သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်း လုပ်ငန်းက ထိုင်းတွေ အစိုးရပြန်လက်ခံ


မှတ်တမ်း ဓာတ်ပုံ - မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ပို့မယ့် တရားဝင်ပတ်စ်ပို့ကိုင်ထားတဲ့ တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိကယ်ဆယ်စဥ်။ (နိုဝင်ဘာ ၁၂၊ ၂၀၂၄/ ဓာတ်ပုံ - Thai Immigration)
မှတ်တမ်း ဓာတ်ပုံ - မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ပို့မယ့် တရားဝင်ပတ်စ်ပို့ကိုင်ထားတဲ့ တရုတ်နိုင်ငံသား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိကယ်ဆယ်စဥ်။ (နိုဝင်ဘာ ၁၂၊ ၂၀၂၄/ ဓာတ်ပုံ - Thai Immigration)

မြန်မာနိုင်ငံထဲက အွန်လိုင်း လောင်းကစားနဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ထိုင်းနိုင်ငံသား ၁၅၁ ဦး ကို ဇန်နဝါရီလ ၄ ရက် (စနေနေ့)က ချင်းရိုင်၊ မဲဆိုင် နယ်စပ်ကတဆင့် ပြန်လည် လက်ခံခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။


အဲဒီထဲမှာ အမျိုးသား ၇၄ ဦး၊ အမျိုးသမီး ၇၇ ဦး ပါဝင်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကွန်ရက်တွေ တိုက်ဖျက်ရေး အတွက် ထိုင်းရဲတပ်ဖွဲ့က မြန်မာ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အခု လွှဲပြောင်းလက်ခံခဲ့သူတွေကို ရာဇဝတ်မှု လုပ်ငန်းတွေမှာ ဆန္ဒအလျောက် ပါဝင်သူတွေနဲ့ အဓမ္မ လူကုန်ကူးခံရသူတွေ ခွဲခြားနိုင်ဖို့ ဆက်လက်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ထိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် သက်ချိုင်းက ပြောပါတယ်။ “ရာဇဝတ်မှု လုပ်ငန်း ကွန်ရက်တွေမှာ ပါ၀င်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသေးစိတ်မှတ်တမ်းတွေ ရယူထားတယ်” လို့ ဆိုပါတယ်။ “တချို့ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ အပြစ်လွတ်အောင် လူကုန်ကူးခံရတဲ့ သားကောင်တွေ အဖြစ် အယောင်ဆောင်လေ့ရှိကြတယ်” လို့လည်း သူက ပြောပါတယ်။ ဆိုက်ဘာ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ဌာနတွေက စုံစမ်းစစ်ဆေးမှုတွေ အသေးစိတ် လုပ်ဆောင်နေပြီး ရာဇဝတ်လုပ်ငန်းမှာ ပတ်သက်ဆက်နွယ်နေတဲ့သူ အားလုံးကို တရားဥပဒေအရ အရေးယူမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသဟာ တယ်လီကွန်းနဲ့ အခြားအွန်လိုင်း လိမ်လည်မှု ရာဇဝတ်လုပ်ငန်းတွေ အခြေဆိုက်ရာ နေရာဖြစ်လာနေပြီး ရာဇ၀တ်ဂိုဏ်းတွေက လူသန်းနဲ့ချီကို လူကုန်ကူးကာ လိမ်လည်ရေး လုပ်ငန်းတွေနဲ့ တခြားတရားမဝင် လုပ်ငန်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေလေ့ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာမှု အရ တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ သူနဲ့ ထိစပ်နေတဲ့ မြန်မာ နယ်စပ်တလျှောက်က အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီနဲ့ ချေမှုန်းပြီးနောက်ပိုင်းမှာ လိမ်လည်တဲ့ လုပ်ငန်းတွေ ဟာ ထိုင်း-မြန်မာ နယ်စပ်ကို ရွှေ့ပြောင်း အခြေချလာကြခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ် မတ်လတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ပိတ်မိနေတဲ့ ဆိုက်ဘာ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသား ၉၀၀ လောက်ကို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးရာမှာလည်း ကူညီဆောင်ရွက်ပေးခဲ့ဖူးပါတယ်။

အခု ဇန်နဝါရီလ ၄ ရက် ထိုင်းနိုင်ငံသားတွေကို ပြန်လည် လွှဲပြောင်းပေးမှုဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ အာဏာသိမ်း စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံက အကျဉ်းထောင် အသီးအသီးမှာ အကျဥ်းချခံနေရတဲ့ အကျဥ်းသား ၅,၈၆၄ ဦး နဲ့ နိုင်ငံခြား အကျဥ်းသား ၁၈၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ဖော်ပြထားပြီး အဲဒီထဲမှာလည်း ထိုင်းနိုင်ငံက အကျဉ်းချခံထားရသူတွေပါဝင်ပြီး သူတို့ အများစုက ရှမ်းပြည်နယ် အရှေ့ပိုင်းအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေလို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG