ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းပြီး မနေ့ကအထိ နိုင်ငံခြားသား ၆,၀၀၀ ကျော်ကို ဖမ်းထားကြောင်းနဲ့ နေရပ်ပြန်ပို့ရေးမှာ လူတွေပြည့်သိပ်နေတဲ့အတွက် ဆက်လက် ထိန်းသိမ်းထားဖို့ အခက်အခဲရှိကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က VOA ကို ပြောပါတယ်။ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတာဝန်ရှိသူတွေကတဆင့် ထိုင်း၊ တရုတ်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ပြန်ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။ ဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို VOA မြန်မာပိုင်းအစီအစဉ်က ဦးသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးသိန်းထိုက်ဦး။ ။ ဗိုလ်မှူးကြီးတို့ BGF အနေနဲ့ လောလောဆယ် ကျားဖြန့်နှိမ်နင်းရေးအတွက် နိုင်ငံခြားသား ခြောက်ထောင်ကျော် ဖမ်းထားတယ်လို့ ပြောထားပါတယ်။ အဲဒါ ဟုတ်ပါသလား။
ဗိုလ်မှူးကြီး နိုင်မောင်ဇော်။ ။ ဟုတ်ပါတယ်။ မနေ့က အထိတော့ ဖမ်းဆီးထိမ်းသိန်းထားတာ ၆,၀၀၀ ကျော်လောက်အထိရှိတယ်။ စည်းကမ်း ထိန်းသိမ်းရေးရုံးကို ၂,၄၃၆ ဦး တရား၀င်လာရောက် အပ်နှံ ထားပြီးဖြစ်တယ်။ ဒါက တရား၀င်စစ်ဆေးပြီးတော့ ပြည်နှင်ဖို့အတွက် နေရပ်ပြန်ပို့ဖို့ အဆင်သင့်ဖြစ် တဲ့သူ အရေအတွက်ပေ့ါ။ အထူးတပ်ဖွဲ့တွေကလည်း အလုပ်လုပ်နေကြပါတယ်။
မေး။ ။ ဒီ ၆,၀၀၀ ကျော်ထဲမှာ စစ်ဆေးပြီးသားဖြစ်တဲ့ ၂,၀၀၀ ကျော်ထဲ ဘယ်နိုင်ငံသားတွေကလည်း အဓိကပါသလဲ။
ဖြေ။ ။ အများဆုံးကတော့ တရုတ်နိုင်ငံသား၊ ဒုတိယအများဆုံးကတော့ အင်ဒိုနီးရှားပေါ့။
မေး။ ။ သူတို့ကို နေရပ်ပြန်ပို့ဖို့ ဘယ်သူတွေနဲ့ ညှိနှိုင်းနေပါသလဲ။
ဖြေ။ ။ ကျနော်တို့ကဖမ်းပြီးတော့ သက်ဆိုင်ရာနိုင်ငံတော် အစိုးရဘက်ကို အပ်နှံပေးလိုက်တယ်။ ဌာနဆိုင်ရာ လဝကတို့၊ ရဲတပ်ဖွဲ့တို့က တဦးတယောက်ချင်းဆီကို စစ်ဆေးနေတာရှိတယ်။ စစ်ဆေးပြီးမှ သူတို့က G to G အစိုးရအချင်းချင်း ပြန်လွှဲပေးတာရှိတယ်။ ကျနော်တို့က ထိန်းသိမ်းပေးတယ်။ အပ်နှံပေးတယ်။ ပြီးရင် တံတားကို လုံခြုံရေးအရ လိုက်ပါပေးတယ်။ လွှဲပြောင်းမှုအပိုင်းကျတော့ ကျနော်တို့နိုင်ငံက တာဝန်ရှိသူတွေ၊ ထိုင်း တာဝန်ရှိသူတွေ၊ တရုတ်ဘက်က တာဝန်ရှိသူတွေ သုံးပွင့်ဆိုင်ဆွေးနွေးပြီး ပို့တာရှိတယ်။
မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဗိုလ်မှူးကြီးတို့ BGF ခေါင်းဆောင််တချို့ကို ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ခေါင်းဆောင်တချို့ကို ထိုင်းနိုင်ငံဘက်က ဝရမ်းထုတ်မယ်ဆိုပြီး ပြောတာရှိပါတယ်။ အဲဒီကိစ္စပြီးပြီလား။ ထိုင်းဘက်က ဖိအားပေးတာရှိပါလား။
ဖြေ။ ။ ထိုင်းအစိုးရဘက်က ပြောတာမရှိဘူး။ လွှတ်တော်အမတ်တဦးတည်းကပဲ ပြောတာ။ စွပ်စွဲချက်ပဲ ဖြစ်ပြီး ကျနော်တို့က ထိုင်းနိုင်ငံထဲမှာတခုမှမရှိဘူး။ စွပ်စွဲချက်က အခြေအမြစ်ရှိလားဆိုတာ သူသုံးသပ် ဖို့တော့ လိုတာပေါ့။ ထိုင်းအစိုးရဘက်က တစုံတရာပြောတာမျိုး မရှိပါဘူး။ လွှတ်တော်အမတ် တယောက်တည်းကပဲ အကြိမ်ကြိမ်တရားစွဲလိုက်၊ တရားရုံးကပယ်ချခံရလိုက်နဲ့ ဘာအညှိုးနဲ့ သူ့နောက်မှာ ဘယ်လိုကြိုးကိုင်ထားသလဲဆိုတာလည်း မသိပါဘူး။
မေး ။ ။ ဒီနေ့လည်း အထူးတပ်ဖွဲ့ နှိမ်နင်းရေးတွေ ဆက်လုပ်နေတယ်ဆိုတော့ ဒီကျားဖြန့် နှိမ်နင်းရေးလုပ်ငန်းကို ဘယ်လောက်အထိ ရည်မှန်းချက်ထားပါသလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဆက်လုပ်နေမှာပဲ။ အခုလောလောဆယ်ကတော့ ထိန်းသိမ်းထားတဲ့သူတွေ အရမ်းများတော့ ကျနော်တို့က သူတို့တွေကို အချုပ်သားလိုထားတာမဟုတ်ဘူး။ အေးဆေးပုံမှန်ပဲ ထားတယ်။ လူတွေက တဆောင် တဆောင်မှာဆိုရင် ကြပ်ညပ်နေရတာဗျ။ ကျနော်တို့က ဒီနှိမ်နင်းရေး ကိစ္စက အရှိန်နည်းနည်းလျော့သွားတာပေါ့။ ရှေ့ကလူတွေ ပြန်မပို့နိုင်သေးတော့ နောက်ထပ် ထပ်ထည့်ဖို့ ခက်ခဲသွားတာပေါ့။ အခုဆို ကျနော်တို့ ဂိုထောင်အသစ်ပြန်ဆောက်တယ်။ ရေချိုးခန်း အိမ်သာအသစ် ပြန်ဆောက်တယ်။ ဘယ်လောက်ဆောက်ဆောက် တနေရာမှာ လူ ၄ , ၅ , ၆၀၀ အိမ်သာတက်ဖို့၊ ရေချိုးဖို့ ကျနော်တို့က လုပ်ပေးတာပဲ။ ဒါပေမယ့် အခက်အခဲတွေရှိတယ်။ အခုဆို ကျနော်တို့ နောက်မှ ကယ်ထားတဲ့သူတွေ ထပ်ပို့လို့မရဘူး။ အဲမှာလည်း အခက်အခဲတွေ အများကြီးရှိနေတယ်။
မေး ။ ။ ဟုတ်ကဲ့ ။ ကျေးဇူးပါခင်ဗျာ့။
Forum