သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံတားဦး လေကြောင်းရန်ကာကွယ်ရေး လက်အောက်ခံစခန်း ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက် 


တံတားဦးမြို့နယ်ထဲက စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး လက်အောက်ခံ တပ်စခန်းတခုကိုသိမ်းပိုက်ခဲ့ကြောင်း ဒေသ PDF ကထုတ်ပြန်ခဲ့ (ဩဂုတ် ၂၀၊ ၂၀၂၄)
တံတားဦးမြို့နယ်ထဲက စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး လက်အောက်ခံ တပ်စခန်းတခုကိုသိမ်းပိုက်ခဲ့ကြောင်း ဒေသ PDF ကထုတ်ပြန်ခဲ့ (ဩဂုတ် ၂၀၊ ၂၀၂၄)

မန္တလေးတိုင်း တံတားဦးမြို့နယ်ထဲက စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေး လက်အောက်ခံ တပ်စခန်းတခုကို သိမ်းပိုက်လိုက်ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မန္တလေးတိုင်း နွားထိုးကြီးမှာတော့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။ မန္တလေးတိုင်းထဲက စစ်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

မန္တလေးတိုင်း တံတားဦးလေဆိပ် အနောက်တောင်ဘက် ၁၄ မိုင်အကွာမှာရှိတဲ့ တံတားဦးလေကြောင်းရန် ကာကွယ်ရေးတပ်ရဲ့ မြိုင်သာကျေးရွာအနီးက စခန်းကို မနေ့ကပဲ သိမ်းပိုက်လိုက်တာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စခန်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာသွားခဲ့ရာက သိမ်းပိုက်နိုင်ခဲ့တာလို့လည်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သက်ကယ်ကျင်း မြိုင်သာ အောင်ချမ်းသာဆိုတဲ့ ရွာသုံးရွာကြားက မြိုင်သာ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကို မနေ့နေ့လည် ၁၂ နာရီအချိန်ကစပြီး ချဉ်းကပ်ခဲ့ပါတယ်။ ဒီစခန်းက စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဆိုတာထက်ကို လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ ကင်းစခန်းသဘောမျိုးပါ။ စခန်းတွင်းမှာဆိုအရင်က စစ်ကောင်စီအင်အား၂၀-၃၀ အမြဲလိုလိုရှိနေတယ်လို့ သိထားရပါတယ်။ အချိန် ၁ နာရီကျော် ၂ နာရီနီးပါး စောင့်ကြည့်ပြီးတဲ့အချိန်မှာ စခန်းတွင်းက ထူးခြားတဲ့ တုံ့ပြန်မှုမရှိတဲ့အတွက် ကျွန်တော်တို့ရဲဘော်တွေ သတိထားပြီးတော့ စခန်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဝင်ရောက်စီးနင်းတဲ့အခါ စခန်းက လတ်တလောမှသာ စွန့်ခွါသွားတဲ့ အနေအထားမျိုးရှိပြီး စားနပ်ရိက္ခာ အနည်းငယ်နဲ့ စစ်ဝတ်စစ်စား ဒါတွေကိုတွေ့ရှိခဲ့တယ်။ စခန်းထဲမှာ သူတို့လူရယ်လို့ တွေ့တာမရှိတော့ဘူး။ ဒါကြောင့်မို့တော်လှန်ရေး အင်အားစုတွေအားလုံး လိုအပ်တဲ့ ရှင်းလင်းစရာတွေ အားလုံးဖျက်စီးရှင်းလင်းထားပြီး စခန်းရှေ့က အလံတိုင်မှာ ပြည်သူ့ကာကွယ်ရေး အလံတော်လွှင့်တင်ပြီး စခန်းကနေ ဆုတ်ခွါလာတယ်။"

သိမ်းပိုက်လိုက်တဲ့စခန်းဟာ တံတားဦးမြို့နယ်ထဲပါဝင်ပြီး နွားထိုးကြီးမြို့နယ်အစပ်နဲ့ ၄ မိုင်ခန့်ကွာဝေးပါတယ်။
မြိုင်သာစခန်းမှာ အရင်က စစ်တပ်က အင်အား ၃၀ ခန့်တပ်စွဲထားပေမယ့် နွားထိုးကြီးမြို့ပေါ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်ကစလို့ စခန်းကိုစွန့်ခွာသွားတာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နွားထိုးကြီးမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်လည်း စစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၀ ရက် နေ့လည်ပိုင်းမှာ နွားထိုးကြီးမြို့နဲ့ တောင်သာမြို့အစပ်က ကွမ်းအုံရွာကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ၂၁ ရက် မနက်ပိုင်းမှာတော့ နွားထိုးကြီးနဲ့မြင်းခြံမြို့အစပ်က လက်ဝဲ နဲ့ မြင်းနီရွာကိုစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ ခံခဲ့ရကြောင်း ဒေသခံတယောက်က ပြောပါတယ်။

"မနေ့က နွားထိုးကြီးမြို့နယ်ထဲမှာပဲ ကွမ်းအုံရွာမှာဖြစ်တာ။ ၁၂ နာရီ ၃၀ လောက်က သူတို့ လေယာဉ်နဲ့လာချသွားတာ။ တိုက်ပွဲလည်းမဖြစ်ပါဘူး။ ဘုန်းကြီးကျောင်းပေါ်ကျတာ။ မနေ့က ချက်ချင်းပဲ ၂ ဦးသေတယ်။ ၄ ဦးက အပြင်းထန် ဒဏ်ရာရတယ်ပေါ့နော်။ နွားထိုးကြီး ဆေးရုံဘက် သွားတယ်ပေါ့။ ဒီနေ့က မနေ့ကဖြစ်တဲ့ရွာနဲ့ ၂ မိုင်လောက်ပဲဝေးမယ်။ လက်ဝဲ မြင်းနီ အမျိုးသမီး ၁ ဦး တင်ပါးထိတယ်ပြောတယ်။မိုင်းစ ၂ စထိတယ်။"

မန္တလေးတိုင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့ မရသလို၊ စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း လတ်တလော မတွေ့ရသေးပါဘူး။

လက်ဝဲရွာနဲ့မြင်းနီရွာဟာ အရင်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးမှုနဲ့ ကြုံခဲ့ရတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။ သြဂုတ် ၈ ရက်ကစလို့ နွားထိုးကြီးမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့နေရာတွေအပြင် တရုတ်ရေနံပိုက်လိုင်းအစောင့်စခန်းကိုပါ စတင်တိုက်ခိုက်ခဲ့ပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် တောင်သာ ငါန်းဇွန် စတဲ့ မြို့နယ်တွေက စစ်တပ် တပ်စွဲထားတဲ့နေရာတွေနဲ့ ရဲစခန်းတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ နွားထိုးကြီးမြို့နယ်နဲ့ တောင်သာ မြို့နယ်တို့မှာ စစ်တပ်ရဲ့အုပ်ချုပ်ရေးယန္တယား ပျက်ပြားသွားပြီး ဈေးနဲ့ စာသင်ကျောင်းတွေပိတ်ထားရပြီး အစိုးရရုံးတွေလည်း ပိတ်ထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG