တရုတ် ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xing Xing ကို ထိုင်း-မြန်မာနိုင်ငံနယ်စပ် အွန်လိုင်းကငွေလိမ်တဲ့ ဂိုဏ်းတွေလက်ထဲရောက်အောင် ဖျားယောင်းပို့ဆောင်ခဲ့ရာမှာ အဓိကပါဝင်ခဲ့တယ်လို့ သံသယရှိသူတဦးကို ထိုင်းနိုင်ငံအကူအညီနဲ့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ ထိုင်းရဲအထူးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရာဇဝတ်သားအဖြစ် အဓိကသံသယရှိသူကို စနေနေ့က ဖမ်းဆီးခဲ့တဲ့အကြောင်း မနေ့နှောင်းပိုင်းမှာ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြေညာပါတယ်။ Yan လို့ ခေါ်တဲ့ သံသယရှိသူကို ဇန်နဝါရီလ ၂၅ ရက်နေ့က တရုတ်ပြည်ကို ပြန်ရောက်လာတဲ့အကြောင်း ကြေညာချက်မှာဖေါ်ပြထားပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။
တရုတ်သတင်းစာတွေမှာတော့ ဖမ်းဆီးခံရသူဟာ အရင်က တရုတ်နိုင်ငံက ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးပြီး မြဝတီမြို့အနီးက ငွေလိမ်ဂိုဏ်းတွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ ဆက်စပ်နေသူဖြစ်တယ်လို့ ရေးသားပါတယ်။
တရုတ် ရုပ်ရှင်သရုပ်ဆောင် Xing Xing ကို ထိုင်းနယ်စပ်မှာရှိတဲ့ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတခုက သရုပ်ဆောင်ဖို့ဆိုပြီး ဖျားယောင်းပြီး မြန်မာနယ်ခြားကို ပို့ခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန္နဝါရီလဆန်းက ကယ်တင်ခဲ့ပါတယ်။
သရုပ်ဆောင် Wang Xing ကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်ဟာ နယ်စပ် ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေလက်ထဲ အဓ္ဓမခိုင်းစေခံနေရတဲ့ ထောင်နဲ့ချီတဲ့ အာရှနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ တွန်းအားဖြစ်ခဲ့ပြီး ထိုင်းနယ်စပ် မြန်မာနယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းရေး ဒေသတွင်းနိုင်ငံတွေ ပိုပြီး အာရုံစိုက်လာကြပါတယ်။
Forum