သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူကနေ နိုင်ငံခြားသားတွေကို DKBA ပြန်ပို့


အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူ တရုတ်နိုင်ငံသားများ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)
အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူ တရုတ်နိုင်ငံသားများ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)

ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေရဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ထိုင်းနိုင်ငံဘက်ကို စတင် လွှဲပြောင်းပေးနေပါတယ်။ ဘုရားသုံးဆူမြို့မှာတော့ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ပိတ်သိမ်းထားပြီး မြို့တွင်းသွားလာမှုလည်း သိသိသာသာ ပါးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘုရားသုံးဆူမြို့က တရုတ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအခြေအနေ သတင်းပေးပို့ချက်ကို တင်ပြထားပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်းမှာ ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က ထုတ်ပြန်ထား ပြီးတဲ့နောက် တရုတ်နိုင်ငံသားတွေ မြို့တွင်းသွားလာမှု သိသိသာသာ ပါးသွားတဲ့အကြောင်း ဒေသခံတွေ ဗွီအိုအေကို ပြောပါတယ်။ တရုတ်နိုင်ငံသားတွေ အလုပ်လုပ်နေကြတဲ့ စားသောက်ဆိုင်၊ အလှပြင်ဆိုင် လုပ်ငန်းတွေ ပိတ်သိမ်းထားတာ တွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ဘုရားသုံးဆူမြို့ထဲမှာ တရုတ်နိုင်ငံသားတွေကိုသိပ်မတွေ့ရတော့ဘဲ မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ ချောင်းဆုံကျေးရွာဘက်ကို ပြောင်းရွှေ့သွားတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မြို့ခံတဦးက တရုတ်လောင်းကစား လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“တရုတ်တွေက မြို့ထဲမှာတော့ တချို့နေရာတွေလောက်ပဲ ကျန်တယ်။ အကုန်လုံးက ပါးသွားပြီ၊ တချို့နေရာတွေလောက်ပဲကျန်တယ်။ တရုတ်နဲ့ပတ်သက်တဲ့ စားသောက်ဆိုင်တွေဘာတွေကအစ အကုန်ပိတ်ထားတယ်။ ဒီ ၂၈ ရက်နေ့ နောက်ဆုံးတော့ ထွက်ခွာဖို့ပြောထားတယ်ဆိုတော့ တခြား တနေရာမှာ သွားတယ်ထင်တယ်။ ဘုရားသုံးဆူမြို့နဲ့ နည်းနည်းဝေးတဲ့နေရာမှာ သူတို့ရွှေ့သွားတယ်၊ ဝေးတယ်ဆိုပေမယ့် ဘုရားသုံးဆူအပိုင်းထဲမှာပဲပေါ့၊ ချောင်းဆုံဘက်တို့ အဲ့ဘက်သူတို့ရွှေ့သွားတယ်၊ ကျောက်ဘီးလူရွာတို့ အဲ့ဘက်ခြမ်းကို ရွှေ့ထားတယ်။”

ဘုရားသုံးဆူမြို့တဝိုက် ကျေးရွာတွေဘက် တရုတ်လောင်းကစားလုပ်ငန်းတွေ နေရာပြောင်းရွှေ့သွားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဘုရားသုံးဆူမြို့က တရုတ်ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၆၀ ကျော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက DKBA အဖွဲ့က မြဝတီလမ်းကြောင်းကဆင့် ထိုင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။

“တရုတ်တွေက လုံးဝထွက်သွားတာတော့မရှိသေးဘူး။ DKBA ကလွှဲထားတယ်။ ၆၈ ယောက်လောက် ပဲ။ အဲ့လိုတော့ သတင်းတော့ ထုတ်ပြန်ထားတယ်။ ထိုင်းကို လွှဲပေးလိုက်တာ ၆၈ ယောက်လို့ သတင်း ထုတ်ပြန်ထားတာ။ (ဘုရားသုံးဆူမြို့မှာ)လောလောဆယ်တော့ အဆောက်အဦး ငှါးရမ်းတာတွေ မရှိတော့ဘူး၊ ဆက်ဆောက်တာလည်းမရှိဘူး၊ တချို့လည်း ဆောက်လက်စကို ရပ်ထားတယ် အဲ့လိုမျိုးပေါ့။”

မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အနေနဲ့ ထိုင်းအစိုးရက မြန်မာနယ်စပ်တွေမှာ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။ ဒီလိုဖြတ်တောက်တဲ့အတွက် ဒေသခံတွေပါ ရပ်တည်ရေး အခက်တွေ့နေကြပါတယ်။ ဘုရားသုံးဆူမြို့ခံ တယောက်ကတော့ မကြာခင် အရင်လို လျှပ်စစ်မီးပြန်ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“စားဝတ်နေရေးပြေလည်ဖို့ မီးတွေဘာတွေပြန်ရဖို့ မျှော်လင့်တာပေ့ါ။ အလုပ် အကုန်တွေရဖို့ ပြည်သူတွေကတော့ အဲ့ဒါပဲ မျှော်လင့်တာပေ့ါ။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဒီတရုတ်တွေကြားမှာ ကြားထဲနစ်နာတာက ပြည်သူတွေပဲ နစ်နာတာ။ အခက်အခဲက ပိုဖြစ်လာတယ်။ ဒီမှာက ထိုင်းကိုပဲ အဓိက မှီခိုနေရတာ အစစအရာရာ အကုန်လုံးပဲ။ လောလောဆယ်တော့ မီးတခုပဲ ပြန်ရပါစေပဲ ဆုတောင်းရမှာပေါ့။”

ထိုင်းနိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ မြဝတီ၊ ရွှေကုက္ကိုမြို့ ထဲက ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို BGF အဖွဲ့က ရာနဲ့ချီ ကယ်ထုတ် နေသလို ငွေလိမ်ဂိုဏ်းက လူတွေကိုလည်း ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးမိသူ ကယ်တင်ထားသူတွေကို ထိုင်းအာဏာပိုင်လက်လွှဲပေးနေသလို ဒီနေ့ကစပြီး တရုတ်နိုင်ငံသားတွေကို မဲဆောက်လေဆိပ်က တဆင့် တရုတ်နိုင်ငံကိုတန်းပြီး ပြန်ပို့နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG