သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်ကနေ အွန်လိုင်းငွေကြေးလိမ်လည်ဖို့ ကျားဖြန့်တွေရဲ့ စေခိုင်းခံရသူ အတွေ့အကြုံ


မြ၀တီ ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ မြင်ရတဲ့မြင်ကွင်း
မြ၀တီ ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံ မဲဆောက်ဘက်မှာ မြင်ရတဲ့မြင်ကွင်း

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကရင်ပြည်နယ် ရွှေကုက္ကိုလ်စီမံကိန်းထဲမှာ အွန်လိုင်းငွေကြေးလိမ်လည်နေတဲ့ တရုတ်ကျားဖြန့်လုပ်ငန်းကုမ္ပဏီပေါင်း ရာနဲ့ချီရှိနေကြောင်း အွန်လိုင်းမှာ ငွေလိမ်လည်ဖို့ စေခိုင်းခံခဲ့ရသူ ကိုမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။ အမေရိကန်အခြေစိုက် USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ခုနှစ်အတွင်း အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံကို ပစ်မှတ်ထား လိမ်လည်ခံရတဲ့ ငွေပမာဏပေါင်း ဒေါ်လာ ၃.၅ ဘီလီယံလောက် ရှိကြောင်းဖေါ်ပြထားပါတယ်။ ကိုမောင်မောင် စေခိုင်းခံခဲ့ရတဲ့ အတွေ့အကြုံတွေကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ကျမ အခုရောက်ရှိနေတဲ့နေရာကတော့ မြန်မာနိုင်ငံဘက်ခြမ်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်ကို လှမ်းမြင်နေရတဲ့နေရာပါ။ အဲဒီတော့ ရွှေကုက္ကိုလ်ဝန်းထဲမှာလည်း အခုဆိုရင် အထပ်ပေါင်းများစွာရှိတဲ့ တိုက်တာအဆောက်အအုံတွေကို မြင်ရသလို၊ ဆောက်နေဆဲ အဆောက်အဦးတွေကိုလည်း မြင်ရပါတယ်။ အထူးသဖြင့် ဒီထဲမှာ တရုတ်ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းရှင်တွေ ရှိနေတယ်ဆိုတာကိုလည်း ရွှေကုက္ကိုလ်ဝန်းထဲမှာ သွားရောက်လုပ်ကိုင်ခဲ့သူတွေက ကျမတို့ VOA ကို ပြောပါတယ်ရှင့်။

ကိုမောင်မောင် ။ ။ ရွှေကုက္ကိုလ် ကျနော် အွန်လိုင်းဘက် လုပ်ရတဲ့နေရာပါ။

မေး ။ ။ အခုမြင်နေရတာဆိုတော့ ဘယ်နေရာလောက်မှာ ကိုမောင်မောင် လုပ်ခဲ့တာလဲ။

ဖြေ ။ ။ အခု မြင်နေရတဲ့ သုံးထပ်တိုက်မှာ စစချင်းနေခဲ့ရပါတယ်။ အဲဒါက ကျနော် အလုပ်လုပ်ခဲ့တဲ့ နေရာပါ။

မအင်ကြင်းနိုင် ။ ။ အဲဒီထဲမှာဆိုရင် ဟိုတယ်တွေလည်း ရှိတယ်။ ဒါပေမဲ့ ရွှေကုက္ကိုလ်ကို သွားဖို့ဆိုရင် တော်တော်ခက်ရာခက်ဆစ် သွားရတယ်။ အစောင့်တွေ ရှိတယ်။ အခု ကျမ ရောက်ရှိနေတဲ့ နေရာကတော့ တရုတ်နိုင်ငံသားတွေကို ထိုင်းဘက်ကနေ ရွှေကုက္ကိုလ်ကိုသွားတဲ့ လမ်းကြောင်းလို့လည်း သိရပါတယ်။ အခု ကျမတို့က ရွှေကုက္ကိုလ်မှာ အလုပ်လုပ်ခဲ့တဲ့ ကိုမောင်မောင်ကို​ တွေ့ဆုံမေးမြန်းသွားပါမယ်။

မေး ။ ။ ကိုမောင်မောင်က ရွှေကုက္ကိုလ်မှာ လုပ်ခဲ့တာဆိုတော့ ရွှေကုက္ကိုလ်မှာ ဘာကြောင့်သွားပြီးတော့ လုပ်ခဲ့တာပါလဲရှင့်။

ဖြေ ။ ။ အလုပ်တွေ ရှားလာတဲ့အခါကြတော့၊ ပြီးတော့ အွန်လိုင်းမှာ အလုပ်ခေါ်တာတွေ့တော့ - အဲဒီအလုပ်က ဘတ်နဲ့ပေးတာဆိုတော့ - သူငယ်ချင်းကလည်း လှမ်းခေါ်တာနဲ့ သွားဖြစ်ခဲ့တာပါ။

မေး ။ ။ သူတို့ အလုပ်ခေါ်တဲ့အချိန်တုန်းက အလုပ်တွေရှားနေတာရယ်၊ အဲဒီမှာသွားလုပ်တယ်ဆိုတော့ လုပ်ခလစာက ဘယ်လိုပေးပါလဲရှင့်။

ဖြေ ။ ။ ပထမတော့ ဘတ်တစ်သောင်းခွဲ၊ ပြီးတော့ ကော်မရှင်နဲ့ ပေးမယ်လို့တော့ ပြောပါတယ်။ တစ်လပြီးတစ်လ ပေးမယ်လို့ပြောခဲ့ပါတယ်။ ခြောက်လလောက် ကြာပါတယ်။

မေး ။ ။ အဲဒီမှာ ဘာတွေ လုပ်ခဲ့ရပါသလဲ။ ဘယ်လိုပုံစံမျိုးတွေနဲ့ သွားပြီးတော့ လုပ်ခဲ့တာလဲရှင့်။

ဖြေ ။ ။ ပထမစစပိုင်းတော့ Website ပိုင်းဆိုပြီးတော့ စခေါ်တော့ Website အလုပ်ကို လုပ်ရတယ်။ Chatting နဲ့ Website နှစ်ခု ရှိတယ်လို့ပြောပါတယ်။ နောက်မှသိလာရတာက အဲဒါမှာ မပါဘူး။ နောက်အလုပ်က လူခေါ်ပေးရမှာဆိုတော့ လုပ်မယ်ဆိုပြီး သွားခဲ့တာပါ။ နောက် အင်္ဂလိပ်စာကို အင်တာဗျူးမှာ စကားပြောကြည့်တော့ အဆင်ပြေတယ်ဆိုတော့ အဲဒီအလုပ်ရတယ်။ ခိုက်ဖား - လူခေါ်တဲ့လူရယ်၊ ဝေဟု - ငွေလိမ်တာ - လူခေါ်သူနဲ့ ငွေလိမ်သူရယ် နှစ်ခုခွဲထားပါတယ်။ ပိုက်ဆံလိမ်ရတဲနေရာမှာ ကျနော့်ကို ပေးလိုက်ပါတယ်။

မေး ။ ။ သူတို့က အလုပ်ခန့်မယ်ဆိုကတည်းက - မင်းတို့က အွန်လိုင်းကနေတဆင့် ငွေလိမ်ရမယ်ဆိုတာမျိုးကို တခါတည်းပြောတာလားရှင့်။

ဖြေ ။ ။ အဲဒီလိုတော့ မပြောဘူး။ ဝေဟု ခိုက်ဖား- တရုတ်စာဆိုနဲ့ဆိုတော့ မသိဘူး။ ကျနော်က ဟိုရောက်မှ အင်တာဗျူး​ဖြေပြီးမှသိတာ။ ပြီးတော့ လုပ်ပုံလုပ်နည်းတွေလည်း အဲဒီလောက်ကြီး မသိဘူး။ ကျနော်တို့ စစတက်တဲ့ဟာက သူတို့က ရောက်ပြီဆိုတာနဲ့ စာချုပ်ချုပ်ရတယ်။ စာချုပ်ဖျက်တယ်ဆိုရင် ငွေလျော်ရတယ်။

မေး ။ ။ အဲဒါက ရွှေကုက္ကိုလ်မှာ အဓိကလုပ်နေသူတွေက ဘယ်သူတွေပါလဲရှင့်။

ဖြေ ။ ။ ပြည်မကြီး တရုတ်တွေနဲ့ တရုတ်သူဌေးတွေလည်း အများကြီး။ ကျနော်တို့ သူဌေးကလည်း ပြည်မကြီး တရုတ်ပါ။ လုံး၀ ဗမာစကားလည်း မတတ်ဘူး၊ အင်္ဂလိပ်စကားလည်း မတတ်ဘူး။ တရုတ်စကားပဲ​တတ်တယ်။ အင်တာဗျူးခေါ်တော့ သွားတယ်။ အင်တာဗျူး ဖြေတဲ့အခါကြတော့ စစချင်း အလုပ်ဆင်းမယ်ဆိုတာနဲ့ စာချုပ်ချုပ်ရတယ်။ အင်တာဗျူးအောင်တာနဲ့ စာချုပ်ချုပ်ရတယ်။ စရောက်တုန်းက လာခေါ်သူကတော့ လူမျိုးခြား တရုတ်လူမျိုး၊ ဒါပေမဲ့ ဗမာစကားလည်းတတ်တယ်။ သူမှာတော့ လက်နက်ပါတယ်။ သေနတ်ပစ္စတို ကိုင်ထားတယ်။

မေး ။ ။ ရွှေကုက္ကိုလ်အတွင်းမှာ အင်တာဗျူးလုပ်တယ်။ ကိုယ်လိုပဲ လူတွေ ဘယ်လောက်လောက် ရှိလဲ။

ဖြေ ။ ။ တော်တော်များများပဲ။ ကြည့်လိုက်ရင် လူငယ်တွေ အကုန်လုံးက ဒီရာလုပ်တဲ့ လူတွေပါ။

မေး ။ ။ မြန်မာလူငယ်အများစုပေါ့။ သူတို့က ခွဲထားတာပေါ့။ လူတွေကို တခါတည်း အလုပ်ခန့်တဲ့နေရာမှာ။

ဖြေ ။ ။ အလုပ်ခန့်တဲ့နေရာမှာ နှစ်မျိုး ဖြစ်သွားတယ်။ လူ ခေါ်ရတဲ့လူရယ်၊ ငွေလိမ်တဲ့ လူရယ်ပေါ့။

မေး ။ ။ အတွေ့အကြုံ ပြောပြပါအုံး။ ဘယ်လို အလုပ်စလုပ်ရလဲ။

ဖြေ ။ ။ စစချင်းနေ့တွေမှာတော့ စတွေဖတ်ခိုင်းတယ်။ ကျန​ော် သွားလုပ်တာက ဘရာဇီးနိုင်ငံဆိုတော့ ညနေ ၅ ခွဲကနေ မနက် ၅ ခွဲအထိ ဆင်းရတယ်။ ကံကောင်းတယ်လို့ ပြောလို့ရတယ်။ နေရာတဲ့နေရာကလည်း အဆင်ပြေတယ်။ ဒါပေမဲ့ တချို့သူငယ်ချင်းတွေတော့ အခန်းကျဉ်းကျဉ်းလေးတွေနဲ့ နေရာတာ အဆင်မပြေတာလည်း ရှိတယ်။ ထမင်းကတော့ သုံးနှပ်ကျွေးပါတယ်။ ဒါပေမဲ့ လစာကတော့ Twist လုပ်ထားတယ်။ စစချင်းလမှာ လစာမပေးဘူး။ ဒုတိယလမှ လစာစပေးတယ်။ တကယ်တမ်း သူတို့လစာရတယ်ဆိုပေမဲ့ တကယ်တော့ အဲဒီလောက် မရကြဘူး။ စစချင်းတော့ တစ်သောင်းခွဲနဲ့ ကော်မရှင်နဲ့ အများကြီးရမယ်ဆိုပြီး တကယ်တမ်းကတော့ တစ်သောင်းခွဲပဲ ရတယ်။ အဲဒီတစ်သောင်းခွဲကလည်း စစချင်းလမှာ မရဘူး။ ဒုတိယလစာမှ စရတာဆိုတော့ စစချင်း ၂ လမှာ ခုနှစ်ထောင်ငါးရာပဲ ရတယ်ဆိုတဲ့သဘောပေါ့။

မေး ။ ။ ဆိုတော့ အဲဒီဝန်းကြီးထဲ ရောက်သွားလို့ရှိရင် ကိုယ်က ဘယ်မှသွားလာလို့ မရဘူးလား။ တနေရာနဲ့ တနေရာ သွားလာလို့ရလား။

ဖြေ ။ ။ ရွှေကုက္ကိုလ်မြို့အတွင်း သွားလာလို့ ရတယ်။ ဒါပေမဲ့ ကန့်သတ်ထားတဲ့ နေရာတွေ သွားလို့မရဘူး။

မေး ။ ။ ကိုမောင်မောင်က ဘရာဇီးနိုင်ငံအတွက် အလုပ်လုပ်ရတယ်ဆိုတော့ သူတို့က ဘယ်လိုလိမ်ခိုင်းတာလဲ။

ဖြေ ။ ။ သူတို့ အလုပ်ခေါ်စာတွေ သူတိုကြေငြာတယ်။ ဘရာဇီးက ပလက်ဖောင်တွေ - အမေဇုန်က အလုပ်ခေါ်တာ၊ ရှိန်းက အလုပ်ခေါ်စာတွေကို Order တင်ပေးရတယ်။ Virtual purchase လုပ်ပေးရတယ်။ ဖုန်းထဲကနေ ငါတို့ ကုမ္ပဏီရဲ့ ရောင်းအားတိုးလာအောင် မင်းလုပ်ပေးရမယ်။ အဲဒါဆိုရင် မင်းတို့ ပိုက်ဆံရမယ်ဆိုပြီး ဘရာဇီးနိုင်ငံက လူတွေကို အလုပ်ခိုင်းတယ်။ ပြီးနောက် စစချင်းတော့ ပိုက်ဆံတွေ ထုတ်ပေးတယ်။ အဲဒီတော့ သူတို့တွေက တကယ်အလုပ်ရတယ် ထင်ပြီးတော့ပျော်ပြီး လုပ်ကြတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ပိုက်ဆံတွေ ထည့်တာများများလာတဲ့အခါ ပိုက်ဆံထုတ်မရနိုင်တဲ့ အနေအထားအထိ ဖြစ်သွားတယ်။

မေး ။ ။ နမူနာတခု ပြောပြပါအုံး။ သူတို့က Website ကို ပေးလိုက်တဲ့အခါမှာ အကောင့်တွေ ဘ​ာတွေက ဘယ်လိုပုံစံမျိုးနဲ့ လုပ်လဲ။

ဖြေ ။ ။ စစချင်း လူခေါ်တဲ့လူက အလုပ်ရှိတယ် ဘာညာဆိုပြီး WhatsApp ကနေ အလုပ်ခေါ်ကြတယ်။ အဲဒီကနေ Telegram ကို ခေါ်တယ်။ Telegram ရောက်တဲ့အခါကြတော့ သူတို့က မင်းအကောင့်ဖွင့်ရင် ပိုက်ဆံ ဘယ်လောက်ရမယ်ဆိုပြီးတော့ ပိုက်ဆံထည့် ဖွင့်ခိုင်းတယ်။ ရလာတဲ့အက​ောင့်ကို စလုပ်ဖို့အတွက် ပိုက်ဆံ ဘယ်လောက်ထည့်ဆိုပြီး ပိုက်ဆံထည့်ခိုင်းတယ်။ ဥပမာ - ရိုရယ် (Real) ၂၀ ထည့်လိုက်တာနဲ့ ၂၈ ရိုရယ် ဖြစ်သွားတယ်။ အဲဒီမှာ အလုပ်တခု လုပ်ခိုင်းလိုက်တယ်။ သူက အလုပ်လုပ်တဲ့အခါ ပိုက်ဆံ ၅၀ - ၆၄ လောက် ရတယ်။ အဲဒီပိုက်ဆံကို ထုတ်ပေးလိုက်တယ်။ အဆင်ပြေတဲ့လူဆိုရင် နောက်ထပ်တခါ ၅၀ ထည့်ခိုင်းတယ်။ ပြီးတော့ ထပ်ထုတ်ပေးတယ်။ နောက်ဆုံး တတိယတကြိမ်လည်းရောက်ကော အဲဒီအချိန်ကစပြီး တောက်လျှောက် ပိုက်ဆံတွေပဲ ထည့်ရတော့တယ်။

မေး ။ ။ တခါတခါ နောက်ဆုံး ဥပမာ - ကိုမောင်မောင် အတွေ့အကြုံအရဆိုရင် ဘယ်လောက်ထိ လိမ်နိုင်လဲ။ ငွေကြေးတွေ ဘယ်လောက်ထိပါလဲ။

ဖြေ ။ ။ တယောက်တည်းကနေ ရီရယ် တစ်သိန်းလောက်ထိ ရဖူးတယ်။

မေး ။ ။ တစ်သိန်းဆိတော့ ဒေါ်လာနဲ့ဆို ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ ရီရယ်က နည်းမယ်ဆိုတော့ ဒေါ်လာနဲ့ဆို ရှစ်သောင်းလောက် ရှိမယ်။

မေး ။ ။ ဒေါ်လာရှစ်သောင်လောက် ရဖူးတယ်ဆိုတော့ ရတဲ့အခါမှာ တရုတ်သူဌေးတွေက ဘာပြောလဲ။

ဖြေ ။ ။ ရတဲ့အခါ ဆုကြေးပေးတာတော့ ရှိတယ်။ ရီရယ်တစ်သောင်းကို ဘတ်တစ်ထောင်လား မသိဘူး ပေးတာတော့ ရှိတယ်။ အဲဒါကလည်း တနေ့ထဲရမှ။ ကန့်သတ်ချက်တွေ ရှိတယ်။ ပြီးတော့ သူတို့တွေက ဘဏ်အကောင့်တွေ ရှိရတယ်။ ဘယ်လိုလိမ်လဲဆိုတော့ အဲဒီဘဏ်အကောင့်ကနေ ဘရာဇီးက လူတွေဆီက အကောင့်တွေဝယ်။ အဲဒီလူတွေကို တနေ့ကို ဘယ်လောကပေးတယ်ဆိုပြီးတော့ အဲဒီအကောင့်တွေနဲ့ ​ငွေကြေးတွေနဲ့ အဲဒီလို လုပ်ကြတာ။

​မေး ။ ။ အဲဒီအခါမှာ ကိုယ့်လို လုပ်နေတဲ့ဝန်ထမ်းတွေ အဲဒီလူတွေကရော ဘယ်လိုမျိုးထိုင်ပြီတော့ လုပ်ကြသလဲ။ ဥပမာ အဆောက်အအုံတခုမှာ လူဘယ်နှစ်ယောက် ရှိသလဲ။

ဖြေ ။ ။ ကျနော်တို့ တိုက်ခန်းအလွှာမှာတော့ ကုမ္ပဏီလေးငါးခု ရှိတယ်။ ကျနော်ကတော့ ဒီလောက်အခန်းထဲမှာ လူ ၅၀-၆၀ လောက် ရှိတယ်။

​မေး ။ ။ အဲဒီမှာ ဒီအထဲကို ဝင်သွားတဲ့လူတွေက ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကျွန်ပြုခံရတယ်ဆိုပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်တွေက အစီရင်ခံစာ ထုတ်ပြန်တာတွေလည်း ရှိတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေ အာဖရိကဆိုတဲ့ နိုင်ငံတွေလည်းပါတယ်။ ဗိယက်နမ်၊ မလေးရှား၊ အိန္ဒိယတို့လည်း အဲဒီမှာလာပြီးတော့ အလုပ်လုပ်ကြတယ်။ ဆိုတော့ အဲဒီအခြေအနေကော ဘယ်လိုတွေ့ရလဲ။

ဖြေ ။ ။ ကျနော် ​ရောက်တုန်းကဆိုရင် ဗိယက်နမ် ၄ ယောက်လောက် ရှိတယ်။ ဗိယက်နမ်ကောင်မလေး ချောချောလှလှလေးတွေ။ သူတို့တွေကတော့ သူတို့နိုင်ငံမှာ အဆင်မပြေလို့ ဒီဘက်မှာ အလုပ်ခေါ်လို့ လာကြတယ်လို့ တရားမဝင်နည်းလမ်းနဲ့ လာကြတာ။ သူတို့ ထိုင်းအထိလာပြီးတော့ ထိုင်းကနေတဆင့် ဒီဘက်ကို တရားမဝင်လာကြတယ်။ အဲဒီလိုလာပြီးတော့ အလုပ်လုပ်နေကြသူတွေလည်း ရှိတယ်။ ပြီးတော့ ပြည်တန်ဆာ အလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေလည်း ရှိတယ်။ ကျနော်​တွေ့ရသလောက်တော့ မြန်မာအလုပ်သမားတွေ မြန်မာလူမျိုးတွေတင်မဟုတ်ဘူး အာဖရိကဘက်ကလူတွေလည်း ပါတယ်။ ပြီးတော့ ဒီဘက်က များသောအားဖြင့် ဗိယက်နမ်တွေ များတယ်။

​မေး ။ ။ ဗိယက်နမ်တွေ များတယ်။ အိန္ဒိယတွကော ရှိတယ်လို့ ကြားတယ်။

ဖြေ ။ ။ အိန္ဒိယကတော့ နိုင်ငံအလိုက်နေတာ။ သူတို့က အိန္ဒိယနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အီတလီ၊ ပြင်သစ်ဆိုပြီး ခွဲထားတယ်။ ကျနော်တို့အဖွဲ့က ဘရာဇီးနိုင်ငံ ကိုင်တယ်ဆိုရင် တရုတ်စာ ကျွမ်းကျင်သူဆိုရင် တရုတ်ဆိုပြီး ခွဲထားတယ်။

​မေး ။ ။ အဲဒီတော့ တလောကပဲ ပြီးခဲ့တဲ့ သတင်းပါတ်တွေအတွင်းကပဲ USIP လို့ခေါ်တဲ့ မေရိကအခြေစိုက် ငြိမ်းချမ်းရေးအဖွဲ့ကပဲ ရွှေကုက္ကိုလ်နဲ့ ပတ်သက်ပြီး အထူးသဖြင့် အရှေ့တောင်အာရှဒေသအတွင်း အွန်လိုင်းလိမ်လည်မှု​တွေမှာ ကရင်ပြည်နယ်က ရွှေကုက္ကိုလ်နဲ့ အခြားစီမံကိန်တွေထဲမှာ ရှိနေတဲ့ တရုတ် ရာဇဝတ်ဂိုဏ်းတွေကိုပြောတယ်။ အဲဒီ အစီရင်ခံစာ ထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေပေါ် ဘယ်လိုမြင်လဲ။ သူတို့ ထောက်ပြထားတဲ့အချက်တွေ။ ပြောတဲ့အချက်တွေ။ အထူးသဖြင့် သူတို့ပြောတဲ့အချက်တွေထဲမှာ အမေရိကန်အပါအဝင် နိုင်ငံတကာကို သူတို့ Target ထားပြီးတော့ အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေက အရမ်းကို အန္တရာယ်ကြီးနေတယ်။ ဒါက တကမ္ဘာလုံးအနေနဲ့ နှိမ်နင်းဖို့ဆိုတဲ့ကိစ္စ။

ဖြေ ။ ။ အန္တရာယ်ကြီးတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေကုက္ကိုလ်ထဲမှာ ကုမ္ပဏီတွေက ရာချီပြီးရှိတယ်။ ကုမ္ပဏီတခုက တနေ့ကို ဒေါ်လာတစ်သောင်းလောက်နဲ့ဆိုတော့ အကုန်လုံးက ငွေဖြူတွေ မဟုတ်ဘူး ငွေမည်းတွေ။ ရွှေကုက္ကိုလ်ရဲ့ တနေ့တနေ့ ဝင်ငွေက ဒေါ်လာ ဘီလီယံနဲ့ ချီနေတယ်။ ဆိုတော့ နိုင်ငံတကာနဲ့ နိုင်ငံတကာကရတဲ့ငွေတွေက ငွေမည်းအဖြစ်နဲ့ ဒီဘက်ဝင်လာကြတာ။

​မေး ။ ။ မကြာသေးခင် ရက်ပိုင်းက ထုတ်ပြန်ချက်အရဆိုရင် အခု အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေမှာ လက်ခံထားတဲ့ BGF မှာလည်း တာဝန်ရှိတယ်။ စောချစ်သူ ဦးဆောင်တဲ့ BGF ခေါ် KNA မှာလည်း တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ၊ ထုတ်ဖော်ပြောဆိုချက်တွေပေါ် ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ တကယ်ကတော့ သူတို့ ကာကွယ်ပေးထားတာ။ ဒီတရုတ်တွေ ဒီဘက်ရောက်လာဖို့ဆိုတာ သူတို့ကာကွယ်ပေးမှ ရမှာ။ ပြီးတော့ ဘာအထောက်အထားမှ မရှိတဲ့လူတွေ။ ထိုင်းနိုင်ငံလည်း အပါအဝင်။ သူဌေးတယောက်ဆိုရင် ထောင်ကျသွားတာ၊ ဘတ်သုံးသန်းနဲ့ ပြန်ရွေပေးရတယ်။ ပြန်လွတ်လာပြီးတော့ ရွှေကုက္ကိုလ် ပြန်ရောက်လာခဲ့တယ်။ သူတို့ ကာကွယ်ပေးထားလို့ ဒီအလုပ်တွေကို လုပ်နိုင်တာပေါ့။ အဓိကတာဝန် ရှိတာတော့ BGF မှာ တာဝန် ရှိတယ်။

​မေး ။ ။ အဲဒီတော့ နောက်ဆုံးထွက်လာတဲ့ အခြေအနေက ဘာကြောင့်ထွက်လာခဲ့ရတာလဲရှင့်။

ဖြေ ။ ။ နောက်ပိုင်းကြတော့လည်း ရေရှည်ကြီး သူများမျက်ရည်နဲ့ အလုပ်လုပ်နေရတာကြီးက အဆင်မပြေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လိပ်ပြာမလုံဘူး။ နေ့တဓု၀ စကားပြောနေရတာကြီးက အမြဲတမ်း အနိဌာရုံတွေ သူတပါး ဘ၀ပျက်နေတာကို မြင်နေရတယ်။ အဲဒီ ဘ၀ပျက်နေတာ မြင်နေရတာကိုပဲ ပိုက်ဆံတွေ ထပ်ယူနေရတာ နည်းနည်းကြာလာတော့ စိတ်ထဲမှာ အဆင်မပြေ ဖြစ်လာတယ်။

​မေး ။ ။ ထွက်လာတော့ လွယ်လွယ်ကူကူ ထွက်လာလို့ ရလား။

ဖြေ ။ ။ မရဘူး။ တော်တော်ကြီး အိမ်က အဆင်မပြေလို့ပါ။ အိမ်က နေမကောင်းဖြစ်လို့ ဘာဖြစ်လို့ အကြောင်းပြချက်မျိုးစုံနဲ့။ သူတို့က ပေးမထွက်ဘူး။တော်တော်များများ ပေးမထွက်ကြဘူး။

​မေး ။ ။ အဲဒီတော့ ကိုယ့်လိုမျိုး လူငယ်တွေ အဲဒီ ရွှေကုက္ကိုလ်မှာ ရွေးချယ်စရာ မရှိလို့ ဝင်ငွေအတွက်ဆိုပြီး ရွှေကုက္ကိုလ် သွားပြီးလုပ်ကိုင်ဖို့ ရှိနေတဲ့ လူငယ်တွေနဲ့ အဲဒီမှာရှိနေတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ကိုမောငမောင်အနေနဲ့ ဘယ်လိုအကြံပေးချင်ပါလဲရှင့်။

ဖြေ ။ ။ အကြံပေးချင်တာတော့ ကျနော်ကတော့ ကံကောင်းတယ်လို့ ပြောရမှာပေါ့။ ကျနော်လည်း အင်္ဂလိပ်စာ နည်းနည်းတတ်တော့ သူဌေးက အားကိုးချင်တဲ့ထဲမှာပါတော့ နည်းနည်းအဆင်ပြေခဲ့တယ်လို့ ထင်တယ်။ တကယ်တမ်းကြတော့ တချို့ရုံတွေဆိုရင် နှိပ်စက်တာတွေ၊ လုံး၀ပေးမထွက်တာတွေ၊ အဲဒီခြံဝန်းထဲကနေ အပြင်ထွက်ဖို့ သူဌေးလူယုံပါမှ ထွက်ရတယ်။ အဲဒီခြံဝန်းထဲမှာပဲ​ နေတိုင်းနေရတယ်။ အနားမှာ ဘယ်လိုပဲ စစ်ဖြစ်ဖြစ် လုံး၀ပြေးလို့မရဘူး။ အဲဒီထဲမှာပဲနေရတယ်။

Forum

XS
SM
MD
LG