သုံးရလွယ်ကူစေသည့် Link များ

 
USAID ကို ဖျက်သိမ်းတာမဟုတ်၊ ကန်အကျိုးစီးပွါးနဲ့အညီ ပြန်လည်ဖွဲ့စည်းခြင်းသာ (အမေရိကန်အစိုးရ၏ မူဝါဒ)
နောက်ဆုံးရသတင်း

USAID ကို ဖျက်သိမ်းတာမဟုတ်၊ ကန်အကျိုးစီးပွါးနဲ့အညီ ပြန်လည်ဖွဲ့စည်းခြင်းသာ (အမေရိကန်အစိုးရ၏ မူဝါဒ)


USAID အဖွဲ့အစည်း၏ အထိမ်းအမှတ် အလံ။ (မှတ်တမ်းရုပ်ပုံ)
USAID အဖွဲ့အစည်း၏ အထိမ်းအမှတ် အလံ။ (မှတ်တမ်းရုပ်ပုံ)

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဥ်တွေကို ဆိုင်းငံ့ပြီး ပြန်လည် သုံးသပ်ဖို့နဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းဖို့ဆိုတဲ့ သမ္မတ Trump အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရပ်ခြား အကူအညီတွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ အနာဂတ် ရပ်တည်ချက်ကို မေးခွန်း ထုတ်လာကြပါတယ်။ USAID ဟာ အမေရိကန်အစိုးရရဲ့ အဓိက အကူအညီပေးရေး အေဂျင်စီဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၄၃ ဘီလီယံကျော် အကူအညီတွေ ပေးခဲ့ပါတယ်။

USAID နဲ့ပတ်သက်လို့ အပြောင်းအလဲတွေလုပ်တာက နိုင်ငံခြားအကူအညီတွေ အဆုံးသတ်လိုက်တာ မဟုတ်ပါဘူးလို့ လက်တလော USAID ကို ဦးဆောင်ဖို့ တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွား ပိုမို ထိရောက်စေဖို့ ပြန်လည် ဖွဲ့စည်းတာ ဖြစ်ပါတယ်။”

USAID ကို ဖွဲ့စည်းခဲ့တဲ့ ပြဌာန်းချက်ထဲမှာလည်း ဒီအဖွဲ့အနေနဲ့ သမ္မတ၊ အမျိုးသား လုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ လမ်းညွှန်ချက်တွေ ရယူရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အကြောင်းနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်အတွင်းမှာတော့ USAID က ဒါကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဝန်ကြီး Rubio က ပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်တာက USAID ကို သွားမယ်။ ကျနော်တို့အစီအစဥ်တွေ အားလုံးကို အထက်ကနေ အောက်ခြေအဆင့်ထိ ကြပ်မတ် စိစစ်မယ်။ ကမ္ဘာတဝန်း ဘယ်လိုအစီအစဥ်တွေကို ကျနော်တို့ ငွေကြေး ထောက်ပံ့ပေးနေသလဲ၊ ဘယ်အရာတွေက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ဆောင်ရွက်တာ ဖြစ်သလဲ၊ ဘယ်လိုနေရာတွေမှာတော့ ကျနော်တို့ ပါဝင်ကူညီတာမျိုး မလုပ်သင့်ဘူးလဲ ဆိုတာတွေ စိစစ်ဖို့ပါ။”

အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေဖြစ်တာကြောင့်လည်း ခုလို ပြန်လည် သုံးသပ်၊ ကြီးကြပ်တာတွေ ဆောင်ရွက်ဖို့ လိုအပ်တာဖြစ်တယ်လို့ ဝန်ကြီး Rubio က ပြောပါတယ်။

“ဒါတွေက ပုဂ္ဂလိကရန်ပုံငွေတွေ မဟုတ်ပါဘူး။ အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေပါ။ ဒါကြောင့် အကျိုးရှိရှိ အသုံးချရမယ့် တာဝန်ရှိပါတယ်။ တချို့ငွေတွေကို မလိုရင် မသုံးဖို့၊ တချို့ကိုတော့ လိုအပ်ရင် ပိုပြီး ဦးစားပေး သုံးစွဲဖို့ဆိုတာတွေ စိစစ် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။”

ဒါပေမဲ့ စိတ်မကောင်းစရာက USAID အဖွဲ့ကြီးဟာ နိုင်ငံခြားရေးဌာနလို ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ဝန်ကြီး Rubio က ပြောပါတယ်။

“နိုင်ငံခြားရေးဌာနမှာတော့ အစီအစဥ်တာဝန်ခံ အရာရှိတွေက ထိုးထွင်း သိမြင်နိုင်စွမ်း သိပ်ကောင်းကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ နိုင်ငံခြားရေးဌာနရဲ့ အစီအစဥ်တွေထဲမှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်ပေးနိုင်ဖို့အတွက် ဖြေလျှော့မှုတွေ နေ့စဥ် ထုတ်ပြန်ပေးနေပါတယ်။”

ဒါနဲ့ ဆန့်ကျင်ဘက် USAID က လူပုဂ္ဂိုလ်တချို့ကတော့ အစိုးရအမိန့်တွေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာကိုပဲ အမိန့်ကိုမနာခံဘဲ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး ငွေဆက်ပေးဖို့ ကြိုးစားတာတွေ တွေ့ရတယ်လို့လည်း ဝန်ကြီး Rubio က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ကတော့ USAID လုပ်ငန်းတွေ ရှိနေတဲ့ ကမ္ဘာတဝန်းနိုင်ငံတွေမှာ အကူအညီပေးရေး အစီအစဥ်တွေကို အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှု ရှိမရှိ ဆိုတာကို ဖော်ထုတ်ဖို့ ပွင့်လင်းမြင်သာမှုရှိရှိ ထိတွေ့ ဆက်ဆံနေပါတယ်။

"အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကတော့ ဆက်ရှိသွားမှာပါ။ ဒါတွေက ကျနော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ပိုမို ခိုင်မာ အားကောင်းစေမှာ ဖြစ်သလို ကိုယ့်နိုင်ငံ သာယာ ဝပြောဖို့ အတွက်သာမက ကိုယ့်ရဲ့မဟာမိတ်တွေ၊ လက်တွဲဖက် နိုင်ငံတွေအတွက်လည်း ပိုပြီး တိုးတက်ကောင်းမွန်စေမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ" လို့လည်း နိုင်ငံခြားရေးဝန်ကြီး Rubio က ပြောပါတယ်။

Forum

XS
SM
MD
LG