သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကျားဖြန့်နှိမ်နှင်းရေး အခြေအနေ လွတ်တော်မှာ ထိုင်းဝန်ကြီးချုပ်ရှင်းလင်း၊ ဘဏ်အကောင့်နဲ့ SIM ကဒ် သန်းချီပိတ်ပင်
နောက်ဆုံးရသတင်း

ကျားဖြန့်နှိမ်နှင်းရေး အခြေအနေ လွတ်တော်မှာ ထိုင်းဝန်ကြီးချုပ်ရှင်းလင်း၊ ဘဏ်အကောင့်နဲ့ SIM ကဒ် သန်းချီပိတ်ပင်


အစည်းအဝေးတက်ရန် ထိုင်းအစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ် Paetongtarn Shinawatra။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (AP:Sakchai Lalit)
အစည်းအဝေးတက်ရန် ထိုင်းအစိုးရအိမ်တော်သို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ် Paetongtarn Shinawatra။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (AP:Sakchai Lalit)

ထိုင်းအစိုးရရဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်း နှိမ်နှင်းရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး ကျားဖြန့်ဂိုဏ်းတွေ အသုံးပြုတဲ့ သန်းနဲ့ချီတဲ့ ဘဏ်အကောင့်တွေကို ပိတ်ပစ်နိုင်ခဲ့တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က မနေ့က ထိုင်းအောက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။


ဝန်ကြီးချုပ်တာဝန်ယူပြီး ပထမဆုံးအကြိမ် လွှတ်တော်တွင်း မေးမြန်းချက်တွေကို ဖြေကြားရာမှာ ထိုင်းနယ်စပ် မြန်မာနိုင်ငံဘက်က တရားမဝင် လောင်းကစားလုပ်ငန်းတွေ နှိမ်နှင်းနေတဲ့ အခြေအနေတွေကို ရှင်းလင်းသွားခဲ့တဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။


အွန်လိုင်းငွေကြေးလိမ်လည်တဲ့သူတွေ ဖွင့်ထားတဲ့ ဘဏ်အကောင့် တသန်း ကိုးသိန်း နှစ်‌သောင်းလောက်ကို ပိတ်ပစ်ခဲ့သလို ဆက်သွယ်ရေး SIM ကဒ် နှစ်သန်း လေးသိန်းလောက်ကို ထိုင်းအစိုးရက ပယ်ဖျက်ခဲ့တဲ့အကြောင်း ဝန်ကြီးချုပ် Paetongtarn က ပြောပါတယ်။


အွန်လိုင်းလိမ်လည်တဲ့ လောင်းကစား လုပ်ငန်းတွေကြောင့် ထိုင်းပြည်သူတချို့ တသက်လုံး ရှာဖွေစုဆောင်းထားတဲ့ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးခဲ့သလို၊ တချို့ဆို ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဘဝကို အရှုံးပေးသွားရတာတွေ ကြားသိရတဲ့အကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

အခု ထိုင်းအစိုးရက ကြပ်ကြပ်မတ်မတ်နှိမ်နှင်းပြီးနောက်ပိုင်း အရင်က နေ့စဉ် ဘတ် သန်း ၁၀၀ လောက် ဆုံးရှုံးပေမဲ့ ဘတ် သန်း ၅၀ လောက်အထိ လျော့ကျသွားတဲအကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ ထိုင်းပြည်သူတွေအကျိုးကို ကာကွယ်တဲ့အနေနဲ့ ကျားဖြန့်လုပ်ငန်းတွေ လုံးဝပပျောက်တဲ့အထိ ဆက်လက်နှိမ်နှင်းမယ်လို့လည်း ဝန်ကြီးချုပ် Paetongtarn ပြောဆိုသွားပါတယ်။

Forum

XS
SM
MD
LG