သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတများနေ့ (အမေရိကန်အစိုးရ၏ မူဝါဒ)


Presidential Diaries
Presidential Diaries

ဖေဖော်ဝါရီလ တတိယ တနင်္လာနေ့ဟာ အမေရိကန်မှာ သမ္မတများနေ့ပါ။ မူလက တိုင်းပြည်ရဲ့ ပထမဆုံးသမ္မတ ဂျော့ချ် ဝါရှင်တန် အထိမ်းအမှတ်ပြုတာဖြစ်ပေမဲ့ ၁၉၆၈ ကတည်းက ဒီရုံးပိတ်ရက်ဟာ အေဘရာဟင် လင်ကွန်းကိုလည်း ဂုဏ်ပြုတဲ့နေ့ ဖြစ်လာပါတယ်။ ဒီကနေ့မှာတော့ တိုင်းပြည်ရဲ့ သမ္မတအားလုံးကို အသိအမှတ်ပြုတဲ့နေ့ ဖြစ်ပါတယ်။

ဒီနေ့ဟာ ဂျော့ချ် ဝါရှင်တန်ရဲ့ ဖေဖော်ဝါရီလ ၂၂ ရက် မွေးနေ့အထိမ်းအမှတ်ပွဲအဖြစ် စခဲ့တာပါ။ တော်လှန်စစ်နဲ့ အဲဒီနောက်ပိုင်းကာလ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်ကို သူနဲ့ ခေတ်ပြိုင် တခြားသူတွေထက် ဂျော့ချ် ဝါရှင်တန်က လမ်းညွှန်ပြခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီကာလကို အဆုံးသတ်စေခဲ့တဲ့ စစ်ပဋိပက္ခက ၆ နှစ်ကြာခဲ့ပြီး အမေရိကန်နိုင်ငံကို ကိုယ်စားပြု ဒီမိုကရေစီ လမ်းကြောင်းသစ်ပေါ် တင်ပေးခဲ့ပါတယ်။

တကယ်တော့ အောင်မြင်တဲ့ စစ်ခေါင်းဆောင် တယောက်အဖြစ်သာမကဘဲ ဂျော့ချ် ဝါရှင်တန်ကို တိုင်းပြည်ရဲ့ ဖခင်အဖြစ်ပါ သုံးနှုန်းခေါ်ဝေါ်ခဲ့ကြတာပါ။ အမှန်တကယ်တော့လည်း စစ်ပြီး အရပ်သားဘဝ သူ့ရဲ့ဆောင်ရွက်ချက်တွေဟာ နောက်ဆက်ခံတဲ့ သမ္မတတွေအတွက် ပမာပြုစရာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံကို ခိုင်မာတဲ့ ဘဏ္ဍာရေးအုတ်မြစ်ပေါ်မှာ သူ တည်ဆောက်ခဲ့ပါတယ်။ တိုက်ပွဲထဲကနေ တည်ငြိမ်၊ ဒီမိုကရေစီကျပြီး ဥပဒေနဲ့အညီအုပ်ချုပ်တဲ့ အစိုးရ မွေးဖွါးဖြစ်တည်လာခဲ့တဲ့အထိ အမေရိကန်ပြည်ထောင်စုကို သူဦးဆောင်ခဲ့တာပါ။ လေးနှစ်သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရွေးကောက်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးခြင်းအားဖြင့် အနာဂတ် သမ္မတအားလုံးအတွက် အရေးကြီးတဲ့ ဆောင်ရွက်ချက်တရပ်ကို ဂျော့ချ် ဝါရှင်တန်က ရှေ့ပြေး လုပ်ဆောင် ပြခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ လမ်းညွှန်ချက်သာမရှိခဲ့ရင် အမေရိကန်ပြည်ထောင်စုဟာ ဒီကနေ့မြင်ရတဲ့ တိုင်းပြည်မျိုး ဖြစ်ကောင်းမှ ဖြစ်ပါမယ်။ အလားတူပါပဲ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ အေဘရာဟင် လင်ကွန်းဟာလည်း ပြည်တွင်းစစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုကို ပဲ့ကိုင်သွားနိုင်ခဲ့ပါတယ်။ ဒီ ပြည်တွင်းစစ်က တိုင်းပြည် ပြိုကွဲသွားနိုင်တဲ့ စစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ လင်ကွန်းဟာ မြောက်ပိုင်းပြည်နယ်တွေက လူထုသဘောထားတွေ စည်းလုံးခိုင်မာစေပြီး ကျွန်စနစ် အဆုံးသတ်ဖို့ လိုအပ်ကြောင်း နိုင်ငံရေး သဘောတူမျှချက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် ခွဲထွက်လိုတဲ့ ပြည်နယ်တွေ ရှုံးသွားခဲ့ပြီး နောက်ဆုံးမှာ တိုင်းပြည်ဟာ အရင်ကမရှိခဲ့ဖူးတဲ့ စည်းလုံးပုံမျိုးနဲ့ ညီညွတ်ခဲ့ကြပါတယ်။

ပြည်တွင်းစစ် မဖြစ်ခင်တုန်းကတော့ အမေရိကန်ပြည်ထောင်စုဟာ အားနည်းတဲ့ ဗဟိုအစိုးရအောက်မှာ အားကောင်းတဲ့ နိုင်ငံရေးအဖွဲ့အစည်းနဲ့ အဆောက်အအုံတွေ စုစည်းထားပုံမျိုး ဖြစ်ပါတယ်။ လေးနှစ်တာ သွေးမြေကျ တိုက်ခိုက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုင်းပြည်ကတော့ ခိုင်မာအားကောင်းတဲ့ ဗဟိုအစိုးရအောက်မှာ စည်းလုံးညီညွတ်ပုံမျိုး ဖြစ်ပါတယ်။

ဂျော့ချ် ဝါရှင်တန် နဲ့ အေဘရာဟင် လင်ကွန်းတို့ဟာ ခိုင်မာအားကောင်းတဲ့ အစိုးရအောက်မှာ ပြည်သူလူထု စည်းလုံးညီညွတ်ရေးဟာ ခွဲမရတဲ့ လိုအပ်ချက် ဖြစ်တယ်ဆိုတာ သိနားလည်ကြတဲ့ စစ်ကာလခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူချွန်ခေါင်းဆောင်တွေ ရှိတာ ဂုဏ်ယူစရာပါ။ ရိုးရိုးသားသားပြောရရင် လက်တဆုပ်စာ ခေါင်းဆောင်တွေကတော့ လိုအပ်ချက်တွေ ရှိနေတာ အမှန်ပါ။ ဒါပေမဲ့ ဂျော့ချ် ဝါရှင်တန်နဲ့ အေဘရာဟင် လင်ကွန်းတို့လောက် ဘယ်သူကမှ ကြီးမားတဲ့သက်ရောက်မှု မရှိကြပါဘူး။

ဒီနေ့ဟာ သူတို့တွေကို မိမိတို့အားလုံးက အထိမ်းအမှတ်ပြုကြတာပါ။ အမေရိကန်ပြည်ထောင်စု ဖြစ်လာကတည်းက ရာစုပေါင်းများစွာ အမွေအနှစ် ချန်ထားခဲ့ကြသူတွေကို ဂုဏ်ပြုကြတာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG