သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ရက်နဲ့ မီဒီယာတွေ လူငယ်တွေကို အတွေးအခေါ်မှားအောင်လုပ်နေတယ်လို့ စစ်ခေါင်းဆောင် စွပ်စွဲ


နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဖေဖော်ဝါရီ ၉၊ ၂၀၂၅)
နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဖေဖော်ဝါရီ ၉၊ ၂၀၂၅)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီ ဥက္ကဋ္ဌ

ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေပြီး လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်များ ဆုတ်ယုတ်ပျက်ပြားလာအောင် လူမှုကွန်ရက်များနှင့် ကျင့်ဝတ်မဲ့မီဒီယာများကတစ်ဆင့် လုပ်ဆောင်နေမှုများပင်ဖြစ်ကြောင်း၊ ယင်းတို့သည် နိုင်ငံအကျိုးပျက်စီးစေမည့် ကြံဆောင်မှုများဖြစ်သဖြင့် လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ကြရန်လိုအပ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း ရုပ်ရှင်အနုပညာရှင်များကလည်း နိုင်ငံနှင့်လူမျိုး ကောင်းရာကောင်းကျိုးဖော်ဆောင်နိုင်မည့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ဒါက အထင်မြင်မှားစေပါတယ်။
အချက်အလက်စိစစ်ခြင်း

လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် ဘာသာရေး၊ လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆမှားယွင်းအောင်လုပ်ဆောင်နေတာကို လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။

ဒါက အထင်မြင်မှားစေပါတယ်။

လူမှုကွန်ရက်တွေနဲ့ ကျင့်ဝတ်မဲ့မီဒီယာတွေကတဆင့် လူငယ်တွေကို အတွေးအခေါ်အယူအဆမှားအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ စွပ်စွဲပြောဆိုချက်မှာ ခိုင်မာတဲ့ အချက်အလက်မပါရှိဘဲ၊ စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားဖေါ်ပြခြင်းမရှိတဲ့ လွပ်လပ်တဲ့သတင်း မီဒီယာတွေကို ကျင့်ဝတ်မဲ့ မီဒီယာတွေအဖြစ် စွပ်စွဲပြောဆိုတဲ့ သဘောကိုသာ သက်ရောက်နေတာတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေနဲ့ နိုင်ငံအတွင်းမှာ သတင်းလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ကန့်သတ်ထိန်းချုပ်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံရေးသားခြင်းမရှိတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ကျင့်ဝတ်မဲ့မီဒီယာတွေအဖြစ် မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိတာကိုတွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ သတင်းမီဒီယာတွေက အားပေးအားမြှောက်ပြုနေတယ်လို့ စွပ်စွဲပြောဆိုဖူးပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား မိန့်ခွန်းအတွင်းက ပြောဆိုချက်က စစ်အာဏာသိမ်းမှုကို လူငယ်တွေက ဆန့်ကျင်တော်လှန်​တော်လှန်နေမှုဟာ လူမှုကွန်ရက်တွေနဲ့ သတင်းမီဒီယာတွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲတဲ့ သဘောသက်ရောက်နေတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီပြောဆိုချက်က လူငယ်တွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတာက အတွေးအခေါ်အယူအဆအမှားတွေကို အခြေခံတယ်ဆိုတဲ့ သဘော သက်ရောက်နေတာလည်း တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာသိမ်းပြီးနောက်၊ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ လူငယ်တွေအပါအဝင် အများပြည်သူက လက်မခံနိုင်ဘဲ ဆန့်ကျင်ဆန္ဒပြမှုတွေကို နိုင်ငံတဝန်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုကို နွေဦးတော်လှန်ရေးလို့ သတ်မှတ်ခေါ်ဆိုကြပြီး Generation Z လို့ ခေါ်တဲ့ လူငယ်တွေအများအပြား ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆရာဝန်တွေကနေစတင်ခဲ့ကြတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက သတင်းလွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ပြီး၊ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချတာတွေနဲ့ သတင်းဌာနတွေကို ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြည်တွင်းမှာ အခြေစိုက်ထားတဲ့ သတင်းမီဒီယာတွေအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့၊ တိုင်းရင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာဒေသတွေမှာ ပြောင်းရွှေ့အခြေစိုက်ပြီး သတင်းမီဒီယာလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ကြရပါတယ်။

သတင်းစာဆရာများကာကွယ်ရေး ကော်မတီ CPJ က ပြုစုထားတဲ့ စာရင်းတွေအရ၊ မြန်မာနိုင်ငံဟာ သတင်းစာဆရာတွေကို အကျဉ်းချတဲ့နေရာမှာ အဆိုးရွားဆုံး (၃) နိုင်ငံထဲမှာ ပါဝင်နေတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း သတင်းသမားနဲ့ သတင်းလုပ်ငန်း လုပ်ကိုင်နေသူ (၅၂) ဦးထက်မနည်းဟာ ဖမ်းဆီးခံရထားပြီး၊ သတင်းလုပ်ငန်းခွင်အတွင်းမှာ အသတ်ခံရသူ (၇) ရှိတယ်လို့ BNI Myanmar က ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ ထုတ်ပြန်တဲ့ စစ်အာဏာသိမ်းပြီးနောက် (၃) နှစ်ကျော်အတွင်းက မြန်မာ့ သတင်း မီဒီယာ လွလ်လပ်ခွင့်ကို ဆန်းစစ်ခြင်း"သုတေသနစာတမ်း မှာ ထည့်သွင်းဖေါ်ပြပါတယ်။

ယခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်းမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် အသံအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ၂၀၂၄ ခုနှစ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမား (၄) ဦး၊ အမိန့်ချမှတ်ခံရတဲ့သတင်းသမား (၁၀) နဲ့ အသက်ဆုံးရှုံးရတဲ့ သတင်းသမား (၅) ဦးရှိတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အခြေအနေက အဆိုးဆုံးအခြေအနေကို ရောက်ရှိသွားပြီး အာဏာသိမ်းမှု (၄) နှစ်ကျော်လာချိန်အထိ လူမှုကွန်ယက်စာမျက်နာတွေကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးသားတာနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံရေးသားသူတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆက်လက်လုပ်ဆောင်တာကိုတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ Data For Myanmar က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလ အတွင်း လူမှု ကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀) ဦး ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

စစ်ကောင်စီက အများပြည်သူ အင်တာနက်အသုံးပြုမှုနဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ပိုမိုကန့်သတ် ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ ဆိုက်ဘာလုံခြုံရေးဥပဒေ ကို အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး အဲ့ဒီ ဥပဒေ မှာ VPN အသုံးပြုသူတွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေပါဝင်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းအတွင်းမှာ ရုပ်ရှင်အနုပညာရှင်တွေအနေနဲ့ နိုင်ငံနဲ့ လူမျိုး ကောင်းရာကောင်းကျိုးဖော်ဆောင်နိုင်မယ့် နိုင်ငံ့အကျိုးပြု အနုပညာဖန်တီးမှုများကို ဖော်ဆောင်ပေးကြဖို့ တိုက်တွန်းတယ်လို့ ထည့်သွင်းပြောဆိုထားတာကိုလည်းတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့အထဲမှာ ရုပ်ရှင်အနုပညာရှင်တွေလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချခြင်းကို ခံရတဲ့ ရုပ်ရှင်အနုပညာတွေရှိခဲ့သလို ဖမ်း၀ရမ်းထုတ်ခြင်းခံခဲ့ရတဲ့ ရုပ်ရှင်အနုပညာတွေလည်းအများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် ယနေ့အချိန် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရုပ်ရှင်အနုပညာတွေလည်းရှိနေစဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် (၂) လတာအတွင်းမှာတင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ စာပေ၊ဂီတ၊ရုပ်ရှင်နယ်ပယ်က အနုပညာရှင် (၁၀၀) ကျော်ကို စစ်ကောင်စီက ဖမ်း၀ရမ်းအမိန့်ထုတ်ခဲ့ပါတယ်။ နာမည်ကျော်ရုပ်ရှင်အနုပညာရှင်တွေဖြစ်ကြတဲ့ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦးနဲ့ ရဲတိုက်တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင်အနေနဲ့ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ပဋိပက္ခတွေအပေါ် အတိုက်အခံတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို မကြာခဏ အပြစ်တင်စွပ်စွဲပြောဆိုမှုတွေ လုပ်ဆောင်လေ့ရှိသလို၊ လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုလည်း မကြာခဏ ပြင်တင်ပြောဆိုလေ့ရှိတာကိုတွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားမှာ ပြောဆိုခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မိန့်ခွန်းအတွင်းမှာလည်း နိုင်ငံရေး၊စီးပွားရေးအင်အားကြီး အုပ်စုများက ဒီမိုကရေစီဖွံ့ဖြိုးစဲနိုင်ငံများကို စိုးမိုးခြယ်လှယ်ဖို့အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြတယ်လို့ ထည့်သွင်းပြောဆိုထားကို တွေ့ရပါတယ်။ အဲ့ဒီမိန့်ခွန်းအတွင်းမှာပဲ မီဒီယာသမားတွေကနေတဆင့် အင်အားကြီးနိုင်ငံတွေက လိုလားတဲ့ ပုံစံများအတိုင်း ပုံဖေါ်နေကြပြီး၊ ဖွံ့ဖြိုးစဲနိုင်ငံငယ်များကို မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြီးထွားလာအောင်၊ တိုင်းပြည်ပြိုကွဲအောင် လုပ်ဆောင်နေကြတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီခေါင်းဆောင်က လူမှုကွန်ရက်နဲ့ မီဒီယာတွေက လူငယ်တွေကို အတွေးအခေါ်အယူအဆမှားယွင်းအောင်လုပ်ဆောင်ပြီး နိုင်ငံပျက်စီးအောင် လုပ်ဆောင်နေကြတယ်လို့ အချက်အလက်မဲ့ စွပ်စွဲပြောဆိုထားပြီး တဖက်မှာတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံအတွင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေကို ဖမ်းဆီးထောင်ချမှုတွေ ဆက်လက်လုပ်ဆောင်နေသလို၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစေတာနဲ့ စစ်ပွဲအတွင်းစေလွှတ်တာတွေလည်း လုပ်ဆောင်လျက်ရှိတာကိုတွေ့ရပါတယ်။

သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး တဖက်မှာ သတင်းမီဒီယာတွေကနေတဆင့် နိုင်ငံပျက်စီးအောင်လုပ်ဆောင်နေကြတယ်လို့လည်း အချက်အလက်မဲ့ စွပ်စွဲပြောဆိုမှုတွေ မကြာခဏလုပ်ဆောင်လေ့ရှိတာကို တွေ့ရပါတယ်။

XS
SM
MD
LG