ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ရွှေကုက္ကိုဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေ ထဲက တရုတ်နိုင်ငံသားတွေကို အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေပါပြီ။ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပထမအသုတ်အဖြစ် တရုတ်အယောက် ၂၀၀ ကို စတင် ပို့ဆောင်တာ ဖြစ်ပါတယ်။ ထိုင်းဘက်က အစစ်အဆေးမရှိ ပြန်ပို့နေတဲ့အပေါ် လူကုန်ကူးမှုကာကွယ်တားဆီးရေး ဆောင်ရွက်သူတွေက ဝေဖန်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
မြန်မာနိုင်ငံဘက်မှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေကြတဲ့ တရုတ် နိုင်ငံသားတွေထဲက ပထမအသုတ်ဖြစ်တဲ့ အယောက် ၂၀၀ ကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၀ ရက် မနက် ပိုင်းကစပြီး တရုတ်နိုင်ငံကို ထိုင်းနိုင်ငံကတဆင့် ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ ကရင်ပြည်နယ် မြ၀တီဘက်နေ ထိုင်း မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား (၂) ကနေ မြန်မာဘက်က ပို့လိုက်တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ နိုင်ငံတကာလေဆိပ်ကနေ တရုတ်လေယာဉ်တွေနဲ့ တရုတ်ကို ပြန်ပို့နေတာဖြစ်ပါတယ်။
ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေမှာ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်လုပ်ငန်းတွေလုပ်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၂၀၀ ကို ထိုင်းနိုင်ငံကတဆင့် ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ထိုင်းနိုင်ငံကတဆင့် သက်ဆိုင်ရာနိုင်ငံကို လွှဲပေးခဲ့တယ်လို့ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ပါတယ်။ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဒုစရိုက်လုပ်ငန်းတွေလုပ်နေသူတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ပေါင်းပြီး စုံစမ်း ဖော်ထုတ် တိုက်ဖျက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို ပြန်ပို့နေသူတွေကို အသေအချာမစစ်ဆေးဘဲ သိမ်းကျုံး ပြန်ပို့နေတဲ့အတွက် ဒီသူတွေထဲမှာ ရာဇတ်မှုကျူးလွန်ထားသူတွေလား၊ လူကုန်ကူးမှု ကျူးလွန်သူတွေလားဆိုတာ မသိနိုင်ဘူးလို့ လူကုန် ကူးမှု တိုက်ဖျက်နေသူတွေက ဝေဖန်နေကြပါတယ်။ ပြန်ပို့ရေးပိုင်းမှာ ထိုင်းဘက်က ပွင့်လင်းမြင်သာစွာ စစ်ဆေးခွင့်မရတဲ့အတွက် သံသယဖြစ်စရာရှိသလို ပိုပြီးတော့ စိစစ်သင့်တယ်လို့ ထိုင်းနိုင်ငံ အထူး စုံစမ်းရေးအဖွဲ့ DSI နဲ့အတူ လူကုန်ကူးခံရသူတွေကို ကူညီကယ်ဆယ်ပေးတဲ့လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ကိုမောင်ထွန်းက VOA ကိုပြောပါတယ်။
“ကျနော်တို့ကြားသိရတာကတော့လူ ၂၀၀ ကျော်ပေါ့၊ ကိုယ်တိုင်မစစ်ဆေးရတဲ့အတွက်လည်း အတိ အကျတော့ ပြောဖို့ခက်ပါတယ်။ ထိုင်းအစိုးရနဲ့တရုတ်အစိုးရပူးပေါင်းပြီးလုပ်တယ်။ ပြီးတော့ တရုတ် အစိုးရလည်း မြန်မာပြည်ကိုသွားတယ်။ အစည်းဝေးတွေလုပ်တယ်။ သုံးပွင့်ဆိုင်အစည်းဝေးလုပ်တယ်။ အခုလူတွေက အဓိကကျားဖြန့်လုပ်နေသူတွေလား၊ သားကောင်တွေလားဆိုတာက သဲသဲကွဲကွဲ မသိရတဲ့အပြင် သံသယဖြစ်စေတဲ့ အပြုအမူဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။”
မြန်မာဘက်ကပြန်ခေါ်လာတဲ့ တရုတ်နိုင်ငံသားတွေကို မဲဆောက်လေယာဉ်ကွင်းမှာ အသင့်စောင့်နေ တဲ့ တရုတ်လုံခြုံရေးတွေနဲ့အတူ တရုတ်လေယာဉ်တွေပေါ်ကို တခါတည်းတင်ပြီး ခေါ်သွားကြတာပါ။ ကြာသပတေးနေ့ကနေ စနေနေ့အထိ တရုတ်နိုင်ငံသား ၆၀၀ ကို ထိုင်းကတဆင့် ပြန်ပို့ဖို့ အစီအစဉ် ရှိပါတယ်။ နိုင်ငံပေါင်း ၃၀ ထက်မနည်းက နိုင်ငံခြားသား သောင်းနဲ့ချီ လူကုန်ကူးခံရမှုတွေရှိနေတဲ့ မြ၀တီမြို့က ကျားဖြန့်လိမ်လည်ဂိုဏ်းတွေရဲ့ ပြဿနာဟာ တကမ္ဘာလုံးအတွက် စိုးရိမ်စရာ ပြဿနာ အဖြစ် ရှိနေပါတယ်။ ဒီလိုငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတယ်ဆိုရာမှာလည်း အဲဒီနေရာက ကာစီနိုရုံတွေ လောင်းကစားရုံတွေကလူတွေကို ဖမ်းပြီးပြန်ပို့တဲ့လုပ်ငန်းစဉ်သာရှိပြီး လူမဆန်တဲ့နှိပ်စက် ညှဥ်းပမ်းမှု တွေ၊ သတ်ဖြတ်မှုတွေအထိ ကျူးလွန်နေတာတွေကိုတော့ တိတိကျကျ သတင်းမထုတ်ပြန်တဲ့အတွက် ကျူးလွန်သူတွေ ရှောင်တိမ်းချိန်ရအောင် အခွင့်ရေးပေးသလိုဖြစ်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။ အခုလို တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရတောင်းဆိုတဲ့အတိုင်း တရုတ်လေယာဉ်တွေနဲ့ပြန်ပို့ပေးနေတဲ့ကိစ္စကိုလည်း ထိုင်းအတိုက်အခံတွေ၊ သတင်းသမားတွေက မေးခွန်းထုတ်နေသလို သေချာစိစစ်မှုမရှိတဲ့အတွက် ထိုင်းမြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်ဂိုဏ်း ဟာ ထပ်ပြီးအမြစ်တွယ်နေမှာ စိုးရိမ်စရာဖြစ်တယ်လို့လည်း ပြောနေကြပါတယ်။
“မထုတ်ပြန်တဲ့အတွက် ထိုင်းအတိုက်အခံပါတီကလည်းမေးခွန်းမေးစရာဖြစ်လာတယ်။ အခု လူကုန် ကူးခံရသူတွေဖြစ်ဖြစ်၊ ကျူးလွန်သူပဲဖြစ်ဖြစ် သူတို့ကို biometric ယူပြီးတော့မှ ဒီဟာကို တရုတ် အစိုးရကို အပ်ဖို့ဆိုပြီး အဲဒီလုပ်ငန်းစဉ်နဲ့သွားနေတာ။ အခုက အကုန်လုံးက အံ့အားသင့်စရာဖြစ်တယ်။ ပြည်သူတွေကလည်း လက်ရှိ Call Center ကျားဖြန့်တို့ လိမ်လည်မှုခံရသူတွေလည်း အများကြီး ရှိတယ်။ ပြီးတော့ ဒီလူတွေဟာ ပတ်စပို့အတုတွေနဲ့ တခြားနိုင်ငံတွေကတဆင့်ပြန်မလာဘူးလို့လည်း ဘယ်သူမှအာမ,မခံနိုင်ဘူး။ အဲဒီအပေါ်မှာ စိစစ်ဖို့လိုအပ်တယ်ဆိုတာ မှတ်ချက်ပေးချင်ပါတယ်။”
မြန်မာနိုင်ငံဘက်မှာအခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်အစိုးရတို့ ဒီနှစ်ဆန်းပိုင်းကစပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ထိုင်း၊ တရုတ်နဲ့ နိုင်ငံတကာက ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ် DKBA တို့ ထိန်းချုပ်နေရာတွေက လူပေါင်း ထောင်နဲ့ချီကို လွှဲပြောင်းနိုင်ဖို့ မြန်မာဘက်က စစ်ကောင်စီနဲ့ ကရင် BGF တို့ကလည်း လုပ်ဆောင်လာကြပါတယ်။
ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဖိအားပေးတဲ့အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး မြန်မာနိုင်ငံက မြ၀တီ၊ တာချီလိတ်၊ ဘုရားသုံးဆူနယ်စပ် ဒေသ ၅ နေရာမှာ လျှပ်စစ်၊ လောင်စာဆီနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ထိုင်းဘက်က ဖြတ်တောက်ခဲ့ပါတယ်။ မီးပြန်ပေးဖို့ မြန်မာဘက်က တောင်းဆိုထား ပေမယ့်လည်း ဆက်လက် ပိတ်ဆို့ထားဖို့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံက တိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံသားအများစုပါဝင်တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံက လူပေါင်း ၁,၂၁၉ ဦးကို ထိုင်းနိုင်ငံဆီ လွှဲပြောင်းပေးဖို့ သဘောတူခဲ့ပြီးတဲ့နောက် အခုလိုတောင်းဆိုချက် ထွက်ပေါ်လာတာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်ရှင်။
Forum