မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ ဖမ်းဆီး ခိုင်းစေခြင်း ခံထားရတယ်ဆိုတဲ့ သူတို့မိသားစုဝင်တွေ ပြန်လွတ်ပေးရေး တရုတ်မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။ မကြာသေးခင်က တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing အဲဒီ ငွေလိမ်ဂိုဏ်းတွေရဲ့ ဖျားယောင်း ဖမ်းဆီးခြင်း ခံခဲ့ရပြီး ပြန်လွတ်လာတဲ့ ဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံသားတွေက ဖမ်းဆီးခံထားရတဲ့ သူတို့ မိသားစုဝင်တွေ ပြန်လွတ်လာရေးအတွက် လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနေတာပါ။
အသက် ၂၂ နှစ်အရွယ် သရုပ်တောင် Wang Xing ဟာ ရုပ်ရှင်ရိုက်မယ်ဆိုပြီး ထိုင်းနိုင်ငံကို လိမ်လည် ခေါ်ဆောင်ခံခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရတာပါ။
မြန်မာနိုင်ငံအတွင်းက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ ဖမ်းဆီးခံထားရတဲ့ သာမှန် တရုတ်နိုင်ငံသားတွေအနေနဲ့ သူတို့ မိသားစုဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ကြပေမယ့် သရုပ်ဆောင် Wang Xing ကတော့ တရုတ်နိုင်ငံမှာ ကျန်ခဲ့တဲ့ ရည်းစားဖြစ်သူရဲ့ ကျိုးပမ်း ဆောင်ရွက်မှုတွေကြောင့် ရက်ပိုင်းအတွင်းမှာဘဲ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။
ဒါကို နမူနာယူပြီး တရုတ်လူထုအကြား ပိုမိုကျယ်ပြန့် လူထုအခြေပြု လုပ်ရှားမှုတွေ လုပ်ဆောင်လာတာမှာ ရက်ပိုင်းအတွင်းမှာဘဲ တရုတ်မိသားစုဝင် ၁,၈၀၀ က သူတို့ မိသားစုဝင်တွေ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတယ်လို့ သတင်း ပို့လာကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်လောက် ထိန်းသိမ်းခံနေရပြီး အဓမ္မခိုင်းစေခံနေရတဲ့အကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက မကြာသေးခင်ကလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။
ကျားဖြန့်ဂိုဏ်းမှာ ခိုင်းစေခံနေရတဲ့ တရုတ်နိုင်ငံသားတွေ လွတ်မြောက်ရေး မိသားစုတွေတောင်းဆို

Forum