သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
အင်ဒိုနီးရှား ၈၄ ယောက် ထိုင်းဘက်ကို မြန်မာလွှဲပေး
နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ၈၄ ယောက် ထိုင်းဘက်ကို မြန်မာလွှဲပေး


အင်ဒိုနီးရှားနိုင်ငံသားများ ကို ထိုင်းအာဏာပိုင်တွေက ခေါ်ဆောင်လာစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅)
အင်ဒိုနီးရှားနိုင်ငံသားများ ကို ထိုင်းအာဏာပိုင်တွေက ခေါ်ဆောင်လာစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅)

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦးကို ထိုင်းအာဏာပိုင်တွေလက်ကို မြန်မာဘက်က လွှဲပေးခဲ့ပါတယ်။ သူတို့လူကုန်ကူးခံရတယ်ဆိုတာကို အင်ဒိုနီးရှားသံရုံးကတဆင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက အကူညီတောင်းခံထားတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြန်မာဘက်က ထိုင်းလက်ကို အပ်ခဲ့တာဖြစ်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မြ၀တီခရိုင်ထဲမှာရှိတဲ့ KK park မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြား အဆင့်ဆင့် လက်လွှဲရောင်းချခံရပြီး နှိပ်စက်ညှင်းပမ်းခံခဲ့ရတဲ့ အင်ဒိုနီးရှား နိုင်ငံသား (၈၄) ဦးကို မြန်မာ နယ်ခြားစောင့်တပ်-BGF က ထိုင်း မြန်မာ ၂ နိုင်ငံချစ်ကြည်ရေးတံတား အမှတ်(၂) ကတဆင့် ထိုင်းနိုင်ငံအာဏာပိုင်တွေ လက်ကို ဒီနေ့ လွှဲပေးခဲ့ပါတယ်။ အင်ဒိုနီးရှားအမျိုးသမီး ၁၄ ဦး အမျိုးသား ၇၀ ဦးကို ထိုင်းရဲတပ်ဖွဲ့နဲ့အတူ အင်ဒိုနီးရှားသံရုံးကစီစဉ်တဲ့မော်တော်ယာဉ်တွေနဲ့ ထိုင်းဘက်ကို ခေါ်လာတာဖြစ်တယ်လို့ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI၊ အင်ဒိုနီးရှားသံရုံးတို့နဲ့အလုပ်အတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဦးမောင်ထွန်းက အခုလိုရှင်းပြပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားသံရုံးကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်ထဲက ဆက်သွယ်အကူအညီ တောင်းခံခဲ့တာဖြစ်လို့ အင်ဒိုနီးရှားသံရုံးက ထိုင်း DSI ကို အကြောင်းကြားပြီး လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်။

"အင်ဒိုနီးရှားသံရုံးနဲ့ကျနော်တို့ဘက်က DSI နဲ့ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာကြာပါပြီ ဒီ victim (လူကုန်ကူးခံရသူ) တွေကို ထွက်လာနိုင်ဖို့ လွတ်လာဖို့ ကြိုးစားခဲ့တာ ဘယ်တော့မှ အောင်မြင်မူမရှိခဲ့ဘူး။ ဒီတကြိမ်မှသာအောင်မြင်မှုရခဲ့တယ် ၊ ဒီလို Crackdown မလုပ်ခဲ့ဘူးဆိုရင် ဒီ victimလူကုန်ကူးခံရသူတွေက ဘယ်လိုမှ ထွက်လာမယ့် စာရင်းထဲမှာ မရှိဘူး၊ကျနော်တို့ကအဖက်ဖက်ကနေ KK Park ထဲမှာ နေ့ရော ညရော နှိပ်စက်ခံနေရတာပါ။ ဒီအထောက်အထားတွေကတော့ ဒီလူကုန်ကူးခံရသူတွေနဲ့ ထိုင်းအစိုးရ DSI နဲ့သက်ဆိုင်ရာသံရုံးတွေမှာ အထောက်အထားတွေရှိပါတယ်။"

မြန်မာဘက်က ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို အင်ဒိုနီးရှားသံရုံးနဲ့ ထိုင်း DSI တိုက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့အခါ အင်ဒိုနီးရှားကို ပြန်ပို့မှာဖြစ်ပါတယ်။

"သူတို့ကတော့အခု ထိုင်းဘက်ကတော့DSI တို့လည်း ရောက်နေတယ် Verified and scan contact တွေလုပ်မယ် ပြီးရင်ဘန်ကောက်ကိုပို့မယ် သူတို့ရဲ့သက်ဆိုင်ရာ သံရုံးတွေသံအမတ်တွေနဲ့ ပြန်မယ့်ကိစ္စတွေလုပ်မယ် နောက်ပြီး က သူတို့ကနေ ပြန်ပြီးတရားစွဲချင်လား ဒီလူက လူကုန်ကူးခံရသူလား သူကရာဇဝတ်မှုနဲ့ပတ်သက်နေလားဆိုတာ စီစစ်မယ် လူကုန်ကူးခံရသူတွေဆိုရင်တော့ ထိုင်းအစိုးရ က ကူညီစောင့်ရှောက်ပေးမယ် လူကုန်ကူးခံသူတွေအနေနဲ့ မင်းတို့အနေနဲ့ တရားစွဲချင်သလားလို့ မေးမယ်။ အဲဒါကိုတရားစွဲမယ်ဆိုရင်တော့ ရလာတဲ့ Recommendation တွေနဲ့ သက်ဆိုင်ရာပုဂိုလ်တွေကို ထိုင်းအစိုးရက တရားစဲွတဲ့အခါမှာ ပိုပြီးတော့ အထောက်အထားတွေ ဖြစ်လာမယ်"

ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ လောင်းကစားလုပ်ငန်းတွေမှာ အဓိကပတ်သက်နေတဲ့ ကရင်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေအပေါ် ထိုင်းအစိုးရက ဖိအားပေးခဲ့ပြီးနောက် လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ကယ်ဆယ်ဖို့အတွက် ကရင်နယ်ခြားစောင့်တပ် BGF က ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းရေး အထူးအဖွဲ့ ဖွဲ့စည်းပြီး ကာစီနိုရုံတွေ လောင်းကစားရုံတွေကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ပြခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေကနေ နိုင်ငံခြားသား ၇၀၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကရင် BGF ကသတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံခြားသား တွေထဲမှာ တရုတ်နိုင်ငံသားက ၄ ထောင်ကျော် ပါဝင်ပါတယ် ။ တကယ်တမ်း ငွေလိမ်လုပ်ငန်း၊ လောင်းကစားလုပ်ငန်း ၁၀ ရာခိုင်နှုန်းလောက်သာ နှိမ်နှင်းနိုင်သေးတယ်လို့ ထိုင်းအတိုက်အခံအမတ် Rangsiman Rome ရန်ဆီမန်ရုမ်း က Reuters သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

"ရွှေကုက္ကို လောင်းကစားလုပ်ငန်းတွေက ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေရော အဲဒီမှာ အလုပ်လုပ်ချင်လို့ ရောက်နေကြတဲ့ တရုတ်တွေရော စုစုပေါင်း ၁ သိန်းလောက်ရှိနိုင်ပါတယ်။ နောက်ထပ် အကြီးအကျယ်လုပ်နေကြတဲ့ KK Park မှာလည်း ၁ သိန်းလောက်ရှိနိုင်ပါတယ်။ မြဝတီထဲမှာကို ဒီလုပ်ငန်းလုပ်နေသူ စုစုပေါင်း ၃ သိန်းလောက်အထိ ရှိနိုင်ပါတယ်။ လောလောဆယ် ကယ်တင်နိုင်သူ ၁ သောင်းအောက်သာ ရှိပါသေးတယ်။ ဒီလုပ်ငန်းတွေကို နှိမ်နှင်းနိုင်တဲ့ ပမာဏက အခုထိ ၁၀ ရာခိုင်နှုန်းထက်တောင် နည်းနေသေးတယ်လို့ ထိုင်းအတိုက်အခံအမတ်က ပြောသွားတာြဖစ်ပါတယ်။"

မြဝတီမြိုနယ်ထဲက ငွေလိမ်လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၇၀၀၀ လောက် ထိုင်းဘက်ကို ပြန်ပို့ဖို့ရှိနေတယ်လို့ ကရင် BGF ကပြောပါတယ်။ အခုအချိန်အထိ ထိုင်းဘက်ကိုလွှဲပေးနိုင်သူ ၇၀၀ ကျော်သာရှိပါသေးတယ်။ ထိုင်းနိုင်ငံကလည်း အဲဒီနိုင်ငံခြားသားတွေဟာ လူကုန်ကူးသူတွေလား လူကုန်ကူးခံရသူတွေလားဆိုတာ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ မြ၀တီမြို့က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းနိုင်ဖို့ ထိုင်းဘက်က လျှပ်စစ်မီးနဲ့လောင်စာဆီတွေကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ထဲကစပြီး ဖြတ်တောက်ခဲ့ပေမယ့် ရန်ကုန်၊ ဘားအံနဲ့မော်လမြိုင်ဘက်ကနေ လောင်စာဆီတွေကို တင်သွင်းနေတာကြောင့် ကာစီနိုရုံတွေကတော့ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG