သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်း ပူးတွဲနှိမ်နင်းရေး တရုတ် နဲ့ ထိုင်းစီစဉ် 


တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးနဲ့ ထိုင်း အစိုးရရဲ့ တော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်တို့ တွေ့ဆုံစဥ်
တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီးနဲ့ ထိုင်း အစိုးရရဲ့ တော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်တို့ တွေ့ဆုံစဥ်

ထိုင်းမြန်မာနယ်စပ်အပါအဝင်ထိုင်းနယ်စပ်တလျှောက်မှာလှုပ်ရှားနေတဲ့အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ထိုင်းနဲ့ ပူးပေါင်းနှိမ်နင်းဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေး‌ ခဲ့ပါတယ် ။ ဒီထဲမှာ မြန်မာနိုင်ငံဘက်က ကျားဖြန့်ဂိုဏ်းတွေထံရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို အမြန်ဆုံးကယ်တင်ဖို့လိုက်လံ ညှိနှိုင်းခဲ့ကြတယ်လို့သိရပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်အပါအဝင်ထိုင်းနယ်စပ်တလျှောက်မှာလှုပ်ရှားနေတဲ့ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းပေါင်း ၃၆ ဂိုဏ်းကို ထိုင်းနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းရေးအတွက် အဖွဲ့ဝင် ၁၅ ဦး ပါတဲ့ တရုတ်နိုင်ငံက အာဏာပိုင် အဖွဲ့(Minister of Public Security of the People's Republic of China) ဟာ ထိုင်းကိုရောက်ရှိလာခဲ့ပါတယ်။ ဒီအဖွဲ့ကို တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Mr.Liu Zhongyi (မစ္စတာ လူဇောင်ဂျီး) က ဦးဆောင်လာခဲ့တာပါ။ ထိုင်း အစိုးရရဲ့ တော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် Pol. Gen. Thatchai Pitaneelabut (ထပ်ချိုင်း ပထနီလာဘတ်) နဲ့အတူ ထိုင်းအစိုးရ တာဝန်ရှိသူတွေက လက်ခံ တွေ့ဆုံခဲ့ပါတယ် ။

အခုလိုထိုင်းနဲ့တရုတ်နှစ်နိုင်ငံဟာ မြ၀တီဘက်က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းရေးဆွေးနွေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ် ။

တရုတ်ဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေလှုပ်ရှားနေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေအနေကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ် ။

ထိုင်း အစိုးရရဲ့ တော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် Pol. Gen. Thatchai Pitaneelabut (ထပ်ချိုင်း ပထနီလာဘတ်) ကတော့ ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

“ အခုတွေ့ဆုံ ပွဲမှာအဓိဆွေး‌ ‌နွေးခဲ့ကြတာကတော့ ကျားဖြန့် လိမ်လည်ဂိုဏ်းတွေကို နစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့အတွက်ဖြစ်ပါတယ်။ ဒီဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေက ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပြီး ထိုင်းနယ်မြေကိုဖြတ် မဲဆောက်ကနေ မြ၀တီဘက်မှာ အခြေစိုက်ပြီးလိမ်လည်နေတာကို အမြန်ဆုံးရပ်တန့်အောင်ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ လို့ ပြောသွားပါတယ်။ “

လိမ်လည်ဂိုဏ်းတွေထံရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကိုကယ်တင်ဖို့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ အွန်လိုင်းရာဇဝတ်မူများ ပပျောက်ရေး တရုတ်ထိုင်း ပူးပေါင်းဆောင်ရွက်ညှိနှိုင်းရေးစင်တာ တည်ထောင်ဖို့တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။

တရုတ်ဝန်ကြီးက တရုတ်အွန်လိုင်း လိမ်လည်ဂိုဏ်းပေါင်း ၃၆ခုရှိကြောင်းပြောဆိုခဲ့ပြီး အဲဒီဂိုဏ်းတွေဟာဝန်ထမ်း တသိန်းကျော်နဲ့လည်ပတ်နေတာမို့ ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့အတွက် ထိုင်းဘက်ကိုတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ ပါဝင်ပါတ်သက် နေသူတွေကို အမြင့်ဆုံး အပြစ်ဒဏ်ပေးဖို့ကိုလည်း ထိုင်းအစိုးရက ဇန်နဝါရီလ ၂၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ဘဏ်ငွေသွင်းငွေထုတ်ကိစ္စတွေ အင်တာနက်ကနေ ဆက်သွယ်ရေး စနစ်တွေကို ပိုမိုတင်းကျပ်သွားမယ်လို့ ဆိုပါတယ်။ Call Centerလို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ပတ်သက်နေသူတွေကို ဖမ်းမိရင် ဘတ်ငွေ ၅သန်းဒဏ်ကြေးပေးရမှာဖြစ်ပြီး ထောင်ဒဏ် ၅နှစ်အထိ အပြစ်ပေးအရေးယူမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ရောင်စားခံထားရတဲ့ တရုတ်အပါအဝင် နိုင်ငံခြာသား ၆၀ကျော်လည်း ဒီရက်ပိုင်းအတွင်း မြန်မာဘက်ကနေ ပြန်လွတ်မြောက်ဖွယ်ရှိတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG