်းကျေးရွာလောက် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေမများပေမယ့် ဒီတကြိမ်အပါအဝင် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခံထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မနက်ခင်း ၁ နာရီ ၁၀ မိနစ်လောက်မှာ ပျားရွာဘက်မှာ အိမ်တွေနဲ့တော့နီးတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပျား ကျေးရွာကို လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (စက်တင်ဘာ ၉၊ ၂၀၂၄/၊ ဓာတ်ပုံ-CJ)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပျား ကျေးရွာကို လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (စက်တင်ဘာ ၉၊ ၂၀၂၄/၊ ဓာတ်ပုံ-CJ)

ထန်းပင်တွေပဲ အကုန်ပြတ်ထွက်ကုန်တာ။ အကြောင်းမဲ့သက်သက်ပေါ့ဗျာ။ ဒီဘက်မှာ ဟိုအရင်က ဖြစ်ခဲ့ဖူးတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ဖူးတယ်ပေါ့။ သူတို့ တိုက်ပွဲဖြစ်တဲ့အချိန်လေးတွေ အဲ့ဒါပဲရှိခဲ့ဖူးတာ။ ဒီနောက်ပိုင်းမှာ အဲ့လိုတိုက်ပွဲဖော်ဆောင်တာလည်းမရှိဘူး။ ဘာမှလည်း မရှိဘဲ အကြောင်းမဲ့ သက်သက်လာလာကြဲတာကို ၂ ခါရှိသွားပြီ။ ပထမ တခါက ပြီးခဲ့တဲ့၂၇-၂၈ လောက်က။"

မြင်းခြံခရိုင်ထဲက ကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ဒီတပတ်ထဲမှာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်တဲ့ မြို့တွေကို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ကလေးငယ်တွေအပါအဝင်အရပ်သား ၂၀ ဦးထက် မနည်းသေဆုံးခဲ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးနဲ့ လွိုင်ကော် မြို့တွေကို သွားရောက်စစ်ဆေးခဲ့ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကတော့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအနေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက နွားထိုးကြီး၊ တောင်သာ၊ငါန်းဇွန်စတဲ့ မြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေ ရဲစခန်းတွေအပြင် တရုတ်ရေနံပိုက်လိုင်းစောင့်စစ်စခန်းတွေကိုစစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရား ပျက်သွားတဲ့အထိ တိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG